Wednesday, February 1, 2012

ပြည်ပနိုင်ငံများသို့ ပြန်လည်ပေးဆပ်ရမည့် မြန်မာနိုင်ငံ၏ စုစုပေါင်းချေးငွေပမာဏ။

မြန်မာနိုင်ငံ၏ ပြည်ပနိုင်ငံများသို့ ပြန်လည်ပေးဆပ်ရမည့် စုစုပေါင်း ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၂၃. ၂၉၈ ရှိပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အများဆုံးချေးယူခဲ့သည့် နိုင်ငံမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်ပြီး အမေ ရိကန်ဒေါ်လာ သန်းပေါင်း ၂၁၃၁.၇၄၄ကို ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။


ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက'' နိုင်ငံတော်မှရယူခဲ့တဲ့ ပြည်ပချေးငွေများကို ကြည့်မယ်ဆိုရင် ၁၉၈၈ခုနှစ် မတိုင်မီ ချေးငွေများနဲ့ ၁၉၈၈ခုနှစ် နောက်ပိုင်းချေးငွေများအဖြစ် နှစ်ပိုင်းခွဲပြီး တင်ပြပါမယ်။၁၉၈၈ ခုနှစ်မတိုင်မီ ရယူခဲ့တဲ့ ပြည်ပချေးငွေအများစုကတော့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေများနဲ့ နှစ်နိုင်ငံအစိုးရများအကြား ချေးငွေများဖြစ်ပြီး ပေးဆပ်ရန်ကျန်ငွေကတော့ အမေရိကန်ဒေါ်လာ ၈၄၀၈.၃၄၈သန်း ဖြစ်ပါတယ်။ ချေးငွေများ ပေးဆပ်ရန် ကျန်ရှိနေခြင်းမှာ အဆိုပါနိုင်ငံနှင့် အဖွဲ့အစည်းများမှ မြန်မာနိုင်ငံသို့ ချေးငွေနှင့်အကူအညီပေးမှုများရပ် ဆိုင်းခဲ့ခြင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည်ဖွံဖြိုးရေး လုပ်ငန်း များကို ဆောင်ရွက်နေရခြင်းကြောင့် ဖြစ်ပါတယ်။ ယခု အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး နိုင်ငံတကာဆက်ဆံရေးများ တိုးချဲ့ဆောင်ရွက်လျက်ရှိသဖြင့် မြီရှင်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ကြွေးမြီပြသနာများဖြေရှင်း ရေးကို ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ယခုဆိုလျှင် ဂျပန်နိုင်ငံ အီတလီနိုင်ငံတို့နှင့် ကြွေးမြီကိစ္စကို စတင် ညှိနှိုင်းနေပြီဖြစ်ပါတယ်၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ရယူခဲ့ သော ချေးငွေအများစုမှာ နှစ်နိုင်ငံအစိုးရအကြား နိုင်ငံတော်စီမံကိန်းများအတွက် ချေးယူခဲ့တဲ့ ဘဏ်ချေးငွေများဖြစ်ပြီး ပေးဆပ်ရန် ကျန်ငွေကတော့ အမေရိကန် ဒေါ်လာ ၂၆၁၄.၉၅၀ သန်း ဖြစ်ပါတယ်။သို့ဖြစ်ပါ၍ ၁၉၈၈ခုနှစ် မတိုင်မီ ချေးငွေများနှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးငွေနှစ်ရပ်ပေါင်းအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၁၀၂၃.၂၉၈ ပေးဆပ်ရန် ရှိပါတယ်။ နိုင်ငံတော်၏ နိုင်ငံခြားရန်ပုံငွေ အခြေအနေမှာ ယနေ့အချိန်တွင် အမေရိကန်ဒေါ်လာ ၇၁၉၆.၄၅၄ သန်း ရှိပါကြောင်း တင်ပြအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
၁၉၈၈ခုနှစ်မတိုင်မီ ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ချေးယူခဲ့သည့် ချေးငွေများအတွက် ပေးဆပ်ရန် အများဆုံးကျန်ရှိသောနိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၃၈၈.၃၂၀ ဖြစ်ကြောင်း သိရှိရသည်။
၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ချေးယူခဲ့သည့် ချေးငွေများအတွက် ပေးဆပ်ရန် အများဆုံးကျန်ရှိသောနိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ပေါင်း ၂၁၃၁.၇၄၄ ဖြစ်ကြောင်း သိရသည်။

