Showing posts with label သတင်းရင်း(လင်းသန့်). Show all posts
Showing posts with label သတင်းရင်း(လင်းသန့်). Show all posts

Saturday, August 27, 2011

သဘာဝပစ္စည်းသုံးရန် စာရေးဆရာများလှုံ့ဆော်။

မန္တလေးမြို့မှ ဈေးတခုတွင် ဟင်းသီးဟင်းရွက် ရောင်းချနေပုံ။ ဓာတုဗေဒဆေး မသုံးဘဲ သဘာဝနည်းဖြင့် စိုက်ပျိုးသည့် အသီးအနှံတို့ကို ရွေးချယ်ရန် သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူများက တိုက်တွန်းနေကြသည် (ဓာတ်ပုံ - yuyu418)
သဘာဝ လူသုံးကုန်များ သုံးစွဲခြင်းဖြင့် သက်ရှည်ကျန်းမာစေပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တဦးချင်းစီက လုပ်ဆောင်ရာ ရောက်ကြောင်း ရန်ကုန်မြို့ရှိ သင်တန်းတခုတွင် စာရေးဆရာများ၊ ထင်ရှားသူများက ယနေ့ ဟောပြောပို့ချနေကြသည်။
 ကျန်းမာရေး နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ ပြန့်ပွားရေးအတွက် ဒဂုံမြို့သစ် မြောက်ပိုင်း၊ ၄၇ ရပ်ကွက်ရှိ အောင် ဖောင်ဒေးရှင်းက ပြုလုပ်သော သင်တန်းတွင် ပို့ချနေသူများမှာ ဒေါ်သန်းမြင့်အောင်၊ မိုးလေ၀သ ဦးထွန်းလွင်၊ ဒေါ်ဆွေဆွေလှိုင်၊ သက်ပိုင်ထွန်း တို့ ဖြစ်သည်ဟု သိရသည်။

“ခေါင်းလျှော်ရည်တို့၊ ဆပ်ပြာတို့ ဆိုတာတွေမှာ သဘာဝ ပစ္စည်းတွေနဲ့ လုပ်တဲ့ လူသုံးကုန်တွေဟာ လူ့ကျန်းမာရေးကို မထိခိုက်စေသလို သဘာဝ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်တဲ့ အကြောင်း ဆရာမ ဒေါ်သန်းမြင့်အောင်က ရှင်းပြပါတယ်” ဟု သင်တန်းတွင် ပူးပေါင်း လုပ်ဆောင်နေသည့် ကိုဗမျိုးသိန်းက ဧရာဝတီကို ပြောသည်။

လူသုံးကုန် အများစုမှာ ဓာတုပစ္စည်းများဖြင့် လုပ်ဆောင်ထားကြသဖြင့် သုံးစွဲသူများ ကျန်းမာရေး ထိခိုက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ခြင်းတို့ ဖြစ်ပေါ်စေသဖြင့် မိမိတို့ နေထိုင်ရာ ကမ္ဘာကြီး ပိုမိုအန္တရာယ်ရှိလာကြောင်း၊ ဤအကြောင်းအရာတို့ကို လူသားတိုင်း သိရှိနားလည်ရန် လိုအပ်သည့်အတွက် ပညာပေးဟောပြောနေရခြင်းဖြစ်ကြောင်း ကိုဗမျိုးသိန်းက  ဆက်လက် ရှင်းပြသည်။

“အခု လူ့အဖွဲ့အစည်းမှာ တိုးတက်လာတယ်လို့ ပြောပေမယ့် ခြင်ဆေးခွေတို့၊ ဓာတ်မြေသြဇာတို့၊ အသီးအနှံမှာ သုံးတဲ့ လှပအောင်၊ ကြီးထွားအောင် လုပ်တဲ့ ဓာတုဆေးဝါးနဲ့ လုပ်ထားတာတွေ များလာတာနဲ့ အမျှ လူတွေရဲ့ ကျန်းမာရေးတွေ အတွက် အန္တရာယ်များလာတယ်။ ဒါတွေကို သတိမထားမိဘဲ ဆက်သုံးစွဲနေခြင်းဟာ ကိုယ့်ကျန်းမာရေးနဲ့တကွ သဘာဝ ပတ်ဝန်းကျင်ကို အရမ်းထိခိုက်တယ်” ဟု ကိုဗမျိုးသိန်းက ပြောသည်။

သင်တန်းတွင် ပညာပေး စာရွက်စာတမ်းများ၊ ပိုစတာများကိုလည်း ခင်းကျင်း ပြသထားသည်။ သင်တန်းတက်ရောက်သူများက အသိပညာပေးလုပ်ငန်းများကို လက်ဆင့်ကမ်း လုပ်ကိုင်သွားကြမည်ဖြစ်ကြောင်း၊ ယနေ့သင်တန်းသို့ အနယ်နယ် အရပ်ရပ်မှ လာရောက်သူ ၄၀ ၀န်းကျင် ရှိပြီး လစဉ် သင်တန်းဖြစ်မြောက်ရေး စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းပို့ချမှုသည် လူထုအခြေပြု လူမှုအဖွဲ့အစည်း  ပိုမိုအားကောင်းလာစေရန်လည်း ရည်ရွယ်ပြီး ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်သည့် ပညာပေးမှုများ ပြုလုပ်သွားမည်ဟု သင်တန်း စီစဉ်သူများက ဆိုသည်။

