Showing posts with label သတင်းရင်း(သန်းထိုက်ဦး). Show all posts
Showing posts with label သတင်းရင်း(သန်းထိုက်ဦး). Show all posts

Thursday, September 15, 2011

ထိုင်းစစ်ဗိုလ်ချုပ် နေပြည်တော်သွား။

ထိုင်း ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် Prayut Chan O Cha သည် နေပြည်တော်သို့ ယမန်နေ့က သွားရောက်ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပါအ၀င် ထိပ်တန်း ဗိုလ်ချုပ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မြန်မာအစိုးရ သတင်းစာများတွင် ယနေ့ ရေးသားထားသည်။

“နှစ်နိုင်ငံ တပ်မတော်များ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ရှိစေရန်နှင့် တပ်မတော် နှစ်ရပ် အကြား ညှိနှိုင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်” ဟု အစိုးရ သတင်းစာက ဆိုသည်။

ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ ဘာသာစကား အပြန်အလှန် သင်ကြားရေး၊  နယ်စပ်ပြဿနာများ အရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုက်ဖျက်ရေး စသည်တို့ကို ဆွေးနွေးရန်ရှိကြောင်း ခရီးစဉ် မစတင်မီ ဗိုလ်ချုပ် Prayut Chan O Cha က ပြောကြားခဲ့သည်ဟု သိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး နောက်ပိုင်း ထိုင်းနှင့် မြန်မာ အာဏာပိုင်များ အကြား တွေ့ဆုံမူ ပိုစိတ်လာသည်။

ပြီးခဲ့သည့်လတွင်လည်း မူးယစ်ဆေးဝါး ပူးပေါင်း နှိမ်နင်းရေးအတွက် နှစ်နိုင်ငံ ကိုယ်စားလှယ်များ ရန်ကုန်တွင် ၂ ရက်ကြာ ဆွေးနွေးခဲ့သေးသည်။

တနင်္လာနေ့ကလည်း နယ်စပ်ဖြတ်ကျော် မှုခင်း နှိမ်နှင်းရေးဌာန တာဝန်ခံ ရဲ ဒုဗိုလ်ချုပ်ကြီး ရတ်ဖိဖတ် ပါလအုန်က

မြန်မာနိုင်ငံ အပေါ် ထားရှိသည့် ထိုင်းအစိုးရသစ်၏ မူဝါဒ၊  နယ်စပ်ဖြတ်ကျော်မှုခင်း နှိမ်နှင်းရေး ဆိုင်ရာ ညွန်ကြားချက်များအကြာင်းကို နယ်စပ်ဒေသ မဲဆောက်မြို့ အခြေစိုက် သတင်းထောက်များကို ပြောကြားခဲ့သည်။

"ကျနော်တို့အစိုးရ မှာ မြန်မာလူမျိုးစု လက်နက်ကိုင် အဖွဲ့တွေကို လက်နက် ထောက်ပံ့တဲ့ မူဝါဒ မရှိဘူး။ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကို ကူညီနေသူတွေ လက်နက်မှောင်ခိုတွေကို စစ်ဆေးတွေ့ရှိခဲ့မယ် ဆိုရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် ပြင်းပြင်း ထန်ထန် အရေးယူသွားမှာဖြစ်တယ်" ဟု ဒုဗိုလ်ချုပ်ကြီး ရတ်ဖိဖတ် ပါလအုန်က ပြောသည်။

အိမ်နီးချင်း မိတ်ဆွေနိုင်ငံ၏ ပြည်တွင်းရေးကို လုံးဝ ၀င်ရောက် စွက်ဖက်မည် မဟုတ်ဟုလည်း သူက ဖြည့်စွက် ပြောကြားသည်။

ဒေသခံ ရဲတပ်ဖွဲ့များနှင့် တွေ့ဆုံရာတွင် လက်နက်မှောင်ခို နှိမ်နှင်းရေးကို အဓိက ပြောကြားခဲ့ပြီး နယ်စပ်ဖြတ်ကျော် မှုခင်းများဖြစ်သည့် မော်တော်ယာဉ် ခိုးထုတ်မှု အပါအ၀င် မူးယစ်ဆေးဝါး ပြဿနာများကို အထူး နှိမ်နှင်းသွားရန်လည်း ညွန်ကြားခဲ့သည်ဟု ဆိုသည်။

Wednesday, August 31, 2011

KNUခေါင်းဆောင် မန်းငြိမ်းမောင်ကို အစိုးရ ဖမ်းမိ

ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို တရုတ် အာဏာပိုင်များက မြန်မာနိုင်ငံသို့ ပို့ဆောင်လိုက်သဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရကြောင်း မိသားစုဝင်များ၊ လုပ်ဖော် ကိုင်ဖက်များက ပြောသည်။မန်းငြိမ်းမောင်သည် တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနက ပြည်ဝင်ခွင့် မပြုဘဲ တရုတ်ပြည်သို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း၊ တရုတ်အာဏာပိုင်များက သူ့ကို ကူမင်းလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ယခင်လက ရန်ကုန်သွားမည့် လေယာဉ်တစီးဖြင့် မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မန်းငြိမ်းမောင်၏ သားကြီးဖြစ်သူက “အဖေ့ သတင်းကြားရတာ သိပ်မကောင်းဘူး၊ ကျနော်တို့ နောက်ဆုံးသိရတဲ့ သတင်းက အဖေ မြန်မာထောက်လှမ်းရေးလက်ထဲ ရောက်သွားပြီလို့ ကြားသိရတယ်” ဟု  ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဧရာဝတီကို ပြောသည်။မန်းငြိမ်းမောင်သည် ထိုင်းမြန်မာနယ်စပ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လက မန်းငြိမ်းမောင်သည် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ သွားရောက်လေ့လာခဲ့သေးကြောင်း စစ်ရေး လေ့လာသူများ အဆိုအရ သိရသည်။

KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC)တွင် ပဒိုမန်းငြိမ်းမောင်က  ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။

KNU တာဝန်ရှိသူများကလည်း  မန်းငြိမ်းမောင်၏ ဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းဆဲဖြစ်သည်ဟု ထိုင်းမြန်မာနယ်စပ်တွင် နေထိုင်သည့် သူ့မိသားစုဝင်များက ပြောသည်။

မန်းငြိမ်းမောင် မြန်မာပြည်တွင် အဖမ်းခံရပါက သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့်  အကြီးအကျယ် နှိပ်စက်ခံရဖွယ်ရှိသည်ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောအားတိုးက ဆိုသည်။

မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည်အကျဉ်းစခန်း၊ ထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူးသည်။

ကိုကိုးကျွန်းအကျဉ်းစခန်းတွင် ရှိနေစဉ်  မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကိုအောင်ငွေ တို့နှင့်အတူ ပင်လယ်ပြင် မိုင်ပေါင်း ၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးနိုင်ခဲ့သည်။  သို့သော်လည်း ပြည်မသို့ အရောက်တွင် ဒေသခံ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုအတွေ့အကြုံများကို ၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။

ကိုကိုးကျွန်းရောက် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း မန်းငြိမ်းမောင် ပါဝင်ခဲ့သည်။