Saturday, November 10, 2012

မြန်မာနိုင်ငံတရားစီရင်ရေးနှင့် ဖြောင့်ချက်

ဖြောင့်ချက်ကို အင်္ဂလိပ်လို(Confession) လို့ခေါ်ပါတယ်။ ဖြောင့်ချက်ဆိုတာ ရာဇဝတ်တရားသူကြီးတစ်ဦးရဲ့ရှေ့မှာ ပြစ်မှုကျူးလွန်သူက ၄င်းပြစ်မှုကျူးလွန်ကြောင်း ဝန်ခံပြောကြားတာပါ။ အဲဒိဝန်ခံတဲ့အချက်တွေကို တရားသူကြီးက သက်သေတွေရှေ့မှာ မှတ်တမ်းတင်ပါတယ်။ နောက် တရားခံကို တရားစွဲတဲ့အခါမှာ ခုဏရယူထားတဲ့ ဖြောင့်ချက်ကို အသုံးပြုပြီး တရားခံအပြစ်ရှိ၊ မရှိဆုံးဖြတ်ပါတယ်။ .......

ရိုက်နှက်လို့၊ ခြိမ်းခြောက်လို့၊ ဖျားယောင်းသွေးဆောင်လို့ ပေးရတဲ့ဖြောင့်ချက်တွေဟာ တရားမဝင်ဘူး။ဖြာင့်ချက်ရယူတဲ့တရားသူကြီးအနေနဲ့ လည်းမိမိထံဖြောင့်ချက်ပေးဖို့ရောက်လာတဲ့ တရားခံတစ်ယောက်ကိုဖြောင့်ချက်ပေးဖို့ ရိုက်နှက်၊ ခြိမ်းခြောက်၊ ဖျားယောင်းသွေးဆောင်ထားတယ်လို့ သံသယရှိရင်ဖြောင့်ချက် မယူပဲတရားခံကိုပြန်လွှတ်ရမယ်။ တရားခံတစ်ယောက်ဟာ ဖြောင့်ချက်ပေးဖို့တရားသူကြီးရှေ့ရောက်ပြီးနောက် အဲဒိတရားခံ ဖြောင့်ချက်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ တရားခံကို ရဲစခန်းမှာဆက်ပြီးချုပ်မထားရဘူး ထောင်မှာပဲချုပ်ထားရမယ်ဆိုပြီး ဥပဒေမှာ ပြဌာန်းထားတာတွေရှိပါတယ်။ သို့သော်လည်း လက်တွေ့မှာတော့ ဒီပြဌားချက်တွေကို ကျင့်သုံးမှုအပိုင်းက လျှော့ရဲရဲရယ်ပါ ............

အမှုတစ်ခုဖြစ်တယ်။ ... ရဲကသိပ်ရှည်ရှည်ဝေးဝေးစုံစမ်းမနေဘူး မသင်္ကာတဲ့လူတစ်ယောက်ကို ဖမ်း ...... အချုပ်ထဲသွင်း၊ ..... နှိပ်စက်တော့တာပဲ။ ........ နည်းမျိုးစုံနဲ့နှိပ်စက်ပြီး တရားရုံးမှာ ဖြောင့်ချက်ပေးခိုင်းတယ်။ တရားသူကြီးတော်တော်များများကလည်း ဖြောင့်ချက်တရားခံ ရောက်လာပြီဆိုရင် ရိုက်နှက်တာ၊ ခြိမ်းခြောက်တာ၊ ဖျားယောင်းသွေးဆောင်ထားတာရှိ၊ မရှိ သိပ်ရှည်ရှည်ဝေးဝေး စုံစမ်းမေးမြန်းမနေဘူး။ တရားခံက သူ့ဆန္ဒနဲ့သူ ဖြောင့်ချက်ပေး၊ မပေးဆိုတာကို ထင်ရှားစေတဲ့မမေးမနေရမေးခွန်းတွေလောက်ကိုပဲ ဝတ်ကျေတန်းကျေဘုန်းကြီးစာအံသလို တတွတ်တွတ်ရွက်မေးပြီး ဖြောင့်ချက်ယူလိုက်ကြတယ်။ ......... နောက်တော့ တရားခံကို တရားစွဲတယ်။ တရားရုံးမှာ တရားခံက သူအပြစ်မရှိကြောင်း အထောက်အထားတွေဘယ်လောက်ပဲတင်ပြတင်ပြ သူပေးထားတဲ့ ဖြောင့်ချက်ကိုမူတည်ပြီး အမှုစစ်တရားသူကြီးတွေက အပြစ်ရှိကြောင်းဆုံးဖြတ်ကြတယ်။ မြန်မာနိုင်ငံမှာလက်ရှိတည်မြဲနေတဲ့ ဥပဒေတွေ၊ စီရင်ထုံးတွေကလည်း အခြားဘာအထောက်အထားမှ မရှိရင်တောင် တရားခံတစ်ယောက်ကို သူပေးထားတဲ့ ဖြောင့်ချက်တစ်ခုထဲကို အထောက်အထားပြုပြီး ပြစ်မှုထင်ရှားစီရင်ရမယ်လို့ ဆိုထားတာကိုး ။ ......တကယ်တန်းဆိုကြစမ်းဆိုရင် ဖြောင့်ချက်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၆၄၊ နဲ့ ပုဒ်မ ၃၆၄ တို့မှာ ပြဌာန်းထားတဲ့အတိုင်းစနစ်တကျရယူရမှာဖြစ်ပါတယ်။ ဖြောင့်ချက်ပေးမဲ့တရားခံ တစ်ယောက် တရားရုံးရှေ့ရောက်လာရင် တရားသူကြီးက -

ပထမဦးစွာ ရဲတွေကို တရားခံမမြင်နိုင်မကြားနိုင်တဲ့နေရာတွေမှာ သွားနေခိုင်းရပါမယ်။ အဲဒိနောက် -

(၁) တရားခံကို သက်သေနှစ်ဦးရှေ့မှာ အဝတ်အစားတွေချွတ်သင့်တဲ့အတိုင်းအတာအထိ ချွတ်ပြီး တရားခံကိုယ်ပေါ်မှာ ဒါဏ်ရာဒဏ်ချက်ရှိ၊ မရှိ စစ်ဆေးရပါတယ်။ ရှိရင် ဘာ့ကြောင့်ရတဲ့ ဒဏ်ရာလဲဆိုတာ တရားခံကို စစ်မေးရပါတယ်။ တရားခံက ဖြောင့်ချက်ပေးဖို့နှိပ်စက်ထားတဲ့ ဒဏ်ရာဖြစ်ကြောင်းပြောရင်၊ ဒါမှမဟုတ် တရားခံကတခြားကြောင့်ရတဲ့ဒဏ်ရာလို့ပြောသော်လည်း တရားသူကြီးက နှိပ်စက်တဲ့ဒဏ်ရာလို့ယုံကြည်ရရင် ဖြောင့်ချက်ယူပေးလို့မရပါဘူး

(၂) ဒဏ်ရာမရှိရင် ဘာ့ကြောင့်ဖြောင့်ချက်လာပေးရလဲဆိုတာကို မေးမြန်းရပါမယ်။ ရဲကရိုက်နှက်လို့၊ ဖြောင့်ချက်မပေးရင် နှိပ်စက်မယ်လို့ခြိမ်းချောက်လို့ ၊ ဖြောင့်ချက်ပေးရင် အပြစ်သက်သာရာရမယ်လို့ သွေးဆောင်လို့ ပေးရပါတယ်ဆိုရင် ဖြောင့်ချက်ကိုယူလို့မရပါဘူး။ သူ့ဆန္ဒနဲ့သူ ပေးချင်လို့ပေးတဲ့ဖြောင့်ချက်ကိုပဲ တရားသူကြီးက ဖြောင့်ချက်ယူရပါမယ်။

(၃) အဲဒိနောက် ဖြောင့်ချက်ကိုမပေးချင်လဲမပေးပဲနေနိုင်ကြောင်း ဖြောင့်ချက်ပေးဖို့ ဘယ်သူ့မှာမှတာဝန်မရှိတဲ့ အကြောင်း၊  အခုဖြောင့်ချက်မပေးပဲပြန်သွားရင်လည်း ရဲ့ကတရားခံကို မနှိပ်စက်နိုင်အောင် ရဲစခန်းမှာတရားခံကို ဆက်မချုပ်စေပဲ ထောင်အချုပ်မှာပဲထားမှာဖြစ်တဲ့အကြောင်း၊ အကယ်၍ ဖြောင့်ချက်ပေးမယ်ဆိုရင် တရားခံပေးထားတဲ့ဖြောင့်ချက်တစ်ခုထဲနဲ့တင် တရားခံကိုအပြစ်ပေးနိုင်ကြောင်း သေသေချာချာရှင်းပြရပါမယ်။ ရှင်းပြလို့ တရားခံဖြောင့်ချက်မပေးတော့ဘူး ဆိုရင် ဖြောင့်ချက်မယူရပါဘူး။

(၄) အထက်မှာ လုပ်ခဲ့တဲ့အတိုင်း အစီအစဉ်တကျလုပ်လာပြီးတော့မှ တရားခံက ဖြောင့်ချက်ပေးမယ်လို့ ဆက်ပြောရင်လည်း တရားခံကို ဖြောင့်ချက်ချက်ချင်းယူလို့မရသေးပါဘူး။ သူဖြောင့်ချက်တကယ်ပေးမယ်မပေးဘူးဆိုတာ စဉ်းစားချိန် (၁) နာရီလောက်ပေးရပါတယ်။ သူ့ကိုစဉ်းစားဖို့ပေးထားတဲ့နေရာနဲ့ အဲဒိနေရကမြင်သာတဲ့နေရာတွေမှာရဲတွေမရှိစေရပါဘူး။

(၅) အထက်ပါ အချက် (၄) ချက်အတိုင်း သေသေချာချာဆောင်ရွက်ပြီးမှ တရားခံကို ဖြောင့်ချက်ပေးလိုခြင်းရှိ၊ မရှိ တရားသူကြီးက ထပ်မေးရပါမယ် တရားခံကဖြောင့်ချက်ပေးလိုတယ်ဆိုမှ သက်သေနှစ်ဦးရှေ့မှာ ဖြောင့်ချက်ကို ရယူရမှာဖြစ်ပါတယ်။

(၆) ဖြောင့်ချက်ယူဖို့ တရားသူကြီးရှေ့ကိုပို့လွှတ်ခဲ့တဲ့တရားခံကို ဖြောင့်ချက်ပေးခဲ့သည်ဖြစ်စေ၊ ဖြောင့်ချက်မပေးခဲ့သည်ဖြစ်စေ ရဲစခန်းမှာတရားခံကို ဆက်လက်မချုပ်စေရပါဘူး။ တရားခံကို ထောင်အချုပ်မှာသာ ချုပ်ထားဖို့ တရားသူကြီးက ရဲကိုညွှန်ကြားရမှာဖြစ်ပါတယ်။

အထက်မှာပြောခဲ့တဲ့ အချက်(၆) ချက်ဟာ တရားခံတစ်ဦးကို ဖြောင့်ချက်ယူပေးဖို့ဆိုပြီး တရားရုံးကို ရဲကတင်ပို့လာရင် တရားသူကြီးက သေသေချာချာဆောင်ရွက်ရမဲ့အချက်တွေပါ။ ဒါပေမဲ့ လက်တွေဆောင်ရွက်နေတာကတော့ ဒီအချက် (၆) ချက်ကို အဖြစ်လောက်ပဲ ဝတ်ကျေတန်းကျေဆောင်ရွက်လေ့ရှိပါတယ်။ ရဲကတရားခံတစ်ယောက်ကို နှိပ်စက်ထားမှန်း သိနေပါလျှက်နဲ့၊  တကိုယ်လုံးဒဏ်ရာဗရပွနဲ့ တရားခံကို ရုံးရှေ့ပို့ပါလျှက်နဲ့ ဖြောင့်ချက်ယူပေးနေကြပါတယ်။ တကယ်ပြစ်မှုကျူးလွန်သူအတွက်မထောင်းသာလှသော်လည်း အပြစ်မရှိပဲ စွတ်စွဲခံရသူတွေအတွက်အလွန်ပဲနစ်နာလှပါတယ်။

ဘာ့ကြောင့်ဒီလိုဖြစ်နေကြတာလဲ ...........

