Showing posts with label သတင်းရင်း(ဒီဗီဘီ). Show all posts
Showing posts with label သတင်းရင်း(ဒီဗီဘီ). Show all posts

Monday, October 17, 2011

ကျောင်းသားများအပါအဝင် ဒေသခံများ ဗန်းမော် – လွယ်ဂျယ်လမ်း၌ ပိတ်မိ။

ကချင်ပြည်နယ် ဗန်းမော်နဲ့ လွယ်ဂျယ်လမ်းပေါ်ရှိ မိုးမောက်မြို့အထွက် ကျောက်စခန်းအနီးမှာ မနေ့က ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် မိုးမောက်မြို့နဲ့ စိန်လုံကျေးရွာအကြားရှိ လော့ဒန် ကျေးရွာမှာ ကျောင်းသား၊ ကျောင်းသူတွေအပါအဝင် လူ ၆ဝဝ ခန့် ခရီးဆက်မရဘဲ လမ်းမှာ ပိတ်မိနေပါတယ်။
-
သီတင်းကျွတ်ကျောင်းပိတ်ရက်အပြီး ကျောင်းပြန်တက်ဖို့ ဗန်းမော်ဘက် ပြန်တဲ့ တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်းကျောင်းသားတွေ အပါအဝင် ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ခရီးသည်တွေဟာ လွယ် ဂျယ်ဘက် ကနေ ဗန်းမော်မြို့ကို မနေ့က မနက်ပိုင်းက ဆိုင်ကယ်တွေနဲ့ဆင်း သွားခဲ့ရာ လော့ဒန်ကျေး ရွာမှာ ပိတ်မိနေတယ်လို့လွယ်ဂျယ်ဒေသခံတဦး က ပြောပါတယ်။
-
“ကျောင်းသားတွေ အပါအ၀င် ပိတ်မိနေတယ်။ လမ်းကြောင်း ပိတ်လိုက်တာ ဆင်းလို့မရတော့ တာ။ အောက်မှာ စစ်တပ်က ပစ်နေခတ်နေတာကို။ လွယ်ဂျယ်လည်း ပြန်တက်လို့ မရဘူး၊ ဆုတ်မယ် ဆိုရင်လည်း စိန်လုံက ပေးမသွားတော့ဘူး စစ်တပ်က။ ကျောက်စခန်းမှာက တိုက်နေ တာ။ အောက်ဘက်ကနေ တကယ်လို့ လက်နက်ကြီးပစ်ရင် ပြည်သူလူထုကြား တကယ်ကို ဒုက္ခရောက် မှာ။ ခြောက်ရာ ခုနှစ်ရာလောက် ပိတ်မိနေတယ်ဗျ။”
-
လူထုတွေ ပိတ်မိနေတဲ့ လော့ဒန်ကျေးရွာမှာ ကေအိုင်အေကလည်း တပ်စခန်း ထိုင်ထားတဲ့အတွက်  စစ်တပ် တပ်စွဲရာ ကျောက်စခန်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်မှာကို ဒေသခံတွေအကြား စိုးရိမ်နေကြတယ်လို့ လွယ်ဂျယ်ဒေသခံက ပြောပါ တယ်။
“ကေအိုင်အေက ရှိနေတယ် ခင်ဗျ။ ရောနှောပြီး နေကြတဲ့အခါ ကေအိုင်အေ ကတော့ ပြည်သူလူထုကို ထိမှာ စိုးတာပေါ့။ မိုးမောက်အကျော် ကျောက်စခန်းကနေတညလုံး တောက်လျှောက်ပစ်နေ တာ။ ပြည် သူတွေ ဘယ်လောက်တောင် သေတယ်ဆိုတာ သတင်းတောင် မရသေး ဘူး။ မနေ့က အောက်မှာ ဘာဖြစ်တယ် မသိဘူး။ ရှမ်းကလေးတယောက် ဆင်းသွားတာ၊ အဲဒီ ရှမ်းကလေးကို ကျောက်စခန်းမှာ ပစ်သတ်လိုက်တယ်လို့ ကြားတယ်။ ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ စိတ်ပူတာပေါ့၊ တကယ်လို့သာ အောက်ကနေ ပစ်ရင် ဒုက္ခရောက်ကုန်မှာ။”
-
စိန်လုံစခန်းမှာ ခလရ ၃၂၁ က တပ်ခွဲတခွဲတပ်စွဲထားပြီး မနေ့ကစလို့ ဗန်းမော်ဘက် ပြန်ဆင်းမယ့် ခရီးသည်တွေကို  အတင်းအကျပ် စစ်ဆေးနေလို့ ရှေ့ဆက်မသွားတော့ဘဲ လွယ်ဂျယ်က ပြန်လာခဲ့သူ တဦးကလည်း ခုလို ပြောပါတယ်။
-
“သေနတ်နဲ့တေ့ထားပြီးမှ ပစ္စည်းတွေ ကားလမ်းပေါ် အကုန်ပုံခိုင်းတာ။ ကျနော်တို့ လူကောင်းတွေပါ ပြောပြတာကိုလည်း မရဘူး၊ ခင်ဗျားတို့အားလုံး သူပုန်ပဲတဲ့။ ကျောင်းသားလေး နှစ်ယောက် ဆို သေနတ်နဲ့ တေ့ချိန်ထားပြီးမှမင်းကျောင်း သား ကတ် လည်း လာမပြနဲ့၊ မင်းတို့အားလုံး မယုံဘူး၊ ပစ်သတ်မယ် လုပ်တာ။ စိန်လုံက တပ်က။ ပစ္စည်းတွေ အကုန်သွန်၊ သေနတ်နဲ့ချိန်ပြီး လာတဲ့လူအားလုံးကို လုပ်နေတယ်။ ကျနော်တို့လည်း ဘယ်သွားရဲတော့မလဲ။ အစစ်ဆေးခံပြီးမှ ပြန်လှည့်လာခဲ့တာ။
-
ဗန်းမော်-လွယ်ဂျယ်လမ်းမှာ မိုးမောက်မြို့အထွက် ကျောက်စခန်းအနီးကစလို့  လွယ်ဂျယ်အနီး ယောရုံကျေးရွာအ ထိ လမ်းပိုင်းအတော်များများကို ကေအိုင်အေက ထိန်းချုပ်ထားပြီး အဲဒီလမ်းပိုင်းကြားထဲကမှ စိန်လုံကျေးရွာကိုတော့ စစ်တပ်က ထိန်းချုပ်ထားတာပါ။
တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ လွယ်ဂျယ် – ဗန်းမော်လမ်းဟာ ကုန်သွယ်မှု မလုပ်နိုင်ဘဲ ရပ်ထားရပြီး လမ်းတံတားတွေလည်း မိုင်းခွဲဖျက်ဆီးခံထားရတာမို့ ဆိုင်ကယ်တွေနဲ့ သွားလာနေရတာပါ။
-
ဒီနှစ် ဇွန်လဆန်းပိုင်းကစလို့ ဗန်းမော်ခရိုင်အတွင်းရှိ တာပိန်ရေအား လျှပ်စစ်စက်ရုံ စီမံကိန်းဒေသအတွင်း ကေအိုင်အေနဲ့ မြန်မာအစိုးရစစ်တပ်တွေ အကြား တိုက်ပွဲဖြစ်ခဲ့ရာကအစပြုလို့ နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်ပွားလာသလို ဒေသခံ ပြည်သူလူထုတွေလည်း အတိဒုက္ခရောက်နေကြပါတယ်။

