Sunday, April 1, 2012

(၂၀၁၂)ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအနိုင်အရှုံး နောက်ဆုံးရသတင်းများ။

2 April 2012 12:05 AM
လှည်းကူးမြို့နယ် မဲဆန္ဒနယ်နှင့် ပတ်သက်ပြီး ယနေ့ သန်းခေါင် အချိန်အထိ သိရှိရသော စာရင်းများအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၆၃၆၀၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၂၂၆၂ မဲ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ၁၁၄၇ မဲ ရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ မဲရလဒ်များနှင့် ပတ်သက်ပြီး အတည်ပြု လက်မှတ်ကို မြို့နယ်ကော်မရှင်ရုံး၌ ရေးထိုးခဲ့ပြီး ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာလာနေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက ပြောပါသည်။
2 April 2012 12:00 AM
ကလောမြို့နယ် မဲဆန္ဒနယ်နှင့် ပတ်သက်ပြီး ယနေ့ညသန်းခေါင်အချိန်အထိ သိရှိရသော စာရင်းများအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စုစုပေါင်း မဲအရေအတွက် ၄၀၇၈၁ ဖြင့် ဦးဆောင်လျက်ရှိနေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၄၆၉၂ မဲ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ၈၃၂၁ မဲ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၄၉၆ မဲ ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၁၂၁၂ မဲ ရရှိထားကြောင်းနှင့် ပယ်မဲ ၂၇၉၄ ဖြစ်ကြောင်း သိရသည်။ အဆိုပါ မဲဆန္ဒနယ်တွင် မဲရုံ ၁၃၁ ရုံ ရှိသည့်အနက် မဲရုံ ၁၁၅ ရုံကို ရေတွက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ရေတွက်ရန် ကျန်ရှိနေသော မဲရုံအရေအတွက်မှာ ၁၆ ရုံ ဖြစ်ကြောင်း သိရသည်။
1 April 2012 11:31 PM
''ည ၁၀ နာရီဝန်းကျင်တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးအေးကြိုင်ကို ရွေးကောက်ပွဲအခြေအနေ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ခေါ်ဆို၍မရခဲ့ပါ။ ဦးသိမ်းဆွေသည် ဖျာပုံမြို့ပေါ်တွင် ခလရ ၉၈ တပ်ရင်း အခြေစိုက်ရာ မဲရုံအမှတ် ၁၃ တစ်ခုတွင်သာ ရှုံးနိမ့်ခဲ့ပြီး ကျန် ၁၈ ရုံစလုံးတွင် အနိုင်ရခဲ့သည်ဟုသိရသည်။ ''ဖျာပုံမြို့နယ်တွင်း ရှိကျေးရွာများတွင် လည်း မဲရလဒ်ရရှိပြီးသမျှ ကျေးရွာများထဲတွင် ၃ ရွာသာ ရှုံးနိမ့်ခဲ့ပြီး ရေတွက်ပြီးသမျှ အများစု၌ အများအားဖြင့်အပြတ်အသတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဖျာပုံမြို့ပေါ်ရှိ ရပ်ကွက် ၁၉ ခုနှင့် မြို့အနီးရွာသုံးရွာပေါင်းရလဒ်တွင် ကြံ့ခိုင်ရေး ကိုယ်စားလှယ်အပေါ် အပြတ်အသက် အသာရခဲ့သည်။ ယင်းရလဒ်ပေါင်းတွင် NLD မှ ၁၈၈၀၇ မဲရခဲ့ပြီး ကြံ့ခိုင်ရေးမှ ၃၇၇၂ မဲသာရရှိခဲ့သည်။ မဲခုနစ်ဆ တစ်ဆမျှ အပြတ်အသက်အသာရ ခဲ့ခြင်းဖြစ်သည်။ ကျေးရွာအုပ်စုများတွင်မူ ကြံ့ခိုင်ရေး ကိုယ်စားလှယ်ထက် မဲအသာရရှိမှု နှစ်ဆမျှရှိခဲ့သည်။ ရရှိပြီးသမျှ မဲစာရင်းများအရ ကျေးရွာအုပ်စုများတွင် NLD မှ ဦးသိမ်းဆွေက ၉၀၉၆ မဲရခဲ့သည်။ ကြံ့ခိုင်ရေးမှ ဦးအေးကြိုင်က ၄၄၄၃ မဲမျရရှိထားသည်။ ကျန်ကျေးရွာအုပ်စုများမှ မဲစာရင်းများကို ဆက်လက်စုဆောင်းဆဲဖြစ်သည်။ ဖျာပုံမြို့နယ်နှင့်ကျေးရွာများတွင် မဲရုံ ၂၅၁ ရုံရှိသည့်အနက် မဲရုံ ၂၀၀ ၀န်းကျင်မှရရှိလာသော ရလဒ်များအရ ဦးသိမ်းဆွေသည် ၅ ရုံတွင် သာရှုံးနိမ့်ပြီး ကျန်မဲရုံအားလုံးတွင် အနိုင်ရခဲ့သည်။