ရဲတွေအနေနဲ့ တရားခံတစ်ယောကို ရှည်ရှည်ဝေးဝေးစုံစမ်းထောက်လှန်းနေဖို့ လုံလောက်တဲ့ အချိန်မရှိပါဘူး၊ ငွေကြေးလည်းအကုန်အကျမခံနိုင်ပါကြပါဘူး၊ အမှုစုံစမ်းတယ်၊ သက်သေအထောက်အထားရှာတယ်ဆိုတာမျိုးဟာ အချို့အမှုတွေမှာ လွယ်လွယ်ကူကူပြီးသွားတတ်ပေမဲ့ အချို့အမှုမျိုးတွေကျတော့ အချိန်ပေးရသလို ငွေကြေးလည်း တော်တော်ကုန်ကျတတ်ပါတယ်။ ............ ရှိသင့်တဲ့အရေအတွက်ထက် ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်အရေအတွက်က နည်းရတဲ့ကြားထဲ။ လမ်ကြောင်းလုံခြုံရေး၊ ကင်းတာဝန်၊ လှည့်ကင်းစတာတွေအတွက် အချိန်ကပေးရသေး၊ မိသားစုစားဝတ်နေရေးနဲ့ ခွဲတန်းပြည့်မီစွာပေးနိုင်ရေးအတွက် ချဲဒိုင်၊ နှစ်လုံးဒိုင်၊ ဘောလုံးဒိုင်ဆိုသူတွေဆီမှာ လိုင်းကြေးလိုက်ကောက်ရသေးတယ်။ အမှုလာဖွင့်တဲ့သူတွေဆီမှာ ထောက်ခံချက်လာလုပ်တဲ့သူတွေဆီမှာ အကြံအဖန်လုပ်ရသေးတယ်။  (မိသားစုစားဝတ်နေရေးအတွက် လစာနဲ့လောက်အောင်သုံးနိုင်တယ်ဆိုရင်တောင်  ..... ၁၀ မျိုး ၁၀ ပေါင် ၁၀ ပင်ဆိုသလိုမျိုး သက်သာချောင်ချိရေး ဟန်ပြလုပ်ရပ်လုပ်ဖို့ ငွေရှိမှဖြစ်တယ် ၅၀ ဖိုးလောက်တန်တဲ့ ချဉ်ပေါင်ရွက် စိုက်ခင်းတွေကို ၅၀၀၀ ဖိုးလောက်သုံးပြီး ခြံခတ်၊ ဆေးသုတ်၊ ဆိုင်းပုတ်ရေးရသေးတယ်။ခွဲတန်းဆိုတာမျိုးကလည်း မှန်မှန်ပေးနိုင်မှ ခွဲတန်းမှန်မှန်မပေးနိုင်လို့ ချောင်ထိုးခံရတဲ့သူတွေ ဒုနဲ့ဒေး။) .... ဒီတော့ ဘယ်ရဲအရာရှိက အချိန်ကုန်ခံပြီးအမှုလိုက်တော့မလဲ။ အမှုလိုက်ရင်းနဲ့ အိပ်ထဲကစိုက်ထုတ်ကုန်ကျထားတဲ့ငွေ ဆိုတာမျိုးကလည်း ပြန်ရရိုးထုံးစံမရှိ။ အဲဒိတော့ လွယ်လွယ်ကူကူနဲ့ပဲ မသင်္ကာတဲ့သူကို စွဲစိ၊ နှိပ်စက်၊ ဖြောင့်ချက်ယူပြီး တရားစွဲတင်လိုက်ကြတာပေါ့။ ...... (ဆားပုလင်းနှင်းမောင်လိုမျိုး အမှုကိုစိမ်ပြင်တပြေလိုက်လို့ကတော့ ထမင်းငတ်သွားမဲ့ခေတ်၊ အမှုလိုက်တော်တဲ့သူထက် ခွဲတန်းများများပေးတဲ့သူတွေကရာထူးအဆင့်ဆင့်တက်သွားပြီး နေရာကောင်းတွေရောက်သွားကြတဲ့ခေတ်)တရားသူကြီးအနေနဲ့ကြည့်ရင်လည်း ....... တရားခံတစ်ယောက်ကို ဖြောင့်ချက်ယူလိုက်လို့ သူမှာ ဘာမှနစ်နာသွားတာသိပ်မရှိဘူး။ ဖြောင့်ချက်မယူမှသာ ပြဿနာရှိတတ်တာ။ တရားခံတစ်ယောက်ကို ရိုက်နှက်ထားတယ်၊ ခြိမ်းခြောက်ထားတယ် ဆိုတာပေါ်ပေါက်တဲ့အတွက် တရားသူကြီးက ဖြောင့်ချက်မယူလိုက်ဘူး။ တရားခံကိုတရားစွဲတယ်။ သက်သေအထောက်အထားမခိုင်ဘူး၊ တရားခံလွတ်သွားတယ် .... တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲဘက်က တရားသူကြီှးဆီမှာ ဖြောင့်ချက်သွားယူပေမဲ့ တရားသူကြီးလုပ်သူက ဖြောင့်ချက်မယူတဲ့အတွက် ဒီလိုဖြစ်ရတာပါ၊ ဖြောင့်ချက်သာရှိရင် တရားခံမလွတ်ပါလို့ အုပ်ချုပ်ရေးဌာနကလူတွေ၊ ခယက ဆိုသူတွေ တိုင်းမှုးဆိုသူတွေကို ပြောတယ်။ အဲဒိလူတွေက ဖြောင့်ချက်မယူတဲ့တရားသူကြီးဟာ အုပ်ချုပ်ရေးမှာပူးပေါင်းကူညီမှုမရှိဘူး၊ သူ့ကြောင့်အပြစ်ရှိတဲ့တရားခံလွတ်သွားတယ် လို့တရားရုံးချုပ်ကို တိုင်တယ်။ တရားရုံးချုပ်က အဲဒိဥပဒေနဲ့အညီဆောင်ရွက်ပြီး ဖြောင့်ချက်မယူလိုက်တဲ့တရားသူကြီးကို အရေးယူတယ်။ အလုပ်ဖြတ်ပစ်တယ်။ ရာထူးချပစ်တယ်။ ဝေးလံခေါင်းပါးတဲ့ဒေသတွေကိုပို့ပစ်တယ်။ ....... တရားစီရင်ရေးဆိုတာ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အောက်မှာ ပြားပြားဝပ်ရောက်နေတဲ့ ခေတ်ဆိုတော့ အမှန်အတိုင်းလုပ်တဲ့ တရားသူကြီးခင်ဗျာ မဲဇာရောက်ရှာပေါ့။ .....

ဒါမျိုးသာဓကတွေရှိတဲ့အတွက် တရားသူကြီးလုပ်သူဟာ ရဲကဖြောင့်ချက်ယူဖို့ဆိုပြီး တရားခံကိုလာပို့ရင် သိပ်ရှည်ရှည်ဝေးဝေးမစဉ်းစားတော့ဘူး ဖြောင့်ချက်ယူပေးလိုက်ကြတာများတယ်။ .... နောက်ပြီးတော့ တရားခံဆိုတာ အခုတစ်ခါပဲတွေ့ရတာ၊ ရဲဆိုတာက အမြဲဆက်ဆံပြီး အလုပ်လုပ်နေရတာ။ တရားခံတစ်ယောက်ကြောင့် ရဲနဲ့ အမုန်းမပွားချင်ကြဘူး၊ ဒါ့အပြင် ရဲတွေကလည်း ဖြောင့်ချက်ယူဖို့တရားခံတစ်ယောကိုလာပို့ရင် လက်ဗလာချည်းမလာပါဘူး၊ တရားသူကြီးမမတွေ၊ ကိုကိုတွေအတွက် ကြိုက်တတ်ရာရာ အချိုလေးအချဉ်လေး တစ်ခုခုတော့ စီစဉ်လာစမြဲပါ။ .........

Rule of Law ရှိဖို့တော့လိုနေပါပြီ။ ဘယ်ကစပြီးပြင်ရရင်ကောင်းမလဲ။ ...... တရားခံတွေကတော့ နစ်နာနေဆဲပါ။ အခုထိပါ။ ......................

