Showing posts with label သတင်းရင်း (ရန်ပိုင်). Show all posts
Showing posts with label သတင်းရင်း (ရန်ပိုင်). Show all posts

Friday, August 26, 2011

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ်ချ

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ပုဒ်မ ၃၃ (က) အရ ရန်ကုန်မြောက်ပိုင်း ခရိုင် အင်းစိန် ထောင်တွင်း တရားရုံးက(၂၆.၀၈.၂၀၁၁) နေ့နေ့လယ် ၂ နာရီတွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်။
ဦးနေမျိုးဇင်သည် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် BG သွေးလှူ ဘဏ်တာဝန်ခံ တဦးဖြစ်ကြောင်း၊ ပြီးခဲ့ သည့် ဧပြီလ ၂ ရက်နေ့တွင် အထူးသတင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ စစ်ကြောရေး ကာလအတွင်း နှိပ်စက်မှုကြောင့် ခါးရိုးပဲ့သွား၍ လမ်းမလျှောက်နိုင်တော့ကြောင်း၊ တရားရုံးသို့ လက်တွန်းလှည်းဖြင့် လာရောက်အမှုရင်ဆိုင်ခဲ့ရကြောင်း လိုက်ပါဆောင်ရွက် ပေးနေသည့် ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။
“လမ်းမလျှောက်နိုင်ဘူး၊ မထိုင်နိုင်ဘူး။ အမြဲတမ်း လှဲနေရတယ်။ ဒါကြောင့် လက်တွန်းလှည်းနဲ့ ထုတ်ပြီး ပြစ်ဒဏ်ချတာ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကြည့်မြင်တိုင်မြို့နယ်ရှိ အရိုးအထူးကု ဆေးရုံတွင် ခါးဒဏ်ရာကို ကုသမှု ခံယူနေရသည်ဟု သိရ သည်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၃၉ ကျောင်းဆင်း အရာရှိ တဦးဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့ သူဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်ပြီး ၂ ရက်အကြာတွင် ဖမ်းဆီးခံခဲ့ရသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီး နောက်တရက် တွင် NLD သွေးလှူ လူငယ်အဖွဲ့ကို အကူအညီပေးနေခဲ့သည့် ဦးနေမျိုးဇင်ကို ထောင်ဒဏ် အပြစ်ပေးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ယုံကြည်ချက်ဖြင့် နိုင်ငံရေး လုပ်ကိုင်နေသူများ၊ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူများကို ၂၀၀၄ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အီလက်ထရွန်းနစ် ပုဒ်မမှ စ၍ အမှုအမည် အမျိုးမျိုးတပ်ကာ ဖမ်းဆီးလျက်ရှိသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ ကင်တားနားက မြန်မာနိုင်ငံ၌ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများကို စုံစမ်းစစ်ဆေးနေစဉ် ကာလတွင် ရိုက်နှက်ခြင်း၊ လိင်အင်္ဂါအပါအ၀င် ခန္ဓာကိုယ် တချို့ အစိတ်အပိုင်းများအား မီးရှို့ကာ နှိပ်စက်ညှဉ်းပမ်းခြင်း၊ နာမကျန်း ဖြစ်နေစဉ် ဆေးဝါးကုသမှု လုံလောက် စွာမပေးခြင်း၊ အစာရေစာဖြတ်တောက်ခြင်း၊ အိပ်စက်ခြင်းခွင့် မပေးခြင်းများရှိကြောင်း အစီရင်ခံစာတစောင် ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးတို့က မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မရှိဘဲ ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ် ကျခံရသူများသာ ရှိကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက မစ္စတာကင်တားနားနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယခုအစိုးရသည် သဘောထားပျော့ပြောင်းကြောင်း၊ နိုင်ငံတော်၏ လုပ်အားစု များကို အဆုံးအရှုံးခံပြီး အကျဉ်းထောင်ထဲ ထည့်ထားခြင်းမျိုးအား မည်သည့်အစိုးရကမျှ ပြုလုပ်လိုမည် မဟုတ်ကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောင့် အယှက် မပြုကြောင်း သေချာသည့် အချိန်တွင် အကျဉ်းသားများအား ပြန်လည်လွှတ်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။