Showing posts with label သတင်းရင်း(ဇာနည်ဝင်း). Show all posts
Showing posts with label သတင်းရင်း(ဇာနည်ဝင်း). Show all posts

Wednesday, September 14, 2011

ကိုရီးယား ဒုက္ခသည်အရေး အစိုးရတင်းကြပ်။

မြန်မာပြည်ရောက် မြောက်ကိုရီးယား ဒုက္ခသည်များအရေးကို ကိုင်တွယ်ရာတွင် အစိုးရက သဘောထား တင်းမာလာကြောင်း မကြာသေးမီက ၀ီကီလိကဖွင့်ချသည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။



ထိုအစီရင်ခံစာသည် ရန်ကုန်မြို့ အမေရိကန်သံရုံး၏ ဌာနတွင်းပေးစာဖြစ်ပြီး တောင်ကိုရီးယားသံတမန်တဦး၏ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ပြောကြားချက်များကို အခြေခံ ရေးသားထားခြင်းဖြစ်သည်။

"ဒုက္ခသည်များ အထိန်းသိမ်းခံနေရပြီး၊ မြန်မာအစိုးရအရာရှိတို့ကလည်း တောင်ကိုရီးယားသံရုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေသည်၊ မြောက်ကိုရီးယားထံမှ ခွင့်ပြုချက်ရမှ ထိုဒုက္ခသည်တို့ကို လွှတ်ပေးနိုင်မည်ဟု ပြောသည်" ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားတို့သည် မြန်မာအရာရှိများနှင့် ဆက်ဆံရေးကောင်းပုံရသည်ဟု သံရုံးအစီအရင်ခံစာတွင် သုံးသပ်ထားသည်။မြန်မာအစိုးရက ၎င်းတို့ လိုလားသူ မည်သူဖြစ်ကြောင်းကို လူမြင်ကွင်း အခမ်းအနားများတွင် ရင်းနှီးစွာ နေပြခြင်းဖြင့် ပြသလေ့ရှိသည်ဟုလည်း သုံးသပ်ထားသည်။

၁၉၈၃ ခုနှစ် ရန်ကုန်မြို့ အာဇာနည်ကုန်း ဗုံးခွဲမှုကို မြောက်ကိုရီးယားက ဖန်တီးခဲ့သောကြောင့် နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ပြတ်သွားသော်လည်း ၂၀၀၇ တွင် မြန်မာနှင့် မြောက်ကိုရီးယားတို့ သံတမန်ဆက်သွယ်မှု ပြန်လည် စတင်ခဲ့သည်။မြောက်ကိုရီးယား ဒုက္ခသည်များသည် တရုတ်နိုင်ငံကို ဖြတ်ပြီး နယ်စပ်မှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်သည်။

မြန်မာအစိုးရသည် ခိုလှုံခွင့်ရှာသူများအရေးနှင့် ပတ်သက်ပြီး တောင်ကိုရီးယားသံရုံးနှင့် ယခင်က ပူးပေါင်းဆောင်ရွက်မှုအပြည့်ရှိခဲ့ပုံကို ၀ီကီလိပေါက်ကြားမှု အစီရင်ခံစာပါ တောင်ကိုရီးယားသံအဖွဲ့ ဒုတိယအကြီးအကဲ၏ ပြောကြားချက်တွင် တွေ့ရသည်။

ရန်ကုန်မြို့ တောင်ကိုရီးယားသံရုံးသို့ ဆက်သွယ်ပြီး ခိုလှုံခွင့် ယူသူ အရေအတွက်မှာ နှစ်စဉ် ၅၀ ခန့် ရှိကြောင်း၊ သံရုံးက ထုတ်ပေးသည့် ခရီးသွားလက်မှတ်များဖြင့် မြန်မာပြည်မှ ထွက်ခွာသွားကြကြောင်း ဖော်ပြထားသည်။

ခိုလှုံခွင့်ရှာသူများကို ဖမ်းဆီးအကျဉ်းချမှု ၂ ကြိမ်ရှိကြောင်း၊ အစိုးရက ပထမအမှုတွင် ဖမ်းဆီးထားသူများကို တောင်ကိုရီးယားသံအရာရှိများထံ အပ်နှံလိုက်ကြောင်း ၂၀၀၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့စွဲတပ် အစီရင်ခံစာတွင် ရေးသားထားသည်။
ထိုနှစ် ဒီဇင်ဘာလတွင် ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့သို့  မြောက်ကိုရီးယား ၁၉ ဦး ရောက်ရှိလာသည်။ မြန်မာအာဏာပိုင်တို့က ၎င်းတို့ကို ဖမ်းဆီး စစ်ဆေးပြီး ရက်များမကြာမီတွင် ထိုင်းနိုင်ငံဘက်သို့ ပို့ဆောင်လိုက်သည်။တရုတ်ပြည်တွင် မြောက်ကိုရီးယားနိုင်ငံသား သုံးသောင်းမှ ငါးသောင်းအထိ ရှိမည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၀၇ ခုနှစ်တွင် ခန့်မှန်းထားသည်။

ဆင်းရဲကျပ်တည်းခြင်း၊ ဖိနှိပ်ခံရခြင်းတို့ကြောင့် မြောက်ကိုရီးယားပြည်သူ အများအပြားသည် တရုတ်နိုင်ငံဘက်သို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိသည်။ ၎င်းတို့ထဲမှ ရာခိုင်နှုန်းအနည်းငယ်သည် တရုတ်ပြည်ရှိ နိုင်ငံတကာသံရုံးများအတွင်း ၀င်ရောက်ပြီး ခိုလှုံခွင့်တောင်းကြသကဲ့သို့ အရှေ့တောင်အာရှဒေသရှိ ကိုရီးယားသံရုံးများသို့လည်း ဆက်သွယ် ခိုလှုံခွင့် ယူကြသည်။

ခိုလှုံခွင့်ယူမည့်ရည်ရွယ်ချက်ဖြင့်နယ်စပ်ဖြတ်ကျော်သူသည် မြောက်ကိုရီးယား ပြန်လည်ပညာပေးရေးစခန်းတွင်  အနည်းဆုံး ၅ နှစ်ကြာ ထိန်းသိမ်းခံရနိုင်သည်ဟု ပြီးခဲ့သည့်နှစ်ကထုတ်ပြန်သည့် အမေရိကန်နိုင်ငံခြားရေးဌာန၏ အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။