1 April 2012 11:23 PM
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် ယနေ့ မဲရလဒ်များနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာ နေမှုကို ည ၁၁ နာရီ အချိန်တွင် ရပ်နားလိုက်ပြီး မနက်ဖြန် နံနက် ၉ နာရီ အချိန်တွင် ဆက်လက် ထုတ်ပြန် သွားမည်ဟု သိရသည်။
1 April 2012 11:17 PM
ကြုံကြိုက်ကျေးရွာ ရွှေ့ပြောင်းလုပ်သားနည်းသော ကျေးရွာဖြစ်သော်လည်း ကြိုတင်မဲမှာ လူဦးရေ ၁၂၁ ဦးအထိရှိခဲ့ပြီး လိုက်ပါစောင့်ကြည့်ရခြင်းမရှိခဲ့ဟု သိရသည်။ သမိန်ထောကုန်းတန်းကျေးရွာတွင် လည်း လိုက်ပါစောင့်ကြည့်ခွင့်မရခဲ့သောကြောင့် ကြိုတင်မဲ ၁၄၀ အထိရှိခဲ့သည်ဟုသိရသည်။ သို့ရာတွင် ကြိုတင်မဲအခြေအနေမှာ ည ၁၁ နာရီဝန်းကျင်ရ သတင်းများအရ မဲရလဒ်ကို ကပြောင်း ကပြန်ဖြစ်စေသည် အထိများပြားခဲ့ခြင်းမရှိခဲ့ဟုသိရသည်။
1 April 2012 11:11 PM
ဘ၀သစ်ကျေးရွာအုပ်စု အရှေ့ဖျားကျေးရွာ မဲရုံအမှတ် ၁၂ မှာ မဲရုံမှူးလက်မှတ်မပါသော မဲစာရွက်များ ထုတ်ပေးပြီး နံနက် ၆ နာရီမှ ၇ နာရီ အထိမဲပေးစေခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ကိုထွန်းထွန်းဝင်းဆိုသူက လက်မှတ်မပါသည်ကိုသတိပြုမိသောအခါမှသာ နောက်ပိုင်းမဲများတွင်လက်မှတ်ထိုးပေးခဲ့သည်။ပေးပြီးမဲမှာ ၄၀ ကျော်ရှိခဲ့ပြီး ယင်းတို့ကိုမူ မည်သို့ဆောင်ရွက်ပေးမည်ဆိုခြင်းမှာ မသိရသေးပေ။ ကြိုတင်မဲများကောက်ယူရာတွင် ပါတီများက လိုက်ပါစောင့်ကြည့်ခွင့်မှာ ဥပဒေတွင် မပါသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲမပေးမီ ဒေါက်တာဒေါ်မြင့်ကြည်က ခရိုင်ကော်မရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်လေးဦးတို့နှင့် အစည်းအဝေးပြုလုပ်ရာတွင် မဲရုံကိုယ်စားလှယ်များ ကြိုတင်မဲကောက်ခံမှုတွင် ပါတီများက လိုက်ပါကြည့်ရှု ခွင့်ပြုကြောင်း လာရောက်ပြောကြား ထားခဲ့သည်ဟု NLD မဲအောင်နိုင်ရေးအဖွဲ့ဝင် ကိုဇေယျာမင်းသိန်းက ပြောကြားခဲ့သည်။သို့ရာတွင် ယင်းသို့ လိုက်ပါကြည့်ရှုခွင့် မရခဲ့သည့် နယ်အချို့ရှိခဲ့ကြောင်း ကိုဇေယျာမင်းသိန်းက ပြောကြားခဲ့ပါသည်။
1 April 2012 11:09 PM
အင်န်အယ်လ်ဒီ၏ ခွတ်ဒေါင်းအမှတ်တံဆိပ် ဘေးနားတွင် အမှန်မခြစ်နိုင်အောင် ဖယောင်းသုတ်ထားသည် ဆိုသော သတင်းများပျံ့နှံ့ခဲ့သော်လည်း အတိအကျ အတည်မပြုနိုင်ခဲ့သလို မဲရလဒ်အပေါ် ဆိုးဆိုးရွားရွားသက်ရောက်ခြင်း မရှိခဲ့ပေ။ ဖျာပုံမြို့ဝန်းကျင်ရှိ ရွာအချို့ကို သွားရောက်လေ့လာခဲ့ရာတွင် ကျုံကူကျေးရွာမှ အပကျန်ကျေးရွာများမှာ လာရောက်လေ့လာခြင်းကို ခွင့်ပြုခဲ့ကြပြီး မဲရုံမှူးများ၊ မဲရုံစောင့်သည့် ပါတီကိုယ်စားလှယ်များ၊ မဲရုံကော်မရှင်များနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ "အမှောင်အောက်မှာဆိုရင် မဟုတ်တာကို လုပ်ရဲကြတယ်။ မီးမောင်းဝိုင်းထိုးထားတဲ့အောက်မှာဆိုရင်တော့ မဟုတ်တာကို လုပ်ရဲမှာမဟုတ်ဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေဟာ မီးမောင်းတွေပါ" ဟု ဦးသိမ်းဆွေက ပြောကြားခဲ့ပြီး ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သည့် အဖွဲ့များနှင့် မီဒီယာများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံရေးက တစ်နှစ်လောက်နားချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ကြောင်း၊ ထောင်ထဲမှာ အကြိမ်ကြိမ်နေခဲ့ရသောကြောင့် မွမ်းကျပ်မှုဒဏ်ကို ခံရခဲ့ခြင်းကြောင့် အဲဒီနေရာမှာ ထပ်မနေချင်တော့ကြောင်း၊ သို့ရာတွင် အမေလိုချစ်ခင်လေးစားသော ဒေါ်အောင်ဆန်းစုကြည်က "သားတာဝန်ကို သားကျေရမယ်" ဟုပြောသောကြောင့် ရွေးကောက်ပွဲဝင်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဦးသိမ်းဆွေက ပြောကြားခဲ့သည်။