Saturday, November 3, 2012

တရုပ်ပြည်ခေါင်းဆောင်သစ်အတွက် စိန်ခေါ်မှုများ။

အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲစတင်တော့မှာဖြစ်သလို၊ တရုပ်ပြည်မှာလည်း ခေါင်းဆောင်သစ်တယောက်ကို လွှဲပြောင်းရတော့မယ်။
၁၈ ကြိမ်မြောက်တရုပ်ပြည်ကွန်မြူနစ်ပါတီညီလာခံဟာ ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေလုပ်ရတော့မယ် လို့ အကြံပေးကြတယ်။
 ဇိမ်ခံမှု့တွေ နဲ့ ခြစားအကျင့်ပျက်မှုတွေကို ရှုတ်ချရမယ် ဆိုတဲ့ ကြွေးကြော်သံတွေ၊ အခုတော့ ဘယ်ဆီကို ရောက်နေပြီ မသိ။
လွတ်လပ်တဲ့အာရှအသံရဲ့ နိုဝင်ဘာ (၁) ရက်နေ့၊ ကြာသာပတေးနေ့ညပိုင်းမှာ တင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။
သောတရှင်များခင်ဗျား

တရုပ်ပြည် ရှန်ဆီဒေသ ဆီက ယင်အန်းတောင်တန်း နဲ့ ယင်အန်းစာပေဆွေးနွေးပွဲအကြောင်းကို ဖတ်ဖူးမိကြပါလိမ့်မယ်။
ကွန်မြူနစ်တော်လှန်ရေးရဲ့ ဗဟိုအဖြစ်လူသိများခဲ့တဲ့ ယင်အန်းတောင်တန်းကြီးပေါ်မှာ လယ်သမားတွေရဲ့ဘဝကို ခြယ်မှုန်းလေ့ရှိတဲ့ ဆိုရှယ်လစ်သရုပ်မှန်စာပေတွေ ပေါ်ပေါက်လာဖို့အတွက် တရုပ်ကွန်မြူနစ်ခေါင်းဆောင်တွေ စိတ်ကူးဥာဏ်ကွန့်မြူးခဲ့ကြသလို၊ တော်လှန်ရေးဒီရေကိုဆက်လက်သယ်ဆောင်မဲ့ တပ်နီလူငယ်များအတွက် လက်တွေ့ကွင်းဆင်းရာနေရတခုလည်းဖြစ်ခဲ့ပါတယ်။ နာမည်ကျော် စာရေးဆရာတဦးဖြစ်သူ အက်ဂါစနိုး အပါအဝင် အနောက်တိုင်းသတင်းစာဆရာတွေ၊ စာရေးဆရာတွေလည်း  ယင်အန်းတောင်တန်းကြီးကို အနီရောင်မြို့တော်ကြီးအဖြစ် ခေါ်ဆိုခဲ့ဘူးပါတယ်။ တရုပ်တော်လှန်ရေးကို ဂုဏ်ယူလေ့ရှိတဲ့ လက်ရှိအစိုးရခေါင်းဆောင်ပိုင်းကလည်း ယင်အန်းမြို့တော်ထဲမှာ တော်လှန်ေ၇းအထိမ်းအမှတ် အဆောက်အဦကြီးတခုအတွက် ဒေါ်လာသန်းပေါင်း (၈၀) ကျော်ဖိုး အကုန်အကျခံဆောက်ခဲ့သလို၊ လာရောက်လည်ပတ်သူတွေကလည်း ယခင်နှစ်တွေထက် သုံးဆလောက်များလာခဲ့ပါတယ်။
 ၂၀၁၁ ခုနှစ် တနှစ်ထဲမှာတင် ကမ္ဘာလှည့်ခရီးသွား သန်းနှစ်ဆယ်ကျော်အလည်ရောက်ခဲ့တာကြောင့် ၁.၇ ဘီလျှံကျော် ဝင်ငွေရရှိခဲ့ပါတယ်။

တခါတုံးကတော့ ဒီတောင်တန်းကြီးပေါ်က အေးစက်နေတဲ့ ဂူတွေထဲမှာ တော်လှန်ရေးသမားတွေ ပုန်းအောင်းခဲ့ကြပြီး၊ ဖုံတက်နေတဲ့စားပွဲတွေပေါ်မှာ အဖိနှိပ်ခံလယ်သမားတွေအတွက် ကဗျာ၊ ဝတ္ထုတိုတွေရေးခဲ့ကြတယ်။ ပြည်သူ့ဒီမိုကရေစီ ဆိုတဲ့ စာတမ်းကြီးကို ချိတ်ဆွဲခဲ့ကြတယ်။ ဥက္ကဋ္ဌကြီး မော်စီတုံး ကိုယ်တိုင် ပါတီစုံဒီမိုကရေစီ စံနစ်ကျင့်သုံးဖို့ ပြောဆိုခဲ့ပေမဲ့ သူ အာဏာရလာတဲ့အခါကျတော့ ကွန်မြူနစ်ပါတီဟာ ဆန့်ကျင်ဘက်လမ်းကြောင်းကို ပြောင်းလဲသွားနေပြီ ဆိုတာ သတိထားခဲ့မိတယ်။တကယ်တော့ ကွန်မြူနစ်ပါတီဟာ လယ်သမားထု၊ အလုပ်သမားထုကို ကိုယ်စားပြုတယ် လို့ပြောနေခဲ့ပေမဲ့ သူတို့ အုပ်စိုးတဲ့ ၆၃ နှစ်အတွင်းမှာ ကျနော်တို့ ယင်အန်းဒေသက လယ်သမားတွေရဲ့ လူနေမှုအဆင့်အတန်းကတော့ ဘာမှမပြောင်းလဲခဲ့ဘူး။

ဆယ်စုနှစ် ငါးခုခြောက်ခုလောက်ကျော်လွန်လာခဲ့တဲ့အချိန်မှာတော့ တရုပ်တော်လှန်ရေးမှာ အဓိက အင်အားစုတရပ်ဖြစ်တဲ့ လယ်သမားတွေဟာ ကွန်မြူနစ်တော်လှန်ရေးရဲ့ အသီးအပွင့်ကို သံသယရှိလာခဲ့ကြပါတယ်။ လယ်သမား၊ အလုပ်သမားထုရဲ့ ဘဝတွေကို ပုံဖေါ်ရေးသားရမယ် ဆိုတဲ့ ဆိုရှယ်လစ်ရေးကြွေးကြော်သံတွေအစား သူတို့ရဲ့ လယ်ယာမြေတွေကို ဘူဒိုဇာ နဲ့ ထိုးမဲ့ သူတွေသာ ရောက်ရှိလို့လာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် တနှစ်ထဲမှာတင် လယ်သမားဆန္ဒပြပွဲတွေနဲ့ ရုန်းရင်းဆန်ခပ်ဖြစ်ပွားမှုပေါင်း တသိန်း ရှစ်သောင်းကျော်ရှိခဲ့တယ် လို့ ဆိုပါတယ်။

ကျနော်တို့တော်လှန်ရေးရဲ့ အဓိက ရည်ရွယ်ချက်က ဒီမိုကရေစီ နဲ့ လွတ်လပ်မှုဗျ။ ကွန်မြူနစ်ပါတီဟာ ခြစားအကျင့်ပျက်မှု နဲ့ ဇိမ်ခံမှုတွေကို ဆန့်ကျင်ရမယ် ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဂုဏ်ယူခဲ့ကြတယ်။ ခုတော့ ပါတီခေါင်းဆောင်တွေဟာ တခါတုံးက ကွန်မြူနစ်တွေ ဆန့်ကျင်ခဲ့ကြတဲ့ လူတန်းစားတွေအတိုင်းနေထိုင်လာကြတယ်။ အဖေက အင်ပါယာဘုရင်မင်းမြတ်ဖြစ်တဲ့အခါ၊ သားတော်မောင်ကလည်း တချိန်မှာ အလိုလို မင်းဖြစ်လာ၊ ရာထူးရလာတဲ့ အဖြစ်လိုမျိုးဖြစ်လာတယ်။ ပါတီခေါင်းဆောင်ပိုင်းတွေဟာ ခရိုနီတွေနဲ့ပေါင်း၊ ချမ်းသာစီးပွားဖြစ်ကြပြီး၊ သူတို့ရဲ့ သြဇာစက်ဝိုင်းတွေကို တဖြည်းဖြည်းချဲ့ထွင်လာခဲ့တယ်။ ဒါဟာ တရုပ်ပုံစံဆိုရှယ်လစ် စံနစ်ဆိုရင်တော့ အင်မတန်မှားယွင်းတဲ့ စံနစ်ပဲဖြစ်မယ်။ တကယ်တော့ ငါ့မှာ အာဏာပါဝါရှိရမယ်။ ငါဟာ အရာရှိဖြစ်ရမယ်။ ဒါမှ ဥပဒေမဲ့ လုပ်ရပ်တွေကို လုပ်လို့ရမယ် ဆိုတဲ့အတွေးအခေါ်တွေပါဗျာ။


တကယ်တော့ ၂၀၁၂ ခုနှစ်မှာ တရုပ်ပြည်ရဲ့ ခေါင်းဆောင်သစ်အဖြစ်လွှဲပြောင်းတာဝန်ယူမဲ့သူအတွက်တော့ လမ်းဆုံလမ်းခွတခုဖြစ်သလို၊ စိန်ခေါ်မှုတွေကလည်း စောင့်ကြိုနေပါတယ်။ ပြည်သူတွေဟာ ပွင့်ပွင့်လင်းလင်း ရွေးချယ်မှု နဲ့ တိုက်ရိုက် ရွေးကောက်ပွဲတွေကို လိုချင်နေခဲ့ကြပါတယ်။

ကျနော်တို့ကျေးရွာတွေမှာဆိုရင် မြေပိုင်ရှင်ခေတ်ထက် ဆိုးတယ်လေ။ မြေပိုင်ရှင်ခေတ်တုံးက မြေရှင်ကြွေးရှင်ကိုပဲကြောက်ရတယ်။ အခုတော့ ၁၀ ယောက်လောက်ကြောက်နေရတယ်။ ပါတီခေါင်းဆောင်၊ လယ်ယာကောင်စီ၊ ဒေသအကြီးအကဲ၊ ရုံးဝန်ထမ်း -- အစုံပါပဲဗျာ။ ဒါကြောင့် ကျနော်တို့ရဲ့ ခံစားချက်ကို ကွန်မြူနစ်ပါတီကွန်ဂယက်ထဲမှာ ပြောနိုင်မဲ့ ကိုယ်စားလှယ်ကို ကျနော်တို့ဘာသာရွေးချယ်ချင်တယ်။ တိုက်ရိုက်ဒီမိုကရေစီကို တောင်းနေတာပေါ့။

တရုပ်ပြည်ကြီးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ နှေးကွေးလာခဲ့သလို၊ ကွန်မြူနစ်ပါတီအတွင်းမှာလည်း ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးနေတဲ့ အသံတွေက ပိုပြီးညံနေခဲ့ပါတယ်။ ပါတီတွင်းမှာလည်း အရှုပ်တော်ပုံတွေက တခုပြီးတခုပေါ်နေခဲ့တယ်။
တကယ်တော့ တရုပ်ပြည်ကြီးဟာ မြို့ပြဖွံ့ဖြိုးရေး၊ ဈေးကွက်စီးပွားရေးတွေအောက်မှာ အလျင်အမြန်တိုးတက်ခဲ့ပေမဲ့ ဆင်းရဲချမ်းသာကွာဟမှုနှုန်းကလည်း ကြောက်ခမန်းလိလိ မြင့်တက်ခဲ့ပါတယ်။ မြို့နေလူတန်းစားဟာ ကျေးလက်ဒေသပြည်သူတွေထက် ဝင်ငွေ သုံးဆကျော်ရကြပါတယ်။ ဒါကြောင့်လည်း ကျေးလက်ပြည်သူတွေဟာ သူတို့ဘဝတွေကို မြို့နေလူထုနဲ့ နှိုင်းယှဉ်ပြီး မကျေမနပ်ခံစားခဲ့ကြရပါတယ်။ 