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် သမဂ္ဂအဆောက်အဦ ပြန်ဆောက်ပေးဖို့ တောင်းဆို။

ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် တော်လှန်ရေးအစိုးရ လက်ထက်တွင် ဗုံးခွဲဖျက်ဆီးခဲ့ သည့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပြန်လည်တည်ဆောက်ပေးရန် လက်ရှိအစိုးရအား မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က ယနေ့ တောင်းဆိုလိုက်သည်။

နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ကာလအတွင်း ပထမဆုံးပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (အထက်ဗမာပြည်) တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီမှ  သဘောထား ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများ အဖွဲ့ချုပ်(အထက်မြန်မာပြည် ) တရားဝင်ဖြစ်ထွန်း ပေါ်ပေါက်လာရေးကော်မတီ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၏ ဗဟိုစည်းရုံးရေး ကော်မတီတို့ ပူးတွဲ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်၌ အထက်ပါ တောင်းဆိုချက်အပြင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များတွင် သင်တန်းများ ပြန်ဖွင့်ခွင့်ပေးရန်နှင့် သမဂ္ဂ၏ ရှေ့လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်တို့ကိုပါ တောင်းဆိုခဲ့သည်။

ထို့ပြင် ဗကသ အဖွဲ့အနေဖြင့် အထက်မြန်မာပြည် အောက်မြန်မာပြည် ကွဲပြားနေမည်မဟုတ်ဘဲ ခေါင်းစဉ်တစ်ခုတည်းအောက်မှာသာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

 “မြန်မာပြည် အရပ်ရပ်က အခြေခံကျောင်းတွေမှာလည်း သမဂ္ဂတွေ ပေါ်ထွက်လာဖို့ ဆက်လက် လှုပ်ရှားသွားမယ်”ဟု မြန်မာနိုင်ငံလုံးဆိုင် ရာကျောင်းသားများ သမဂ္ဂ၏ ဗဟိုစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကိုကို ကပြောသည်။

ထို့အပြင် ၄င်းတို့အနေဖြင့် အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ငြိမ်းချမ်းရေးနှင့်  ကျောင်းသားလူ့အခွင့်အရေး စသည့်မူ၅ချက်ကို ဆုပ်ကိုင်ကာ ဆောင်ရွက်သွားမည်ဟု ဘဏ္ဍာရေးမှူး ဒေါ်ဟန်နီဦးက ပြောသည်။

မန္တလေးမြို့ ဓမ္မသဟာယကျောင်းတိုက်ဝင်းအတွင်း ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံပွဲသို့ တက္က သိုလ် အသီးသီးမှ ကျောင်းသားကျောင်းသူသစ် ၂၀၀ နီးပါးအပါအ၀င် ယခင်ဗကသတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသော ကျောင်းသားဟောင်းများ ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မဂများ အဖွဲ့ချုပ်(အထက်မြန်မာပြည် ) တရားဝင် ဖြစ်ထွန်း ပေါ်ပေါက်လာရေးကော်မတီတို့မှ ကျောင်းသားကျောင်းသူ တစ်ထောင်နီးပါး တက်ရောက်ခဲ့သည်။

 ဗိုလ်ချုပ်နေ၀င်းလက်ထက် ၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့တွင် တက္ကသိုလ်များအား စည်းကမ်းအသစ် များ ပြဌာန်းလိုက်ရာမှ ကျောင်းသားများ မကျေနပ် သဖြင့်ဆန္ဒပြခဲ့သည်။ထို့နောက် ယင်းနေ့ ညနေပိုင်းတွင် စစ်တပ်မှ ပစ်ခတ်နှိမ်နှင်းမှုများပြုလုပ်ခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် တက္ကသိုလ်  ကျောင်းသားများ သမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက်ဆီးခဲ့ ခြင်းဖြစ်သည်။