Showing posts with label သတင်းရင်း(နော်နိုရင်း). Show all posts
Showing posts with label သတင်းရင်း(နော်နိုရင်း). Show all posts

Wednesday, September 28, 2011

ကချင်ပြည်နယ် အန်ဒီအက်ဖ်ပါတီ စည်းရုံးရေးတာဝန်ခံ ဒေါ်ဘောက်ဂျာ တိမ်းရှောင်နေရ။

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ရဲ့ စည်းရုံးရေးတာဝန်ခံ ဒေါ်ဘောက်ဂျာက ရန်ကုန်ကနေ ကချင်ပြည်နယ်အသွားလမ်းမှာ သူ့ကို ရဲက တားဆီးမယ်လို့ကြားလို့ ရှောင်တိမ်းပုန်းအောင်းနေရတယ်လို့ ပြောပါတယ်။

“ကချင်ပြည်နယ် စည်းရုံးရေးတာဝန်ခံဆိုတော့ လူငယ်တွေကို အမြင်ဖွင့်ပေးတဲ့ သင်တန်းလေးတွေ လုပ်ဖို့ဆိုပြီးတော့ ရန်ကုန်ကနေ မြစ်ကြီးနားကို တက်လာတာပေါ့လေ။ လမ်းမှာ ရဲတွေက တားဆီးရှာဖွေတာတွေ ကြားရတော့ ဘူတာမှာလည်း စောင့်နေတယ်၊ အိမ်မှာလည်း စောင့်နေတယ်ဆိုတော့ အဲဒီလို သတင်းကြားတာနဲ့ မြစ်ကြီးနား မရောက်ဘဲနဲ့ တခြားနေရာမှာ ရှောင်နေရတာပေါ့လေ။ မန္တလေး ဆက်သွားမယ်ဆိုရင် ဦးမြင့်တင်ရဲ့ အိမ်ပတ်လည်မှာ ရဲတွေ စောင့်နေတာတို့ ဘာတို့ပေါ့ အဲလို ဖြစ်နေတော့ မန္တလေးလည်း မဆင်းဖြစ်ဘဲ လမ်းခုလတ်မှာ ရှောင်နေရတာပေါ့။”

အခုလ ၂၂ ရက်နေ့ကတည်းက ရန်ကုန်ကနေ ထွက်ခွာသွားတာ ဖြစ်ပေမယ့် တားဆီးစစ်ဆေးမယ့် သတင်းကြောင့် မြစ်ကြီးနားလည်းမရောက်၊ ရန်ကုန်လည်း မပြန်နိုင် ဖြစ်နေတယ်လို့ ပြောပါတယ်။ အာဏာပိုင်တွေအနေနဲ့ အခုလို တားဆီးမှုလုပ်တာဟာ မြစ်ဆုံရေကာတာ ကန့်ကွက်ရေးလှုပ်ရှားမှာကို စိုးရိမ်တာ ဖြစ်တယ်လို့ ဒေါ်ဘောက်ဂျာက မှတ်ချက်ပေးပါတယ်။

“သူတို့အနေနဲ့က ကျမက ကချင်ပြည်နယ်တက်လာတယ်ဆိုတော့ မြစ်ဆုံ အဓိကလုပ်မယ်လို့ ထင်လို့ ဖြစ်ပါလိမ့်မယ်။ မြစ်ဆုံကိစ္စကတော့ လောလောဆယ် ဘာမှ မလုပ်သေးပါဘူး။”

ဒေါ်ဘောက်ဂျာဟာ မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက် လှုပ်ရှားဆောင်ရွက်မှုမှာ ပါဝင်သူဖြစ်ပြီး အခုနှစ် ဇန်န၀ါရီလက ကချင်ပြည်နယ်က လယ်သိမ်းမှုနဲ့ ပတ်သက်ပြီး လယ်သမားတွေကို ကူညီတရားစွဲဆိုခဲ့သူ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာလည်း ဒေါ်ဘောက်ဂျာဟာ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ကိုယ်စားပြုပြီး ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်င်ခဲ့ပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့ပါတီကိုယ်စားလှယ် စစ်ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့ပါတယ်။
ဒေါ်ဘောက်ဂျာ