Thursday, September 29, 2011

ဂျပန်အမျိုးသမီးတဦး ကျောက်ပန်းတောင်းမှာ သတ်ဖြတ်ခံရ။

နိုင်ငံခြားခရီးသွား ဂျပန်အမျိုးသမီး တဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နဲ့ ၁၂ မိုင်အကွာ တောတွင်းတနေရာမှာ သတ်ဖြတ်ခံရတယ်လို့ ကျောက်ပန်းတောင်း ရဲစခန်းက အတည်ပြု ပြောဆိုပါတယ်။

လည်ပင်းမှာ ညိုမဲတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဂျပန်အမျိုးသမီးရဲ့ အလောင်းကို ကျောက်ပန်းတောင်းကနေ ညောင်ဦးအသွား လမ်းဘေးက တောတွင်း တနေရာမှာ ၂၈ ရက်နေ့ညနေက တွေ့ရှိတယ်လို့ ရဲက ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသူ အသက် ၃၀ အရွယ် ဂျပန်အမျိုးသမီးကို သတ်တဲ့တရားခံကို ဖော်ထုတ်နိုင်အောင် အဲဒီအမျိုးသမီး ငှားရမ်းစီးနင်းတဲ့ ဆိုင်ကယ်ကယ်ရီသမားကို သံသယနဲ့ ထိန်းသိမ်းစစ်မေးနေတယ်လို့ ကျောက်ပန်းတောင်း ရဲစခန်းက ဒု-ရဲအုပ်စိုးလွင်က ပြောပါတယ်။

“ဂျပန်လူမျိုးပါ။ နာမည်တော့ စုံစမ်းတုန်းဖြစ်လို့ ဂျပန်ကောင်စစ်ဝန်ရုံးကို ဆက်ပြီး မေးနေတုန်းပါ။ မနေ့က လေးနာရီကျော်လောက်မှာဖြစ်တာ၊ ညောင်ဦးနဲ့ ကျောက်ပန်းတောင်း အစပ်မှာဖြစ်တာပါ။ သူတို့က ရွာသားတွေက အဲဒီထဲကို ဆိုင်ကယ်ဝင်သွားတာကို တွေ့လို့ ရွာသားတွေက ၀ိုင်းထားပေးပြီးတော့ အပြင်က အော်မှ သိတာ။ ရဲစခန်းကို အကြောင်းကြားတော့ ရဲတွေက လိုက်သွားပြီး သေသွားတဲ့ အလောင်းကိုပဲ တွေ့ရတယ်။ သူ့ပစ္စည်းတွေကို ဓာတ်ပုံရိုက်နေတုန်းပဲ။ ရင်ခွဲရုံမှာ စစ်ဆေးနေတုန်းပါ။ တကယ်သတ်တယ် ဆိုရင်တော့ မုဒိမ်းကျင့်ခံရရင်လည်း၊ မုဒိမ်းမှုပေါ့။ လူသတ်မှုတို့ ၂ ခုလုံးနဲ့ အရေးယူဖို့ စဉ်းစားထားပါတယ်။ အခုတော့ အမှုတော့ ဖွင့်ထားတယ်။ တရားခံကိုတော့ စစ်ဆေးတုန်းပါ။ ဂျပန်ကိုလည်း လောလောဆယ် အမှုကိစ္စ လုပ်နေတုန်းမို့လို့ အတိအကျ မဖြေနိုင်ပါဘူး။”