တကယ်တော့ တိန့်ရှောင်ဖိန် လက်ထက် ၁၉၈၀ မှာကတည်းက တရုပ်ကွန်မြူနစ်ပါတီဟာ ကန့်သတ်ဒီမိုကရေစီ စံနစ်အောက်မှာ ခရီးနှင်ခဲ့ကြတယ်။ ဒါပေမဲ့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ခြေလှမ်းတွေကိုတော့ ထင်သလိုလုပ်ခွင့်ပေးထားခဲ့တယ်။ ဈေးကွက်ကို အကန့်အကန့်အသတ်မဲ့ဖွင့်ပေးထားခဲ့တယ်။ အကျိုးဆက်ကတော့ ခြစားမှုတွေများလာပြီး၊ ဆယ်စုနှစ် ခြောက်စုအတွင်းမှာ လူထုမတည်ငြိမ်မှုတွေပြည့်နှက်လာခဲ့တယ်။
သောတရှင်များခင်ဗျား
တရုပ်လူမှုသိပ္ပံ အကယ်ဒမီ ရဲ့ သုံးသပ်လေ့လာချက်တွေအရ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလာခြင်းကြောင့် တရုပ်ပြည်ဟာ လူမှုရေးမတည်ငြိမ်မှုတွေကို အပြင်းအထန်ရင်ဆိုင်ရလိမ့်မယ် လို့ဆိုပါတယ်။ ဒီ အချက်ကို  ဝန်ကြီးချုပ် ဝန်ကျားပေါင် ကလည်း လေးလေးနက်နက် ထောက်ခံသတိပေးခဲ့ပါတယ်။

ကျနော်တို့ဟာ စီးပွားရေး အစုအဝေးကြီးကို ကြီးထွားလာအောင် လုပ်ဖို့သာမက၊ ပြည်သူလူထုကို အကျိုးဖြစ်ထွန်းစေမဲ့ ခွဲဝေမှုတွေကိုလည်း လုပ်ရပါလိမ့်မယ် လို့ ဆိုခဲ့ပါတယ်။
၁၈ ကြိမ်မြောက် တရုပ်ကွန်မြူနစ်ပါတီကွန်ဂယက်ဟာ ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေလုပ်ဖို့လိုပါတယ်။ ကွန်မြူနစ်ပါတီဟာ မိမိလမ်းစဉ်အပေါ်ယုံကြည်မှုအကြပ်အတည်းကနေ ရုန်းထွက်ဖို့ လိုသလို၊ တရုပ်ပြည်တော်လှန်ရေးရဲ့ အဓိက အင်အားဖြစ်တဲ့ လယ်သမားတွေအပေါ် သစ္စာစောင့်သိရပါလိမ့်မယ်။ ယင်အန်းစိတ်ဓါတ် ကို ဆွဲကိုင်ထားဖို့လိုပါလိမ့်မယ် တဲ့။

သောတရှင်တို့လည်း စီးပွားရေးစံနစ်တခုလုံးကို ကြီးထွားအောင်လုပ်နိုင်ပြီး၊ အဲ့ဒီ အသီးအပွင့်တွေကို ပြည်သူတွေထံ ခွဲဝေပေးနိုင်တဲ့ အစိုးရတွေနဲ့ဆုံဆည်းနိုင်ကြပါစေ။

ရခိုင် ပဋိပက္ခ ဒုက္ခသည်များကို တိုက်ရိုက်ကူညီမည်ဟု သံတမန်များ ပြောကြား။

ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွား ခဲ့သော ပဋိပက္ခများ ကြောင့် နေရပ် စွန့်ခွာ ထွက်ပြေး နေရသည့် ဒုက္ခသည် များ အတွက် လူုသားချင်း စာနာမှု အကူအညီ များကို တိုက်ရိုက် လှူတန်း သွားမည် ဖြစ်ကြောင်း ပဋိပက္ခ ဖြစ် ပွား ခဲ့မှု များကို လေ့လာရန် ရခိုင်ပြည်နယ် သို ရောက်ရှိ နေသည့် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်၊ အမေရိကန် နှင
့် Australia နိင်ငံ သံအမတ် ကြီးများက နိုဝင်ဘာ ၁ရက် နေ့တွင် ပြောကြား ခဲ့ကြောင်း ယင်းဒေသခံ များထံမှ သိရှိရသည်။

"အစိုးရ မဟုတ်တဲ့ ယုံကြည် စိတ်ချရတဲ့ သူတွေ ဆီက တစ်ဆင့် အထောက်အပံ့ ပစ္စည်းတွေကို လှူတန်းမယ်" ဟု မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ် Andrew Heyn က ကျောက်ဖြူ မြို့ရှိ လူမှု ကူညီရေး အဖွဲ့များ နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့ကြောင်း ယင်း တွေ့ဆုံပွဲကို တက်ရောက် ခဲ့သူ ဦးလှမျိုးအောင် က ဆိုသည်။

လတ်တလော ပဋိပက္ခ ဖြစ်ပွား ခဲ့မှုကြောင်း ရခိုင်ပြည်နယ် တွင် လူပေါင်း ငါးသောင်း ရှစ်ထောင်ကျော် ခန့် စားဝတ် နေရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု အရေးပေါ် လိုအပ် နေသဖြင့် အစိုးရ မှတစ်ဆင့် လှူတန်းခြင်း မပြုတော့ဘဲ ယင်းသို့ INGO နှင့် NGO အဖွဲ့အစည်း များမှ လှူတန်း ရခြင်း ဖြစ်ကြောင်း သံအရာရှိ များက ပြောကြား ခဲ့သည်ဟု ၄င်းက ထပ်မံ ပြောကြားသည်။

သံအရာရှိ များက ယင်းသို့ INGO နှင့် NGO အဖွဲ့အစည်း များမှ တိုက်ရိုက် လှူတန်း မည်ဟု ဆိုသော်လည်း ရခိုင်ပြည်နယ် အတွင်း ဇွန်လက ဖြစ်ပွားခဲ့သော ပဋိပက္ခ များတွင် ယင်း အဖွဲ့အစည်း များက ပါဝင် ပတ်သက် သည် ဟုဆိုကာ ရခိုင်ပြည်နယ် အနှံ့ ဆန္ဒ ပြမှုများ ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွား ခဲ့သော ပဋိပက္ခ များကို လေ့လာရန် ဗြိတိန်သံအမတ်ကြီး Andrew Heyn၊ အမေရိကန် သံအမတ်ကြီး Derek Mitchell နှင့် သြစတေးလျ သံအမတ်ကြီး Ms. Bronte Moules တို့ က နိုဝင်ဘာ လ ၁ ရက်နေ့ က ရခိုင်ပြည်နယ် သို့ ရောက်ရှိ နေကြောင်း ရခိုင်ပြည်နယ်အ စိုးရ အဖွဲ့ထံမှ သိရှိရသည်။

မန္တလေး ဖွံ့ဖြိုးမှု နှစ် ၃၀ စီမံကိန်း ရှေ့ပြေးအဆိုပြုချက်ပုံစံ ထွက်ရှိလာ။

မဟာမန္တလေး ဖွံ့ဖြိုးမှု နှစ် ၃၀ စီမံကိန်း 'ရှေ့ပြေးအဆိုပြုချက်ပုံစံ (conceptual plan)' အရ ဇုန်ဆယ်ခုခွဲပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတိက ရေးဆွဲပြုစုထားတဲ့ နှစ် ၃၀ စီမံကိန်း ဖော်ပြချက်အရ သိရပါတယ်။

အဲသည် ဇုန်ဆယ်ခုကတော့

(၁) အိမ်ရ
ာမဲ့တွေနဲ့ အခြေခံလူတန်းစားတွေအတွက် မြို့သစ်ဇုန် (new satellite zone)

(၂) အသေးစား အလတ်စား စက်မှုဇုန် (new industrial zone)

(၃) စီးပွားရေး အချက်အချာဇုန် (central business district)

(၄) အဆင့်မြင့် လူနေမြို့သစ် (new civic centre)

(၅) အပြည်ပြည်ဆိုင်ရာ စီးပွားရေး ကုန်သွယ်ဇုန် (international trade zone)

(၆) အပန်းဖြေ အနားယူ ကစားကွင်းနဲ့ ပန်းခြံဇုန် (amusement park zone)

(၇) အမျိုးသားယဉ်ကျေးမှု ပန်းခြံဇုန် (national heritage zone)

(၈) ဟိုတယ်၊ လူနေအိမ် အဆောက်အအုံများ ဆောက်လုပ်ရန်ဇုန် (hotel and residential zone)

(၉) ပြည်ပပို့ကုန် စီမံခန့်ခွဲမှုဇုန် (export products management zone)

(၁၀) စွမ်းအင်ဇုန် (energy zone)

တို့ ဖြစ်ပါတယ်။

နှစ် ၃၀ စီမံကိန်းကို ၂၀၄၀ အထိ လျာထားပြီး စီမံကိန်း အပိုင်းလိုက်တွေကို ငါးနှစ်စီမံကိန်းတိုတွေနဲ့ အဆင့်ဆင့် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အဲသည် စီမံကိန်း ရှေ့ပြေး အဆိုပြုချက် ရေးဆွဲတဲ့ မန္တလေး စည်ပင်သာယာမှ တာဝန်ရှိသူတစ်ဦးက “အခုဟာက ရှေ့ပြေးစီမံကိန်း အဆိုပြုချက်ပဲ ရှိပါသေးတယ်။ ဝန်ကြီးချုပ်ဆီ တင်ပြထားတုန်းပဲ ထင်တယ်။ စွယ်တော် အရှေ့ဘက်က ကားကြီးကွင်း လုပ်တာတို့၊ အားကစားကွင်း လုပ်တာတို့က ဒီနှစ် ၃၀ စီမံကိန်းထဲ ပါတယ်။ Master plan က နောက်မှာကျန်ဦးမယ်။ ပြန်ဆွဲရမှာပေါ့” လို့ ပြောပါတယ်။

ယခု ရေးဆွဲထားသော မဟာမန္တလေး ဖွံ့ဖြိုးမှု နှစ် ၃၀ စီမံကိန်းကို ယခင် ဂျပန်နိုင်ငံ Chiyoda Corporation က ၁၉၉၃ ခုနှစ်က ရေးဆွဲခဲ့တဲ့ Star Ruby Project ကို အခြေခံပြီး ပြောင်းလဲနေတဲ့ မန္တလေးမြို့ မြေအနေအထားအရ အဆိုပြုချက်ပုံစံ (conceptual plan) ရေးဆွဲထားခြင်း ဖြစ်ပြီး လက်တွေ့စီမံကိန်းပုံစံ (action plan) ကို အသေးစိတ် လေ့လာပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