Sunday, September 25, 2011

ဧရာဝတီမြစ်ဆုံကန့်ကွက်ရေးနဲ့ နိုင်ရေးအကျဉ်းသားလွတ်မြောက်ရေး လက်မှတ်စုဆောင်း။

ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၅ ခုက ဧရာဝတီ မြစ်ဆုံရေကာတာ အလိုမရှိကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့ လက်မှတ်ထိုးလှုပ်ရှားမှုကို ဒီနေ့ကစပြီး ၃ ရက်တာ ပြုလုပ်မယ်လို့သိရပါတယ်။
ရန်ကုန်တိုင်း တွံတေး၊ ကော့မှူး၊ ကွန်းခြံကုန်း၊ ဒလနဲ့ ဆိပ်ကြီးခနောင်တို စတဲ့ မြို့နယ် ၅ ခုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဦးဆောင်ပြီး လက်မှတ်ထိုး လှုပ်ရှားမှုလုပ်ဆောင်တာ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ဆုံရေကာတာကို အလိုမရှိကြောင်းနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးဖို့ ပြည်သူတွေကြား လက်မှတ်ကောက်ခံတာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၂၄ ကနေ ၂၆ အထိ လက်မှတ်တွေ စုဆောင်းမှာဖြစ်ပြီး ရရှိတဲ့ လက်မှတ်တွေကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ အစိုးရထံ တရားဝင် ကန့်ကွက်စာ ပို့မယ်လို့ ဒလမြို့နယ် အဖွဲချုပ်ဝင် ဦးထွန်းရီက ပြောပါတယ်။
“မြစ်ဆုံစီမံကိန်းက ကျနော်တို့ တမျိုးသားလုံးကို ထိခိုက်မယ့် ကိစ္စပါ။ အဓိကက ဆန်စပါး သီးနှံတွေကအစ မြစ်ဝကျွန်းပေါ်ဒေသတွေကို အမှီပြုပြီး လူဦးရေ သန်း ၆၀ လောက် ရှင်သန်နေရတဲ့ နေရာကြီး တစုံတခု ဖြစ်သွားရင် ကျနော်တို့ တတိုင်းပြည်လုံး နစ်နာမယ်။ အဲဒီလို အနေအထားမျိုးကို ပြည်သူတွေက လုံးဝ လက်မခံနိုင်ဘူး။
“ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေးဟာ အစိုးရဟောင်း လက်ထက်ကတည်းက ဖမ်းဆီးထားတဲ့သူတွေ၊ ဝေးလံတဲ့ထောင်တွေကို ပို့ထားတယ်။ ဒါတွေကို ပြည်သူတရပ်လုံးက သိနေတယ်။ အခု အစိုးရသစ်လက်ထက်မှာလည်း အစိုးရဟောင်း လက်ထက်က မကောင်းမှုတွေကို လက်ဆင့်ကမ်းအမွေအနေနဲ့ ဆက်လက်ကျင့်သုံးနေရင် ပြည်သူက ဒါကို လုံးဝသည်းမခံနိုင်တဲ့ အနေအထားတခု ရောက်လာတယ်။
“ကျနော်တို့က ပြည်သူလူထုနဲ့ အမြဲတမ်း ထိတွေ့နေရတဲ့သူတွေ ဖြစ်တော့ ပြည်သူရဲ့ ဆန္ဒတွေ၊ သဘောထားတွေကို သိနေတဲ့အပေါ်မှာ ဒါပြည်သူရဲ့ တောင်းဆိုချက်ကို အကောင်အထည် ဖော်ပေးခြင်း ဖြစ်ပါတယ်။ အဲ့တော့ မြစ်ဆုံရေကာတာစီမံကိန်း ရပ်တန့်ပေးပါ။ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးပါ။ တကယ်လို့ အဲဒီတောင်းဆိုချက်ကို မလိုက်လျောဘူးဆိုရင် နောက်ထပ် ရှေ့ကို ခြေတလှမ်းတိုပြီး အလုပ်လုပ်ဖို့ ရှိပါတယ်။ ပြည်သူလူထုကလည်း ဒါနဲ့ပတ်သက်လို့ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်။ ကမ်းလည်း ကမ်းလှမ်းထားပါတယ်။”
ဒီနေ့စတင်တဲ့ ၅ မြို့နယ်က လက်မှတ်ထိုး လှုပ်ရှားမှုမှာ မနက် ၆ နာရီကနေ စတင်လုပ်ဆောင်တာ ဖြစ်ပါတယ်။ ကွန်းခြံကုန်းမြို့နယ်က ဒီနေ့လှုပ်ရှားတဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကွမ်းခြံကုန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးမြင့်သိန်းက အခုလို ပြောပါတယ်။
“ခေါင်းစဉ်က ဧရာဝတီမြစ်ဆုံရေကာတာကို ကန့်ကွက်ခြင်းနဲ့ နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ခြင်းဆိုပြီး ငါးမြို့နယ်ကို တပုံစံတည်းလုပ်ပြီး လက်မှတ်ထိုးတဲ့အခါမှာ ရှမ်းစုကျေးရွာကစပြီး လက်မှတ်ထိုးတယ်။ လမ်းသွားလမ်းလာတွေရော ကြည့်ပြီးတော့ စာတမ်းကိုဖတ်ပြီး လက်မှတ်ထိုးကြတယ်။ အဲဒီရွာတင် ၁၂၀ လောက်ရတယ်။”
တွံတေးမြို့နယ်မှာတော့ သံဃာတော်တွေ အပါအ၀င် လူထုအတော်များများ လာရောက် လက်မှတ်ထိုးမှုတွေ ပြုလုပ်တယ်လို့ တွံတေးမြို့နယ်က ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးအောင်ဖေ ပြောပါတယ်။
မြစ်ဆုံ ရေကာတာ ဆောက်လုပ်ရေးစီမံကိန်းနဲ့ ပတ်သက်ပြီး ပညာရှင်တွေ၊ အနုပညာသမားနဲ့ နိုင်ငံရေးသမားတွေကိုလည်း ရပ်တန့်ဖို့နဲ့ ဒီစီမံကိန်းကို ပြန်လည်သုံးသပ်ပေးဖို့ အစိုးရသစ်ဆီ တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပါတယ်။ ဒါပေမယ့် အစိုးရဘက်ကတော့ ဒီစီမံကိန်းဆက်လုပ်ဖို့ ပြောဆိုမှုတွေ ရှိနေပါတယ်။