1 April 2012 11:08 PM
"မဲဆန္ဒရှင်ပြည်သူတွေကိုကျေးဇူးတင်ကြောင်းပြောချင်တယ်။ တစ်ကယ်တမ်းပြောရရင်တော့ပြည်သူတွေဟာ ရင်တွင်းဆန္ဒကို ထုတ်ဖော်လိုက်တာပဲ။ ပြည်သူလူထုက လွတ်မြောက်ချင်တယ်။ တိုင်းပြည်ကို ဘယ်လောက်အပြောင်း အလဲဖြစ်စေချင်တယ်ဆိုတာ ထုတ်ဖော်လိုက်တာပါ"ဟု ဦးသိမ်းဆွေက အနိုင်ရရှိကြောင်းသေချာသွားအပြီးတွင် ပြောကြားခဲ့သည်။
1 April 2012 11:07 PM
ဖျာပုံမြို့ပေါ်တွင် အမှတ် ၁၆ ရပ်ကွက်ရှိ မဲရုံ အမှတ် ၃၊၄ တွင် သာ မဲစာရင်းမပါရှိသည့် ပြဿနာဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ပြီးကျန်နေရာများတွင် ပြောပလောက်အောင် မရှိခဲ့ပေ။ မဲပေးခွင့်မရခဲ့ဟုပြောကြားသူ ၅၀ ကျော်ခန့်ကို မျက်မြင်တွေ့ခဲ့ရပြီး ၁၀၀ ကျော်အထိရှိနိုင်သည်ဟု ဒေသခံများကပြောကြားခဲ့ကြသည်။ အချို့မှာ စာရင်းထွက်စဉ်ကပါပြီး မဲပေးသောအခါတွင်မှ မပါသောသူများဖြစ်ကြပြီး အချို့မှာ မပါသောကြောင့် သွားပြောခဲ့သည့်ကြားမှ ပါမလာသူများဖြစ်ကြောင်း ဒေသခံများက Eleven Media သို့ပြောကြားခဲ့ကြသည်။
1 April 2012 11:07 PM
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဖြိုးဇေယျာသော်(ခ) ဇေယျာသော်က စုစုပေါင်း မဲအရေအတွက် ၂၃၆၅၁ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးသာဌေးက ၁၉၁၇၀ မဲ ရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ မဲဆန္ဒနယ်တွင် ပယ်မဲ ၂၈၇၁ မဲနှင့် ပျက်ကွက်မဲ ၂၀၆၉၀ ရှိကြောင်း သိရပါသည်။
1 April 2012 10:20 PM
မိထ္ထီလာမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်က မဲအရေအတွက် စုစုပေါင်း ၆၂၇၈၄ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှမြင့် က မဲအရေအတွက် ၄၉၀၇၂ မဲ ရရှိခဲ့ကြောင်း သိရပါသည်။
1 April 2012 10:08 PM
မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မဲအရေအတွက် စုစုပေါင်း ၆၀၀၀၀ ကျော်ဖြင့် အနိုင်ရရှိကြောင်း အကြမ်းဖျင်းအားဖြင့် သိရှိရပါသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှာမူ မဲအရေအတွက် ၁၄၀၀၀ ကျော်ရရှိခဲ့ပါသည်။
1 April 2012 10:03 PM
ပုသိမ်မြို့နယ်တွင် မဲရုံ(၁၄၃)ရုံမှ မဲလက်မှတ်များရေတွက်မှုပြီးစီးသွားပြီဖြစ် ရာ NLD ပါတီက (၁၂၆) ရုံတွင် အနိုင်ရခဲ့ပြီး USDA ပါတီက တပ်နယ်(၁၅)နေ ရာတွင် အနိုင်ရထားကြောင်း သိရှိရသည်။
1 April 2012 9:57 PM
နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းက မဲအရေအတွက် စုစုပေါင်း ၇၄၉၁ မဲ ဖြင့် အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်ရှိန်မှာ မဲအရေအတွက် ၄၂၄၅ မဲ ရရှိခဲ့ပြီး အဆိုပါ မဲဆန္ဒနယ်တွင် ကြိုတင်မဲ ၃၇၆ မဲ ရှိသည့်အနက် ၁၉၀ မဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးချယ်ခဲ့သော ဆန္ဒမဲများ ဖြစ်ပါသည်။

No comments:

Post a Comment