ကိုရီးယား သင်ခန်းစာ။

နိုင်ငံကို တစ်ဟုန်ထိုး ဖွံ့ဖြိုးလာအောင် မျိုးဆက်တစ်ဆက် အတွင်း တွန်းတင် နိုင်ကြောင်း ပြသခဲ့သလို မြန်ဆန်လှသည့် နှုန်းဖြင့် နှစ်ကာလ ရှည်လျားစွာ တိုးတက်ခဲ့သည့် တောင်ကိုရီးယား သည် မြန်မာနိုင်ငံ လေ့လာသင်ယူ သင်ခန်းစာ ရယူသင့်ဆုံး နိုင်ငံများအနက်မှ တစ်နိုင်ငံ ဖြစ်သည်။
၁၉၆ဝ ပြည့်နှစ်က တောင်ကိုရီးယားသည် သာမန်ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံ သာဖြစ်ပြီး မြန်မာနိုင်ငံနှင့် မတိမ်းမယိမ်း အခြေအနေ တွင်ရှိသည်။ သို့သော် ထိုနှစ်နောက်ပိုင်း နှစ်များတွင် တောင်ကိုရီးယား သည် ဆက်တိုက် ဆိုသလိုပင် ဖွံ့ဖြိုးတိုးတက်မှု နှုန်း တစ်နှစ်လျှင် ၆ ရာခိုင်နှုန်းကျော် ဖြင့် နှစ် လေးဆယ်ကျော် အရှိန်မြန်မြန် တိုးတက်ခဲ့ သောကြောင့် မြန်မာနိုင်ငံကို အပြတ်အသတ် နောက်တွင် ချန်ထားခဲ့ ရုံမက ယခင်သူတို့ရှေ့နား ခပ်လှမ်းလှမ်း ရောက်နေခဲ့သည့် အာဂျင် တီးနား ကဲ့သို့ ကြွယ်ဝသည့် နိုင်ငံများကိုပင် ကျော်တက်သွားခဲ့သည်။ တောင်ကိုရီးယား၏ တစ်ဦးချင်း ဝင်ငွေသည် ၁၉၆၁ တွင် အမေရိကန် ပြည်ထောင်စု တစ်ဦးချင်း ဝင်ငွေ၏ ဆယ်ပုံတစ်ပုံခန့် (၁၁ ရာခိုင်နှုန်း) သာရှိရာမှ ၁၉၉၅ တွင် ထက်ဝက်ခန့် (၄၉ ရာခိုင်နှုန်း) သို့ရောက်ရှိသည်။

တောင်ကိုရီးယားသည် ယနေ့ကမ္ဘာတွင် ဆယ့်ငါးနိုင်ငံ မြောက် အကြီးမားဆုံး စီးပွားရေးဖြစ်ပြီး ကမ္ဘာ့ ကုန်သွယ်ရေးတွင် အဓိကဇာတ် ကောင်တစ်ကောင် ဖြစ်သလို နယ်ပယ်စုံတွင် အောင်မြင်နေသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့် မြန်မာအခေါ် ဂဏန်းစတိုင် ကမ္ဘာကျော် အကပညာရှင် တို့ အတူတွဲကာ ဂဏန်း စတိုင်ဖြင့် (Gangnam Style) ဓာတ်ပုံ အရိုက်ခံ နေကြသည်ကို မြင်သူတိုင်း ကိုရီးယားတို့၏ လက်ရှိ အရှိန်အဝါကို အကဲခတ်နိုင်သည်။ နှစ်ယောက်စလုံး တောင်ကိုရီးယားမှ။

မြန်မာနိုင်ငံမှ ဦးသန့်သည် ၁၉၆ဝ နှစ် များက ပထမဦးဆုံး အာရှတိုက်သား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် ဖြစ်ခဲ့သည်။ တောင်ကိုရီးယား ဘောလုံးအသင်းသည် အာရှတိုက် ၏ အအောင်မြင် ဆုံးအသင်းဖြစ်ပြီး Manchester United ရောက် တောင်ကိုရီးယား ဘောလုံးသမား Park Ji SUNG သည် ကမ္ဘာ့ ထိပ်တန်း ဘောလုံးသမား ဖြစ်သည်။ တောင်ကိုရီးယားနှင့် မြန်မာ ဘောလုံးအသင်း တို့သည် ၁၉၆ဝ လောက်တွင် မတိမ်းမယိမ်း၊ အာရှ ထိပ်တန်း အသင်းများ။

ယခုအချိန်တွင် တောင်ကိုရီးယား က ကမ္ဘာ့ အဆင့်သို့ လှမ်းကြည့် နေချိန်တွင် မြန်မာမှာ အရှေ့တောင်အာရှ အဆင့်ကို ပြန်လည် တက်လှမ်းဖို့ပင် အားထုတ်နေရသည်။ တီထွင် နိုင်စွမ်းတွင် ကမ္ဘာတွင်ပင် ပြိုင်စံရှားသည့် Apple ၏ ဈေးကွက်ဝေစု ကို လုယူ လာသည်မှာ တောင်ကိုရီးယား Samsung၊ Apple နှင့် Samsung တို့ ကိုယ့်နည်းပညာ သူယူသည်ဟု အပြန်အလှန် တရားစွဲ ကြပြီး ဂျပန်တွင် Samsung နိုင်ကာ အမေရိကန်တွင် Apple နိုင် သည်။ ကိုရီးယား ဇာတ်လမ်းတွဲများ၊ ကိုရီးယား ဂီတ ဗီဒီယိုများမှ တစ်ဆင့် ကိုရီးယား ခေတ်ပေါ် ယဉ်ကျေးမှု ပျံ့နှံ့ပြီး ကိုရီးယားလှိုင်း ရိုက်လာသည်။

တောင်ကိုရီးယား သင်ခန်းစာကို စာအုပ်တစ်အုပ် ရေးမှသာ ခြုံငုံမိနိုင်မည် ဖြစ်သောကြောင့် ယခုဆောင်းပါးတွင် သင်ခန်းစာ သုံးရပ် ကိုသာ မီးမောင်းထိုး ပြလိုသည်။

နိုင်ငံရေးအထက်က စီးပွားရေး

မြောက်ကိုရီးယားနှင့် ခွဲပြီးစကာလ သမ္မတ ဆင်မန်ရီး လက်ထက်တွင် အစိုးရသည် နိုင်ငံရေး တွက်ချက်မှုများ၊ အာဏာ တည်မြဲရေး၊ ခြုံပြောရလျှင် နိုင်ငံရေးဖြင့်သာ အလုပ် များနေခဲ့ပြီး စီးပွားရေးကို လျစ်လျူရှု ထားခဲ့သောကြောင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျပြီး ဆင်းရဲမှုမြင့်မားသည်။ ပတ်ချုံဟီး တက်လာပြီး နောက်ပိုင်းတွင်မှ စီးပွားရေးသည် ပထမဟု စီးပွားရေးတက်အောင် အာရုံစိုက် ဆောင်ရွက် သည့်အတွက် အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး ပြုပြင်ပြောင်းလဲမှု တစ်ဆင့်ပြီး တစ်ဆင့် တက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၁ က စခဲ့သည့် ပြုပြင် ပြောင်းလဲရေး၏ ပထမ ဦးစားပေးမှာ နိုင်ငံရေးဖြစ်ကာ စီးပွားရေး ပြုပြင်ပြောင်းလဲရေး သည် ဒုတိယ ဦးစားပေးသာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ များအရ နိုင်ငံရေးကို ဦးစားပေးသည် ဟု ဆိုနိုင်သော်လည်း လူလေးယောက်လျှင် တစ်ယောက် ဆင်းရဲနေသည့် မြန်မာနိုင်ငံတွင် စီးပွားတက်ပြီး ဆင်းရဲ မွဲတေမှု ကျဆင်းမှသာ အောက်ခြေ ပြည်သူ တို့၊ နိုင်ငံရေးကို စိတ်မဝင်စားသူ ပြည်သူတို့ ပြုပြင် ပြောင်းလဲရေး၏ အရသာကို ခံစား သိရှိရမည်။ သို့မဟုတ်က ဘယ်လိုပြောင်းပြောင်း ဘဝကတော့ ဒုံရင်း ဖြစ်နေလျှင် ပြုပြင် ပြောင်းလဲရေးကို ဘာသိဘာသာ သဘောထားမည်။ ပြုပြင် ပြောင်းလဲရေးကို တွန်းပို့နိုင်မည့် စီးပွား ရေးနောက်ခံ မတည်ဆောက် နိုင်လျှင် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး သည် စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေလိမ့်မည်။

တောင်ကိုရီးယား ကပေးသော သင်ခန်းစာ နံပါတ်တစ်မှာ “Economy Over Politics” “နိုင်ငံရေးအထက်က စီးပွားရေး” ဖြစ်သည်။

အလျင်လို

တောင်ကိုရီးယား နိုင်ငံ ဖွံ့ဖြိုးလာခြင်း၏ အဓိက အကြောင်းတစ်ရပ် မှာ “Sense of Urgency” ခေါ် “အလျင်လိုစိတ်” ကြောင့်ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံအဖြစ် စတင် ရပ်တည် ကတည်းက အမေရိကန် ပြည်ထောင်စု၏ အကူအညီ အထောက်အပံ့ များကို အားကိုးကာ ရှင်သန် ခဲ့ရသည်။ ထို့ပြင် ဂျပန် သိမ်းထားခဲ့သည့် ကိုရီးယား ကျွန်းဆွယ်ကို ဒုတိယ ကမ္ဘာစစ် အပြီးတွင် တောင်နှင့် မြောက်ကိုရီးယား အဖြစ် နှစ် ခြမ်း ခွဲလိုက်ပြီး ကတည်းက ကွန်မြူနစ် မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ပြိုင်ဘက်၊ ရန်သူဖြစ်လာသည်။

၁၉၅ဝ ကိုရီးယားစစ်ပွဲတွင် တောင်ကိုရီးယားသည် မြောက်ကိုရီးယားလက် အောက် ရောက်မလို ဖြစ်လိုက်ပြီးမှ အမေရိကန် ဦးဆောင်သော ကုလတပ်များ အကူအညီဖြင့် ပြန်လည် တွန်းလှန်နိုင်ခဲ့သည်။ ထို့ နောက်ပိုင်းတွင်လည်း မြောက်ကိုရီးယား အန္တရာယ်သည် အစဉ် အမြဲ တည်ရှိနေခဲ့ သောကြောင့် တောင်ကိုရီးယား နိုင်ငံသည် ရှင်သန် တည်တံ့နိုင်ရန် လက်ရှိ အခြေအနေမှ မြန်မြန်ကြီးပွား တိုးတက်မှ ဖြစ်မည့် အနေအထားသို့ ရောက်ရှိခဲ့သည်။ တောင်ကိုရီးယား မှီခို အားထား နေခဲ့ရသော အမေရိကန် ပြည်ထောင်စုမှ အကူအညီ အထောက်အပံ့ များသည် ၁၉၆ဝ ခန့်တွင် သိသာစွာ လျော့ကျ သွား ခဲ့သည့်အတွက် ကိုယ့်ခြေထောက်ပေါ် ရပ်နိုင်ရန် နေ့ချင်းညချင်း လိုအပ်လာခဲ့သည်။ အခြားရွေးချယ်ရန် နည်းလမ်း မရှိသည့်အတွက် “ဇော” ဖြင့် ကြိုးစား အားထုတ် ခဲ့သောကြောင့် တောင်ကိုရီးယား နိုင်ငံ သည် တစ်ဟုန်ထိုး ကြီးပွားတိုးတက် လာခဲ့ပြီး ကမ္ဘာ့ အလယ်တွင် တင့်တယ် လာခဲ့သည်။