ဒီအမျိုးသမီးသေဆုံးမှုကို ရဲကသိပုံကတော့ အဲဒီဂျပန်အမျိုးသမီးကို ဆိုင်ကယ်နဲ့ တင်ခေါ်သွားတာကို တွေ့လိုက်တဲ့ဒေသခံတွေက အမျိုးသမီးတဦး အော်သံနဲ့ ဆက်စပ်ပြီး သတင်းပေးလို့ တွေ့ရှိခဲ့တာပါ။

အခုအချိန်မှာ အဲဒီအမျိုးသမီးထံက ပစ္စည်းလုယက်မှုနဲ့ အဓမ္မပြုကျင့်မှု ရှိမရှိ ပိုင်ဆိုင်မှုနဲ့ ဆေးစစ်မှုစတဲ့ ကိစ္စတွေကို ဆောင်ရွက် စစ်ဆေးနေတုန်းပဲလို့ ဒု-ရဲအုပ်က ပြောပါတယ်။

အသတ်ခံရသူ ဂျပန်အမျိုးသမီးရဲ့အလောင်းကို ကျောက်ပန်းတောင်း ဆေးရုံမှာပဲထားရှိပြီး နေပြည်တော်က မှုခင်းဆရာဝန် လာရောက် စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။

ဂျပန်ကောင်စစ်ဝန်ရုံးက သူတို့ဆီပို့ပေးဖို့ တောင်းဆိုထားချက်အရ အလောင်းကို ၂၉ ရက်နေ့ညနေမှာ ရန်ကုန်ကို ပို့ဆောင်မှာ ဖြစ်တယ်လို့ ဒု-ရဲအုပ်စိုးလွင်က ပြောပါတယ်။

ဒေသခံတွေအပြောအရ အဲဒီ ဂျပန်အမျိုးသမီးဟာ ကျောက်ပန်းတောင်းမြို့ကနေ ညောင်ဦးမြို့ကို ဆိုင်ကယ်ကယ်ရီငှားပြီး အသွားမှာ အသတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားပုံကို ဒေသခံတဦးက အခုလို ရှင်းပြပါတယ်။

“ကျောက်ပန်းတောင်းမှာ ညောင်ဦးသွားတဲ့ ကားဂိတ်ရှိတယ်။ အဲဒီမှာ ဆိုင်ကယ် ကယ်ရီက ၇ စီး၊ ၈ စီးလောက် အမြဲတမ်း ထိုင်နေတယ်။ ကားမစီးချင်တဲ့ ဧည့်သည်တွေကိုဆိုရင် ဆိုင်ကယ်နဲ့ သွားကြတယ်။ သူက အဲဒီဆိုင်ကယ်နဲ့ သွားတော့ ဟိုနားဒီနား ဓာတ်ပုံရိုက်လို့ရတယ်လေ။ ကျောက်ပန်းတောင်းက ထွက်ပြီးမှ ၁၂ မိုင်လောက်မှာ တောအုပ်လေးထဲမှာ ဖြစ်တာ။ ၀ါခင်းကြီးဆိုတဲ့ ရွာနားလေးမှာဖြစ်တာ။ လူသွားလူလာ နည်းနည်းပြတ်တယ်။ ဒါပေမယ့် ကျွဲကျောင်းသား၊ နွားကျောင်းသားတွေတော့ ရှိတာပေါ့။ အဲဒီမှာ သူတို့က တွေ့တယ်။ အော်သံလည်း ကြားတယ်ပေါ့။ ဆိုင်ကယ်လည်း ဝေါကနဲ့ ထွက်သံလည်းကြားတော့ အဲဒီမှာ ကျောက်ပန်းတောင်း ရဲစခန်းက ရောက်လာပြီး ဒေသခံတွေနဲ့ လိုက်ရှာတော့ ကျောက်ပန်းတောင်းနယ်ထဲမှာပဲ လာမိတယ်။”

ရဲက ဆိုင်ကယ်ကယ်ရီသမားတဦးကိုပဲ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဖြေပေမယ့် မြို့ခံတွေကတော့ ဆိုင်ကယ်ကယ်ရီသမားရဲ့ ညီကိုပါ ထိန်းသိမ်း စစ်မေးခံနေရတယ်လို့ ပြောပြပါတယ်။