နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်  မြန်မာ့နိုင်ငံရေးအနာဂတ်ခရီးအတွက် အရေးပါသော ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်  ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးခေါင်းဆောင်များ  ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်။ 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်လက်ထက် တတိယအကြိမ်မြောက်  လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၀ ရက်အကြာ အကျဉ်းသား ၆၅၁ ဦးအား  ထပ်မံလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။
အကျဉ်းသား ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် နိုင်ငံတော်သမ္မတ၏  အမိန့်ကို ဇန်န၀ါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန်  နိုင်ငံပိုင်  မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်ပြန်သွားခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု  ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက်  လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်  ရရှိစေရေးအတွက် လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို  အလေးပေးသောအားဖြင့် လည်းကောင်း နိုင်ငံတော်၏ မေတ္တာနှင့်စေတနာ ကို  နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အ  ထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့  ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက်လည်းကောင်း ရည်ရွယ်ပြီး အကျဉ်းထောင်  အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးအား  ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မ ခွဲ(၁)အရ ၂၀၁၂ ခုနှစ်  ဇန်န၀ါရီလ ၁၃ ရက်နေ့မှစပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်''ဟု  ဖော်ပြထားသည်။
 ဇန်န၀ါရီလ ၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ပြီး  ၁၀  ရက်အကြာ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်  ထပ်မံထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယခုအကြိမ်ပေးသည့် လွတ် ငြိမ်းချမ်းသာခွင့်သည် နိုင်ငံတော်သမ္မတက  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်ပေးသည့်  လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏  သဘောဆန္ဒနှင့်ပေးခြင်းဖြစ်သည်ကို လွတ် ငြိမ်းချမ်းသာခွင့်ပေးသည့်  အမိန့်ကြေငြာစာပါ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁(၁)အရ သိရသည်။  ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁)တွင် ဆိုထားသည်မှာ  ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ  နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက်မထားဘဲဖြစ်စေ  ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ  ၎င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့  ထားနိုင်သည်(သို့မဟုတ်) ၎င်းကိုစီရင်သည့် ပြစ်ဒဏ်အားလုံး (သို့မဟုတ်)  အစိတ်အပိုင်းတစ်စုံတစ်ရာကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်သည်ဟု  ဖြစ်ပါသည်။ အကယ်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏  ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်ပါက ဖွဲ့စည်းပုံ  အခြေခံဥပဒေပုဒ်မ ၂၀၄(ခ)အရ ပေးရမည်ဖြစ်ပြီး ယင်းပုဒ်မ မပါရှိသောကြောင့်  သမ္မတကြီး၏ သဘောဆန္ဒဖြင့်ပေးခြင်းဖြစ်သည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံ  အခြေခံပုဒ်မ ၂၀၄ (ခ)မှာ ဆိုထားသည်မှာ  ''အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ  လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်''ဟူ၍ ဖြစ်ပါသည်။
 ယခုလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူအများစုမှာ  ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အများစုပါဝင်ပြီး ထောင်ဒဏ်ကျခံနေရသည့်  အကောက်ခွန်ဝန်ထမ်းဟောင်းများနှင့် ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်းများလည်း  ပါဝင်ခဲ့သည် ကို တွေ့ရသည်။ 
 ယခုတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တွင် သရက်အကျဉ်းထောင်မှ  ကိုမင်းကိုနိုင်အပါအ၀င် ခုနစ်ဦး၊ စစ်တွေအကျဉ်းထောင်မှ အကျဉ်သားစုစုပေါင်း  ၁၇ ဦး လွတ်မြောက်ပြီး ထိုအထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ  ရှစ်ဦး ပါဝင်ခဲ့သည်။ အဆိုပါရှစ်ဦးမှာ ဒေါက်တာသက်လွင်၊ ကိုသန်းတင်(ခ)  ကိုကြီးသန်း၊ ကိုပြည့်ဖြိုးလှိုင်၊ ကိုအောင်အောင်ကျော်(ဧရာဝတီ)၊  ကိုဇေယျာဦး(ဧရာဝတီ)၊ ဦးပုရစ်၊ ကိုကျော်ဇင်ဝင်း၊ ဒေါပုံနေနေတို့ ဖြစ်ကြသည်။
ဘူးသီးတောင် အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့်  အကျဉ်းကျခံနေရသူများဖြစ်ကြသည့် ကိုစည်သူမောင်၊ ကိုသန့်ဇင်မျိုး၊  ကိုကျော်မင်း၊ ကိုထွန်းညို၊ ကိုဌေးကြွယ်၊ ကိုအောင်ဇော်ဦး၊ ကိုပြေကျော်၊  ကိုဝဏ္ဏပံသ၊ ကိုကျော်ဝင်းဆန်း၊ ကိုမောင်မောင် လတ်တို့  ပြန်လည်လွတ်မြောက်ခဲ့သည်။ မြောင်းမြထောင်မှ အရှင်ဂမ္ဘီရ အပါအ၀င် ခြောက်ဦး  ပြန်လည်လွတ်မြောက်လာပြီး အရှင်ဂမ္ဘီရလွတ်မြောက်လာပြီးပါက ရန်ကုန်မြို့  သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတွင် ရဟန်းခံမည်ဖြစ်ကြောင်း  အရှင်ဂမ္ဘီရ ၏မိခင် ဒေါ်ရေးက ပြောကြားခဲ့သည်။ အရှင်ဂမ္ဘီရသည် ၂၀၀၇ နိုဝင်ဘာလ ၄  ရက်တွင် အဖမ်းခံရပြီး ပုဒ်မ(၁၇) ခုဖြင့် ထောင်ဒဏ် ၆၈ နှစ်  ကျခံထားရသူဖြစ်သည်။
|   နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း . . .  |  
ထို့ပြင် အရှင်ဂမ္ဘီရ၏ အစ်ကိုဖြစ်သူ ဦးကျော်အောင်သည်လည်း  တောင်ကြီးထောင်မှ လွတ်မြောက်လာခဲ့သည်။ ထို့အပြင် မိုင်းဆတ်အကျဉ်းထောင်မှ  ဦးကိုကိုကြီးလည်း လွတ်မြောက်လာခဲ့သည်။ ဇန်န၀ါရီလ ၁၃ ရက်နေ့  မွန်းလွဲပိုင်းမှစတင်ပြီး နယ်ထောင်များမှ လွတ်မြောက်လာသူအချို့သည်  လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လာသည့်အတွက် ရန်ကုန် လေဆိပ်တွင်  စောင့်ဆိုင်းကြသူ အများအပြားရှိခဲ့သည်။
 ဦးနေ၀င်း(ဗိုလ်ချုပ်ကြီးဟောင်း ကွယ်လွန်)၏ သားမက် ဦးအေးဇော်ဝင်းနှင့်  မြေးဖြစ်သူ ဇွဲနေ၀င်းတို့လည်း ယခုလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်  လွတ်မြောက်လာခဲ့သည်။
ကျောက်ဖြူအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူ ၁၀ ဦးလည်း  လွတ်မြောက်လာပြီး ၎င်းတို့မှာ ဦးရွှေမောင်၊ ဦး ဖြိုးမောင်မောင်စိုး၊  ဦးဝင်းမော်၊ ဦး ဇော်မင်း၊ ကိုအောင်ကျော်ကျော်၊ ကို မျိုးမင်း၊ ကရင်လေး၊  ကိုတင်အောင် စိုး၊ ကိုစိုင်းလတ်အောင်နှင့် ကိုခင်မောင်အေးတို့  ဖြစ်ကြသည်။ နေအိမ်အကျယ်ချုပ်ကျခံနေရသူ ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း)  လည်း လွတ်မြောက်လာခဲ့ပြီး ၎င်း၏ သားနှစ်ဦးဖြစ်သူ ဦးဇော်နိုင်ဦး  (ဗိုလ်မှူးဟောင်း)နှင့် ဦးရဲနိုင်ဝင်းတို့လည်း လွတ်မြောက်လာခဲ့သည်။
ထို့ပြင် သာယာဝတီထောင်မှ မနီလာသိန်း အပါအ၀င် ၁၀ ဦး၊  ကော့သောင်းထောင်မှ  ကိုပြုံးချို အပါအ၀င် လေးဦး၊ ဘားအံထောင်မှ ကိုနေဘုန်းလတ် အပါအ၀င် ၁၁ ဦး၊  မြစ်ကြီးနားထောင်မှ ခြောက်ဦး၊ ပခုက္ကူထောင်မှ နှစ်ဦး၊ ကျိုင်းတုံ ထောင်မှ  သုံးဦး၊ ဗန်းမော်ထောင်မှ ၁၂ ဦး၊ ကသာထောင်မှ ငါးဦး စသည်ဖြင့်  ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ပြန်လည်လွတ်မြောက်လာခဲ့သည်။
No comments:
Post a Comment