မြန်မာနိုင်ငံတွင် တောင်ကိုရီးယား ကဲ့သို့ လက်ညှိုး ထိုးပြစရာ ရန်သူ မားမားမတ်မတ် မရှိသော်လည်း ကမ္ဘာ့လူဦးရေ အများဆုံး၊ အင်အားကြီး နိုင်ငံလောင်းလျာ နိုင်ငံများ၊ လူဦးရေ အထူထပ်ဆုံး နိုင်ငံများ ပတ်လည် ဝိုင်းနေသောကြောင့် စီးပွားရေး၊ ပညာရေး၊ တောင့်တင်းမှသာ ရှင်သန်နိုင်မည်။ ယနေ့ခေတ်သည် နယ်မြေ ကိုစစ်တိုက် သိမ်းယူသည့်ခေတ် မဟုတ်တော့ သောကြောင့် စီးပွားရေး၊ ပညာရေး ယိုင်နဲ့လျှင် အလိုလို ကိုလိုနီဘဝသို့ မသိလိုက် မသိဘာ သာ ရောက်သွားမည်။ ဒေသတွင်း အများတကာထက် နောက်ကျနေပြီ ဖြစ်သောကြောင့် အလျင်လိုစိတ်ဖြင့် အခြားသူတို့ထက် နှစ်ဆသုံးဆ ရုန်းနိုင်မှသာ အမီလိုက်နိုင်မည်။

အိမ်နီးချင်း နိုင်ငံများမှ ကုန်ပစ္စည်း များ လွတ်လပ်စွာ ဝင်ရောက်သလို မိမိကုန်ပစ္စည်းများ လွတ်လပ်စွာ ဝင်ရောက်နိုင်မည့် ၂ဝ၁၅၊ ၂ဝ၁၆ လွတ်လပ်စွာ ကုန်သွယ်ကာလ များ လည်း အတော်နီးကပ် နေပြီ။ “မရှိလို့လုပ်စား၊ ဖြည်းဖြည်းပေါ့” ဆိုသော ဟာသ လုပ်သလိုလိုဖြင့် စွဲမြဲနေသည့် အကျင့်၊ “အလျင်လိုစိတ်” ၏ ရန်သူတို့ကို ဖျောက်ဖျက်ပစ်ရမည်။ နိုင်ငံတကာ၏ အာရုံသည် ယနေ့ မြန်မာနိုင်ငံပေါ်တွင် ရောက်နေသော်လည်း မနက်ဖြန်၊ သဘက်ခါဆိုလျှင် ရွှေ့သွားနိုင်သည်။ ထို့ကြောင့် သူတို့ စိတ်ရောက် နေတုန်း အမြန် အလုပ်လုပ်နိုင်မှ ဖြစ်မည်။ နိုင်ငံအတွက် နှစ်များများ မကျန်တော့။

ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ရေရှည်မြင်နိုင်စွမ်း

အကောင်းဆုံး သင်ခန်းစာ တစ်ရပ်မှာ တောင်ကိုရီးယားက သင်္ဘော တည်ဆောက်ရေး နယ်ပယ် သို့ တဖြည်းဖြည်းချင်း ဝင်ရောက်ရန် ၁၉၆ဝ ကျော်နှစ်များ လောက်တွင် ဆုံးဖြတ် လိုက်ခြင်းနှင့် ပတ်သက် သည်။ အခြားနိုင်ငံများ နှင့်ယှဉ်လျှင် တောင်ကိုရီးယား၏ “နှိုင်းရ အားသာချက်” (Comparative Advantage) ဖြစ်သည့် လယ်ယာ စိုက်ပျိုးရေး ထွက်ကုန် များကိုသာ အားကိုး တွယ်ဖက်ထားရန် တောင်ကိုရီးယား အစိုးရကို ကမ္ဘာ့ဘဏ်က တိုက်တွန်းသည်။ သို့သော် တောင်ကိုရီးယား က ကမ္ဘာ့ဘဏ်၏ အကြံကို လက်မခံ ဖီဆန်ကာ ယင်း၏သင်္ဘော တည်ဆောက်ရေး လုပ်ငန်းကို အထောက်အကူ ပြုမည့် စက်မှုလုပ်ငန်း များထွန်းကားစေရန် စက်မှု မူဝါဒ (Industrial Policy) ကို ချမှတ် အကောင်အထည် ဖော်သည်။ နှစ် ၃ဝ လောက်သာ ကြာလိုက်သည်။ ၁၉၉ဝ ကျော်နှစ် များတွင် တောင်ကိုရီးယားသည် သင်္ဘော တည်ဆောက်ရေးတွင် ကမ္ဘာ့ အင်အားကြီး ဖြစ်လာခဲ့သည်။ လယ်ယာ စိုက်ပျိုးရေးတွင် ထိုစဉ်က အားသာနေသည် မှန်သော်လည်း ရေရှည် တွင် စက်မှုနိုင်ငံဖြစ်မှ နိုင်ငံချမ်းသာ မည်ကို တောင်ကိုရီးယား တို့မြင်သောကြောင့် ကမ္ဘာ့ဘဏ်၏ အကြံကို ပယ်ချကာ ကိုယ့်လမ်း ကိုယ်ဖောက် ခဲ့ခြင်းဖြစ်သည်။ အထက်ပါ ကိုရီးယား သင်္ဘောလုပ်ငန်းမှ သင်ခန်းစာ အနည်း ဆုံး သုံးခု ရနိုင်သည်။

၁။ မြန်မာနိုင်ငံ သည်လည်း ဝင်လာမစဲ တသဲသဲ သော နိုင်ငံတကာ အဖွဲ့အစည်းကြီး များ၏ အကြံပေးချက် များကို သင့် သည် မသင့်သည် စဉ်းစားပြီးမှ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချသင့်သည်။

၂။ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း မှီတင်း အသက်မွေး နေသောလယ်ယာ စိုက်ပျိုးရေး ကဏ္ဍကို တိုးတက် စေခြင်းသည် လူသန်းပေါင်း များစွာ ကို ဆင်းရဲတွင်းမှ လွတ်မြောက်စေမည် မှန်သော်လည်း ဝမ်းဝရုံသာ ဖြစ်စေနိုင်သည့် အတွက် ရေရှည်တွင်မူ စက်မှုနိုင်ငံ တည်ထောင်ခြင်း သည် အမှန်ကန်ဆုံး ဖြစ်နေဆဲပင်။

၃။ ခေါင်းဆောင်များ အနေဖြင့် ရှေ့သို့ ခပ်ဝေးဝေး မြင်နိုင်စွမ်း လိုအပ်သည်။

တောင်ကိုရီးယားသည် “အရှေ့အာရှ အံ့ဖွယ်” ဟု တင်စား ခံခဲ့ရ သည့် အရှေ့အာရှ တိုးတက်မှုကြီးတွင် အာရှကျား တစ်ကောင်အဖြစ် ထိပ်ဆုံးက ဦးဆောင်ခဲ့သည့် နိုင်ငံဖြစ်သည်။ တောင်ကိုရီးယား သင်ခန်းစာကို ကြေညက်လျှင် မြန်မာ့ ကြီးပွားတိုးတက်ရေး၊ မြန်မာ့ ထွက်ရပ်လမ်း အတွက် ကြီးမားသော အထောက်အကူ ရနိုင်သည်။

ရခိုင်အဓိရုဏ်း ချင်းပြည်နယ်အထိ ထိပါးလာ။

လက်ရှိ ရခိုင်ပြည်နယ် တွင်ပြန်လည်ဖြစ်ပွားနေသည့် အဓိကရုဏ်းသည် ကုလားတန် ကုန်သွယ်ရေးလမ်းကြောင်းအထိ ထိပါးလာပြီဟု ချင်းလူမျိုး စက်လှေကုန်သည် တဦး က ပြော သည်။
“ ရခိုင်ပြည်နယ်ကနေ စီးပွားဖြစ် အဓိကတင်ပို့လာတဲ့ ၀က်ကုန်သည်တွေဟာ ရခိုင်ပြည်နယ်ထဲကို မ၀င်ရဲကြတော့ဘူး၊ ကျတော်တို့ ရခိုင်နဲ့ ချင်း စီးပွားရေးသမားတွေအင်မတန်ထိခိုက်တယ်” ဟု ၀က်ကုန်သည် ပက်ထရစ်က ယနေ့ပြော သည်။
ကုလားတန်မြစ်ကြောင်းပေါ် စီးပွားရေးသမားများသည် ရခိုင်ပြည်မြောက်ပိုင်း လက်ရှိ အဓိကရုဏ်းဖြစ်ပွားနေသည့် ဒေသမှ ၀က်များကို ချင်းတောင်နှင့် မီဇိုရမ်နယ်စပ်သို့ တင်ပို့ရောင်းချကြသော်လည်း လက်ရှိ ရပ်တန့်လိုက်ပြီဖြစ်သည်။
“ တလမှာ အနည်းဆုံး ၀က်ကောင်ရေ ၂၀၀ လောက်ဝင်တာ ၊ အခု လုံခြုံရေးကြောင့် မသွားလာရဲကြတော့ဘူး” ဟု ဆက် ဆိုသည်။ ကုလားတန်မြစ်ကြောင်းပေါ်တွင် စက်လှေ အစီးရေပေါင်း ၂၀ ခန့်သည် အဓိကအားဖြင့် ၀က်ကို တင်ပို့ ရောင်းချကြသည်။
ရခိုင်အဓိကရုဏ်းသည် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းလမ်းကြောင်းပေါ်သို့ တွန်းတင်နေ ဟန်ရှိပြီးနိုင်ငံ ရေးပြ သာနာ အသွင်သဏ္ဍာန်တခုအဖြစ် ဖန်တီးနေဟန်ရှိသည်ဟု ယူဆကြောင်း ရခိုင်ပြည်သူလူထု တရပ်လုံး၏ လုံခြုံရေး ကိုခြိမ်း ခြောက်နေသည့် လုပ်ရပ်များကို အမျိုးသားအကျိုးစီးပွား အခြေခံအောက်မှကာကွယ် သွားနိုင်ရေးအ တွက် တတ် နိုင်သည့် ဖက်မှ ပြည်သူလူထုတရပ်လုံးနှင့် အတူလက်တွဲတိုက်ပွဲဝင်သွားမည်ဟု Arakan National Council မှ အောက် တိုဘာ ၂၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၁၁) အရေးပေါ်ကာလ ဆိုင်ရာ စစ်တပ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်နိုင်သည့် ပြဋ္ဌာန်းချက်များ အတိုင်း ရခိုင်ပြည် အုပ်ချုပ်မှုပိုင်းကို တပ်မတော်သို့ ပိုမိုလွှဲ အပ်ထားကြောင်း သတင်းများအရ သိရသည်။
“ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် စစ်တပ်က စစ်တပ်နေရာမှာပဲ ရှိနေသင့်တယ်၊ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးပိုင်း ကို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများကပဲ ကိုင်တွယ်ဖြေရှင်းကြဖို့ပါ” ဟု ANC အထွေထွေအတွင်းရေးမှူး ကို ထွန်းဇော် က ခိုနုမ်းထုန်ကို ပြောသည်။
အဓိကရုဏ်းကြောင့် ရခိုင်မိဘပြည်သူတချို့သည် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့သို့ သားသမီးများအား ကျောင်း ပို့ထားကြကြောင်း ဘင်္ဂလီလူမျိုးများသည်လည်း အိန္ဒိယ – မြန်မာနယ်စပ် တမူး၊ မိုးရေး ကလေးမြို့ဖက်မှ မြန်မာပြည် တွင်းသို့ ခိုးဝင်နေကြ သည်ဟု လည်း သတင်းများက ဆိုသည်။