Tuesday, August 23, 2011

ကုလသမဂ္ဂလူ့အခွင့်ရေးကိုယ်စာလှယ်ကို နိုင်ငံရေး အကျဉ်းသားများ အကြောင်းတင်ပြမည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရောက် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအရာရှိ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားနှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံစဉ် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ တိုင်းရင်းသားများအရေးတို့ကို ဆွေးနွေးမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။

ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီ ခွဲ၌ ရန်ကုန်မြို့၊ တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံရန် စီစဉ်ထားသည်ဟု NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဧရာဝတီကို ပြောသည်။

“အခု နောက်ဆုံး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာတာ၊ ဆုတ်ယုတ်နေတာတွေ အပါအ၀င် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး စတာတွေလည်း ဆွေးနွေးကြမှာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။

ထို့အပြင် NLD ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ပြီး တိုင်းရင်းသားဒေသ စစ်မီးများကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပြဿနာများ ဖြေရှင်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့အတွက် ကုလသမဂ္ဂက ပိုမို အားစိုက် လုပ်ဆောင်ပေးသွားရန် NLD က တိုက်တွန်းမည်ဟု ဆိုသည်။

NLD က လူ့အခွင့်အရေးကောင်စီသို့ တင်ပြမည့် ပါတီတရားဝင်ရပ်တည်ရေး၊ ဒီပဲယင်းဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှု၊ NLD ပါတီ အခွင့်အရေး ချိုးဖောက်ခံနေရမှုများ ဆိုင်ရာ အစီရင်ခံစာကို မစ္စတာကင်တားနားနှင့် တွေ့ဆုံစဉ် ပေးအပ်ရန် အစီအစဉ် ရှိမရှိကို ပါတီတာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် နိုင်ငံရေးအင်အားစုအသီးသီးနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။

“ကျနော်တို့ပါတီ အပါအ၀င် ကျန်တဲ့ပါတီ ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဖို့ ရှိပါတယ်၊ လူ့အခွင့်အရေး ကိစ္စ တွေနဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးတွေလည်း ဆွေးနွေးကြမှာပါ” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

မစ္စတာကင်တားနားက ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် အစီအစဉ် ရှိမရှိ မသိရသေးပေ။

မစ္စတာ ကင်တားနားသည် နေပြည်တော်တွင် ဒုတိယနေ့အဖြစ် ဆက်လက် ကျင်းပနေသော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့လည်း သွားရောက် လေ့လာခဲ့ကြောင်း၊ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယနေ့ နံနက် ၉ နာရီခွဲ၌လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ၊ အပါအ၀င် ကော်မတီ ဥက္ကဋ္ဌ ၁၂ ဦးနှင့် တွေ့ဆုံခဲ့သည်။

“ကင်တားနားက ကျနော်တို့ လွှတ်တော် ဥက္ကဋ္ဌကို အကျဉ်းသားလွှတ်ရေး အဓိက မေးတယ်။ ဥက္ကဋ္ဌရဲ့ ပြန်လည်ဖြေကြားတာကို သူကျေနပ်သွားပါတယ်” ဟု ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ဧရာဝတီကို ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံရေးအကျဉ်းသား ပြန်လည်လွှတ်ပေးရေး ကိစ္စများကို ဥပဒေကြောင်းအရ တဆင့်ပြီး တဆင့် လုပ်ဆောင်နေကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု ဦးခင်ရွှေက ပြောသည်။

မစ္စတာ ကင်တားနား ရောက်ရှိခိုက်တွင် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များကလည်း အကျဉ်းသားများ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် ထိရောက်သော အကူအညီပေးမှုရရှိရန် ကြိုးစားနေကြကြောင်း လူငယ်ကွန်ရက် ဦးဆောင်လှုပ်ရှားသူတဦးဖြစ်သူ ကိုဖြိုးမင်းသိန်းက ပြောသည်။

မြန်မာနိုင်ငံအတွင်း စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇ၀တ်မှုများကို ကိုင်တွယ်ရေးအတွက် ကုလသမဂ္ဂ၏ စုံစမ်းရေး ကော်မရှင် (COI) ဖွဲ့စည်းရေး တောင်းဆိုခဲ့သော မစ္စတာကင်တားနားကို မြန်မာအစိုးရသစ်က နိုင်ငံအတွင်း ၀င်ရောက် လေ့လာခွင့်ပေးခြင်းသည် အပြုသဘော ဆောင်သော လုပ်ရပ်ဟု NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။ 

အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံပေါင်း ၁၆ နိုင်ငံထက်မနည်းက COI အမြန်ဆုံး ဖွဲ့ရေးအတွက် ထောက်ခံထားသည်။