Showing posts with label သတင်းရင်း(ပေါ်ပြူလာဂျာနယ်). Show all posts
Showing posts with label သတင်းရင်း(ပေါ်ပြူလာဂျာနယ်). Show all posts

Sunday, September 25, 2011

ဖားကန့် ကျောက်စိမ်းလုပ်ကွက် တိုင်းရင်းသားအမည်ခံ ပြည်ပလုပ်ငန်းရှင်(တရုတ်)တို့ ၉၅ ရာခိုင်နှုန်း နေရာယူ

မြန်မာ့ကျောက်စိမ်း လုပ်ကွက်များ အဓိက လုပ်ကိုင်လျက်ရှိသော ဖားကန့်ဒေသတွင် လုပ်ငန်းရှင်များ၏ ၉၅ ရာခိုင်နှုန်းခန့်မှာတိုင်းရင်းသားအမည်ခံ ပြည်ပလုပ်ငန်းရှင်များဖြစ်ကြောင်း ကျောက်မျက်တူးဖော်ရောင်းဝယ်   ရေးကုမ္ပဏီတစ်ခုမှ သိရသည်။ “အရင်နှစ်တွေက တိုင်းရင်းသားလူမျိုးစုတွေ တစ်နိုင်တစ်ပိုင်လုပ်တဲ့ မှော်တွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ မရှိတော့ဘဲ လုပ်ငန်းရှင်ကြီးတွေပိုင်ဆိုင်တဲ့ မှော်တွေ ဖြစ်ကုန်တယ် ။ မြန်မာတိုင်းရင်းသား ပိုင်ဆိုင်မှုက ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်”ဟု ကျောက်မျက်တူးဖော် ရောင်း ဝယ်ရေး ကုမ္ပဏီတစ် ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၁၉၉၂ ခုနှစ်အထိသာ တိုင်းရင်းသားလူ မျိုးစုများ၏ တစ်နိုင်တစ်ပိုင် လုပ်ကွက်များရှိခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် တိုင်းရင်းသားအမည်ခံ ပြည်ပလုပ်ငန်း ရှင်များ ဝင်ရောက်လာကာ တစ်နိုင်တစ်ပိုင်လုပ်ကွက်များ နေရာပျောက်သွားခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။ “အရင်က လူအင်အားနဲ့ တူးကြတာဆိုတော့ တောင်တစ်တောင် ဖြိုဖို့ဆိုတာ အကြာကြီးပဲ။ အခုကတော့ တောင်တစ်တောင်ဟာ တစ်လပဲကြာတယ်၊ ချောင်းတွေဖြစ်ကုန်ရော။ မိုင်းတွေနဲ့ခွဲ၊ မြေကော်စက်တွေနဲ့ တူးယူနေကြတာ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ လုပ်ငန်းရှင်ကြီးများက ၄င်းတို့လုပ်ကွက်များအား ခြံခတ် လုပ်ကိုင်ကြပြီး ကျောက်ကြောမြေသားများပါ ရှာဖွေပြုလုပ်ရန် သယ်ဆောင်ကြခြင်းကြောင့် ရေမဆေးကျောက် ရှာဖွေသော တိုင်းရင်းသားများမှာ ခက်ခဲလာကြကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ကျောက်စိမ်းကျောက်မျက် အဓိက ထွက်ရှိသော ဒေသများမှာ ဖားကန့်၊ လုံးခင်း၊ တာမခန်၊ မှော်မောင်လယန် အစရှိသော ဒေသများဖြစ်ပြီး အဆိုပါ ဒေသများရှိ ကျောက်ကြောရှိရာ တောင်ကြီးများမှာ နှစ်အနည်းငယ်အတွင်း ပျောက်ကွယ်နိုင်ဖွယ်ရာ ရှိကြောင်း ကျောက်မျက်တူးဖော်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။