စားသုံးသူအကာကွယ်ပေးရေးနှင့်တရားမ၀င်ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေး ရွေ့လျားအဖွဲ့ မူဆယ်တွင်မှောင်ခိုပစ္စည်းတင်ကားနှစ်စီး ဖမ်းမိ


စားသုံးသူအကာကွယ်ပေးရေးနှင့်တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်း
ချုပ်ရေးရွေ့လျားအဖွဲ့ကစတင်စစ်ဆေးသည့်အချိန်၌တရားမ၀င်မှောင်ခိုပစ္စည်းများတင်ဆောင်
လာသည့်ကားနှစ်စီးကိုနိုဝင်ဘာလ၂ရက်နေ့တွင်ပထမဆုံးဖမ်းမိခဲ့ကြောင်းသိရ
သည်။
မူဆယ်၁၀၅မိုင်နှင့်၁မိုင်ခန့်သာဝေးသည့်၂၇၃မိုင်၇ဖာလုံ၊၂၇၄မိုင်ကြား၌
ယာဉ်ကြီး၅၀နှင့်ယာဉ်ငယ်၁၅စီးတို့ကိုစစ်ဆးခဲ့ရာ၂စီးတွင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုသိရသည်၊
လိုင်စင်ပြုလုပ်နိုင်ရန်မြို့နယ်အကောက်ခွန်ရုံးသို့ပစ္စည်းပိုင်ရှင်နဲ့အတူရွေ့
လျားအဖွဲ့က ပို့ဆောင်ပေးခဲ့ပြီးပစ္စည်းအသေးစိတ်စာရင်းကိုထုတ်ပြန်ကြေငြာသွားမည်ဟုသိရသည်၊။
အဆိုပါရွေလျားအဖွဲ့ကိုညွန်ကြားရေးမှုးဦးအောင်ကျော်စိုးဦးစီးကာဂျာနယ်
တိုက်၃တိုက်မှသတင်းထောက်နှင့် ရုပ်သံမီဒီယာတို့ပါဝင်ကြောင်းသိရသည်။ (စိုင်းနောင်)

အမေရိကန်သမ္မတ အိုဘားမား နိုဝင်ဘာ(၁၈)ရက်နေ့တွင် မြန်မာပြည်သို့ (၂)ရက်တာခရီး လာရောက်လည်ပတ်မည်။

အမေရိကန်သမ္မတ အိုဘာမားဟာ ဒီလအတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ကျင်းပမယ့် ၂၁ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံညီလာခံ ကို တက်ရောက်မယ့် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

သမ္မတ အိုဘားမားဟာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထိုင်းနိုင်ငံကို ဦးဆုံးဝင်ရောက်ပြီး၊ နိုဝင်ဘာ ၁၇ ရက် နဲ့ ၁၈ ရက် နှစ
်ရက် တာ မြန်မာနိုင်ငံမှာ နေထိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ တဆင့် ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အာဆီယံညီလာခံကို တက်ရောက်မှာပါ။ သမ္မတ အိုဘားမားရဲ့ ခရီးစဉ်အသေးစိတ်ကို မသိရသေးပေ မဲ့ မြန်မာနိုင်ငံမှာရှိနေစဉ်အတွင်း အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ရော၊ ဒီမိုကရေစီအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

အခုလို သမ္မတ အိုဘားမား မြန်မာပြည်သွားရောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အမေရိကန်သံရုံး ပြန်ကြားရေးဌာနမှ သံရုံးပြပွဲတာဝန်ခံ အဖြစ် နှစ်ပေါင်း နှစ်ဆယ်လောက်ဆောင်ရွက်ခဲ့သူ ဦးဆန်နီငြိမ်း က မြန်မာပြည်တိုးတက်ရေးအတွက် ဒါဟာ အင်မတန်အရေးပါတဲ့ ခရီးစဉ်ဖြစ်ပါတယ်လို့ RFA ကို ပြောပါတယ်။

သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ အလည်အပတ်ခရီးဟာ အမေရိကန် သမ္မတတစ်ဦး ပထမဦးဆုံးအကြိမ် မြန်မာပြည်ကို သွားရောက်တဲ့ ခရီးဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်က အမေရိကန် သမ္မတ အိုက်ဆင်ဟောင်ဝါ လက်ထက်မှာ ဒုတိယသမ္မတ ဖြစ်တဲ့ မစ္စတာ ရစ်ချတ်နစ်ဆင် မြန်မာပြည်ကို သွားရောက်ခဲ့ဖူးပါတယ်။ မနှစ်က ဒီဇင်ဘာလ ၁ ရက်နေ့ကတော့ နှစ် ၅၀ အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးရဲ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးအဖြစ် ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် သွားရောက်ခဲ့ပါတယ်။

ရခိုင်အရေး နောက်ဆက်တွဲ မေးခွန်းများ

ရခိုင်ပြည်နယ် ပေါက်တောမြို့ ရပ်ကွက် ၃ နှင့် ဘ၀မ်းချောင်းဝရပ် 
ကွက်တို့၏ မီးလောင်ပြင် မြင်ကွင်းများကို အောက်တိုဘာ ၂၇ ရက်နေ့က တွေ့မြင်ရစဉ် 
(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရခိုင်အရေး သမ္မတရုံးက ကြေညာချက်တွေ ထွက်လာနေတာ တခုပြီး တခုပဲ။ ဒီလိုထုတ်ပြန်ပေးတာကိုတော့ မဆိုးဘူး ပြောလို့ရပေမယ့် ဒီပြဿနာကို ချည်းကပ်တာမှာ လူမျိုးရေး၊ ဘာသာရေး အစွဲမပါ ဘဲ လုပ်ဆောင်ကြရမယ်။ စစ်အာဏာရှင်လက်ထက်တုန်းကလည်း အမျိုးသားရေး၊ မျိုးချစ်စိတ်၊ ဇာတိမာန် ဆိုတဲ့ စကားလုံး တွေကို တွင်တွင်ကျယ်ကျယ် ကိုင်စွဲ အသုံးပြုခဲ့တယ်။ ဒါတွေရဲ့ ရိုက်ခတ်မှုက ယနေ့ အချိန်ထိပဲ။ အမျိုးသားရေး ဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးခဲ့တဲ့ စစ်အာဏာရှင်တွေကြောင့် တိုင်းပြည်လည်း အဖက်ဖက်က ပျက်ဆီးခဲ့ပြီ။
တခါ မျိုးချစ်စိတ်ဆိုတာ စစ်မှန်တဲ့ ပြည်ထောင်စုအတွက် ဆိုပြီး ပြောတာရှိပေမယ့် တိုင်းရင်းသားတွေက ဘယ်လိုဟာကို ပြည်ထောင်စုလဲဆိုတာ မေးခွန်းထုတ်ကြတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုမှာရှိတဲ့ အမျိုးသားရေးဆိုတာ ဘာလဲ ဆိုပြီး ဗမာဆိုတာ အပါအ၀င် တိုင်းရင်းသားတွေ အားလုံးကြားမှာ တော်တော် စကားပြောလာရတဲ့ကိစ္စ ဖြစ်လာတယ်။ ဒီနေရာမှာ တိုင်းပြည်ချစ်တာနဲ့ အမျိုးသားရေးဆိုတာ မကွဲပြားကြဘူး။
ရခိုင်ကိစ္စဟာ အမျိုးသားရေးလို့ ပြောလာတယ်။ အမျိုးသားရေး ဆိုတာ တတိုင်းပြည်လုံး အရေးဖြစ်တယ်။ တဖက်ကလည်း ရခိုင်မှာဖြစ်ခဲ့တာတွေက လူမျိုးရေးလည်း ပါလာတယ်။ အမျိုးသားရေးနဲ့ လူမျိုးရေးဆိုတာ မကွဲဘဲ ဖြစ်လာတယ်။ ဒီနေရာမှာ အမျိုးသားရေး အဖြစ် တဖက်နိုင်ငံက ၀င်လာသူတွေဆိုပြီး ဆန့်ကျင်ရေး လုပ်လာတာတွေ ရှိတယ်။ ရခိုင်မှာက ရခိုင်က ရခိုင်လူမျိုးအဖြစ် သူတို့ကိုသူတို့မြင်သလို ဗမာကိုလည်း ဗမာအဖြစ်ပဲ မြင်ကြတယ်။ အခု နောက်ဆုံးဖြစ်တဲ့ ကျောက်နီမော် စတဲ့ ဒေသတွေဟာ ကမန်တိုင်းရင်းသားတွေလည်း ရှိတဲ့နေရာဖြစ်တယ်။
ကမန်ဆိုတာ ကျနော်တို့ တိုင်းပြည်မှာ နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ မွတ်ဆလင်တွေ တိုင်းရင်းသားတွေပဲ။ တ ချို့ကမန်တွေဆို ရိုးရိုးတန်းတန်း နိုင်ငံသား မရတဲ့သူတွေတောင် ရှိတယ်။ ရှုပ်ထွေးလာတာက ကမန်မွတ်ဆလင် တိုင်းရင်းသားတွေကို ရခိုင်တွေက ဘာဖြစ်လို့ ၀င်တိုက်လဲဆိုတော့ ကမန်တွေကြားထဲမှာ ဘင်္ဂါလီ မွတ်ဆလင်တွေက ၀င်ရောက်လာခဲ့တယ်လို့ ဆိုနေကြတယ်။ ဒါတွေက စိုးရိမ်စရာ အခြေအနေတွေ ဖြစ်တယ်။
ကျနော်တို့ အမြဲစိုးရိမ်တာက ရခိုင်ပြည်နယ်ထဲမှာ စစ်အုပ်ချုပ်ရေး တာဝန်ယူတဲ့ အနေအထားကိုပဲ။ အဲဒီအနေအထား ကို မရောက်စေချင်ဘူး။ ရခိုင်တွေရော၊ တခြား နယ်မြေခံတွေရောကို နိုင်ငံတော်အစိုးရဆိုတာက အကာအကွယ်ပေးရမယ့် တာဝန်ရှိတယ်။ ဒီနေရာမှာ စစ်အုပ်ချုပ်ရေး တာဝန်ယူတာနဲ့ ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ အကာအကွယ်ပေးရေးနဲ့ မဆိုင်ဘူး။ စစ်အုပ်ချုပ်ရေးဆိုတာ အန္တရာယ် သိပ်များတယ်။ လွတ်လပ်ရေး ရပြီး ပါလီမန်ခေတ် ၁၉၅၈ ခုနှစ်မှာ သင်ခန်းစာရှိခဲ့တယ်။ စစ်တပ်က အိမ်စောင့် အစိုးရဆိုပြီး လုပ်ခဲ့တယ်။ ၁၉၆၂ နှစ်က စပြီး ဗမာပြည် စစ်အာဏာရှင်အောက် ရောက်ခဲ့တယ်။
အခု တိုင်းပြည် ပြုပြင်ပြောင်းလဲရေး လုပ်နေချိန်မှာ ရခိုင်ပြည်နယ်အရေးဟာ စိုးရိမ်စရာ ဖြစ်လာတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့လည်း တည်ငြိမ်အေးချမ်းမှုကို ရအောင် ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် ဖြေရှင်းဖို့ တိုက် တွန်းပြောကြားနေတာပဲ။ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေကို အကောင်အထည်ဖော်တဲ့ လူတွေက အချိန်မီ အရေးယူဖြေရှင်းကြရမယ့် တာဝန်ရှိတယ်။ ဒါပေမယ့် ဒီတာဝန်တွေ ပေါ့လျော့ခဲ့တယ်။
ဒုတိယ အကြိမ် ပြန်ဖြစ်တာက အစိုးရပိုင်းက အားနည်းမှုတွေ ရှိတယ်။ ဒီကိစ္စ အားလုံးက အစိုးရ အပေါ်မှာပဲ မူတည် တယ်။ အခုလို အခြေအနေဆိုး ထပ်ဖြစ်ဖို့ မသင့်တော့ဘူး။ အစောပိုင်း အစိုးရက စုံစမ်းရေးကော်မရှင်တွေဖွဲ့တယ်။ ပထမ ကော်မရှင်လဲ ဘယ်ရောက်သွားလဲမသိတော့ဘူး။ နောက် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာကိုလည်း ရခိုင်ကို သွားခွင့်ပြုတယ်ဆိုတော့ အကောင်းဖက်မျှော်လင့်ထားခဲ့တယ်။ အခုလို အခြေအနေပြန်ဆိုးလာတာတော့ လွဲမှားနေပြီ ဆိုတာ ပြောလို့ရတယ်။ အစိုးရအနေနဲ့က တရားဥပဒေစိုးမိုးရေး လုံခြုံရေး နဲ့ ပြန်လည် တည်ငြိမ်ရေးကို အလေးပေး လုပ်ရမှာ။ ဟိုဟာ ဖုံး ဒီဟာ ဖုံးဖိထားတာတွေ မလုပ်ပဲ မြင်သာထင်သာ လုပ်ဖို့လိုတာ။
အခု မတည်ငြိမ်မှုတွေကြောင့် စစ်တပ်ပါလာပြီး စစ်အုပ်ချုပ်ရေး ဖြစ်လာတာကို လုံးဝ မလိုလားဘူး။ ဒါကို စစ်အုပ်ချုပ်ရေး တရားမ၀င် မဟုတ်ပါဘူးလို့ ပြောပြီး တကယ်တမ်း စစ်အုပ်ချုပ်ရေး လုပ်နေတာဟာ ရိုးသားမှု ရှိမှ ရှိပါ့မလား ဆိုပြီး ဒီလို တွေးစရာဖြစ်လာခဲ့တယ်။ တဖက်က သမ္မတက ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်။ စစ်တပ်က ထောက်ခံတယ်ပြောတယ်။ ရခိုင်မှာ အခုလို ပဋိပက္ခတွေ ထပ်ဖြစ်လာတာဟာ လူထုက စစ်တပ်ကို တောင်းဆိုလာအောင် ဖန်တီးတာလားဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိလာနေတယ်။
ဘာပဲပြောပြော တိုင်းပြည်မှာ လုံခြုံရေးကို အကြောင်းပြုပြီး စစ်တပ်က အုပ်ချုပ်ရေးမှာ ပြန်ဝင်လာတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။ တချို့ မသင်္ကာဖွယ်ရာ အချက်တွေလည်း မြင်လာရတယ်။ ဥပမာ ကျောက်နီမော် ကိစ္စလိုမျိုး ဖြစ်တာကို ချက်ချင်း တရား ဥပဒေနဲ့ အရေးယူတာမလုပ်ပဲ လွှတ်ပေးထားတဲ့ သ ဘောမျိုး ဖြစ်နေတယ်။ အဲဒီကနေ အခြေအနေဆိုးဝါးလာတဲ့အထိ ဖြစ်လာတယ်။ နောက် ဥပမာ OIC အိုအိုင်စီလိုကိစ္စမျိုးပေါ့။ အိုအိုင်စီ ရုံးခွဲဖွင့်ရေး ကိစ္စမှာ ၀န်ကြီးအဆင့်က လက်မှတ်ထိုးတယ်လည်း ပြောတယ်။ ညွှန်ကြားရေးမှူးချုပ်က နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးတယ်လည်း ပြောတယ်။ အဲဒီကိစ္စက ပွင့်လင်း မြင်သာမှု မရှိခဲ့ဘူး။ ဘယ်သူက ဘယ်လိုလက်မှတ်ရေးထိုးတယ်ဆိုတာ မသဲကွဲခဲ့ဘူး။
ဟိုဘက် အိုအိုင်စီက ရုံးစိုက်တော့မယ် အစရှိသဖြင့် အစီအမံတွေ လုပ်လာပြီး မြန်မာပြည်သူလူထုသိလာပြီးတော့မှ လူထုက မကျေနပ်တဲ့ အသံတွေ ထွက်လာခဲ့တယ်။ အဲဒီကနေ ပြည်သူလူထုက ဒါကို မလိုလားလို့ အိုအိုင်စီ ရုံးဖွင့်ခွင့် မပြုတော့ဘူးဆိုပြီး ကြေငြာတယ်။ ဒါက လူထုက တောင်းဆိုလာလို့ သမ္မတကြီးက လုပ်ခွင့်မပေးဘူး ရပ်လိုက်လို့ ဆိုတဲ့သဘော လုပ်ခဲ့တယ်။ ရခိုင်တွေ ဘက်မှာလည်း သမ္မတကြီးကောင်းလို့၊ သမ္မတကြီးကယ်လို့ သမ္မတကြီးဟာ အားကိုးရတဲ့သူဖြစ်တယ်ဆိုတော့ သမ္မတကို အမွှန်းတင်နေတာလား။ အဲဒီဟာတွေ အားလုံးက နိုင်ငံရေး ရည်ရွယ်ချက်၊ နိုင်ငံရေး ရည်မှန်းချက်နဲ့ ဖန်တီးယူတာလားဆိုပြီးတောင် ကျနော် ဒီလိုပဲ တွေးထင်လာတယ်။
အခု ကြေညာချက်တွေ ထုတ်တယ်။ ဟိုလူ လက်ညှိုးထိုး၊ ဒီလူလက်ညှိုးထိုး စသဖြင့် အဖွဲ့အစည်းတွေက နောက်ကွယ် က ကြိုးကိုင်တယ်ဆိုပြီး လုပ်လာတယ်။ ဒါဆို နောက်ကွယ်မှာ စစ်တပ်ကလည်း ခုနကပြောသလို ကယ်တင်ရှင်ကြီး အ ဖြစ် လူထုက တောင်းဆိုလာအောင်လို့ ကြိုးကိုင်ခဲ့တာရော ရှိမလား၊ ဒီလိုလည်း စဉ်းစားမိပြန်တယ်။ ဘာကြောင့်လည်း ဆိုတော့ တရား ဥပဒေစိုးမိုးရေးတွေ၊ လူ့ အခွင့်အရေးတွေဆိုတာနဲ့ ချည်းကပ်လုပ်ဆောင်ရမယ့် အစား အခြေအနေကို လွှတ်ပေးပြီး လမ်းမှားကို မောင်းပို့ခဲ့သလားဆိုပြီး တွေးမိတယ်။ သမိုင်းမှာ ဒါမျိုးတွေက ရှိခဲ့ဖူးလို့ပါ။
ပြောရရင် နောက်ကွယ်က ကြိုးကိုင်နေသူတွေ၊ အဖွဲ့အစည်းတွေ ရှိတယ်ဆိုတဲ့ သမ္မတရုံးက ကြေညာချက်အတိုင်း မရိုး သားမှုတွေ၊ လှုံ့ဆော်မှုတွေ နောက်လက်တွေကတော့ ရှိနေတာအမှန်ပဲ။ ဒီလိုကြေညာချက်ထွက်လာပြီး အရေးယူမယ် ပြောနေတုန်း ဟိုမှာက အကုန်နီးပါး ပြာကျကုန်ပြီ။ သေကြ ကျေကြဖြစ်ကုန်ပြီ။ နောက် စုံစမ်းရေး ကော်မရှင် ဆိုတာမှာလည်း Celebrities (နာမည်ကြီးသူများ) နဲ့သာဖွဲ့ထားပြီး တကယ် ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး စတဲ့ ဘက်ပေါင်းစုံက လူတွေမထည့်ပဲ ထားတာကြောင့် အခုထိ အလုပ်မဖြစ်ဘူး။
အခု ကော်မရှင်မှာ ရခိုင်ဘက်ကလူ၊ မွတ်ဆလင်ဘက်က လူ စသဖြင့် ကော်မရှင် အဖွဲ့ဝင်တွေကထဲက သတင်း တွေ ပေါက်ကြား၊ တချို့က ဖောက်ထုတ်ပစ်တာတွေ လုပ်လာတဲ့ သတင်းတွေလည်း ကြားနေရတယ်။ ကော်မရှင် အဖွဲ့ဝင်တွေမှာ ဆန္ဒစွဲ၊ ဂတိစွဲ ဘယ်လောက်ရှိနေလဲ ဆိုတာ ပြောမရနိုင်ဘူး။ ဆန္ဒာဂတိ ကင်းကင်းရှင်းရှင်း ထွက်လာတဲ့ အစီရင်ခံစာမျိုး ဖြစ်မှသာလျှင် မှန်မှန်ကန်ကန် ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် မလွယ်ဘူး။