Showing posts with label သတင်းရင်း(7Days news journal). Show all posts
Showing posts with label သတင်းရင်း(7Days news journal). Show all posts

Friday, February 1, 2013

ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် မြန်မာရဲများ၌အရည်အချင်းပြည့်မီသူမရှိသေး။

နေပြည်တော်၊ ဇန်န၀ါရီ-၂၅

ကုလသမဂ္ဂလက်အောက်ရှိ ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တစ်ဖွဲ့အား ခေါ်ယူခဲ့သော်လည်း သတ်မှတ်ထားသော အရည်အချင်းပြည့်မီသူမရှိသဖြင့် စေလွှတ်နိုင်ခဲ့ခြင်းမရှိ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ စီမံရေးနှင့် လေ့ကျင့်ရေး ညွှန်ကြားရေးမှူး ရဲမှူးကြီးဝင်းခေါင် ကပြောသည်။

“သတ်မှတ်ထားတဲ့ အရည်အချင်းတွေထဲက အင်္ဂလိပ်စကားအပြင် UN (ကုလသမဂ္ဂ)က အသိအမှတ် ပြုထားတဲ့ တခြားဘာသာစကားတတ်ရမယ်ဆိုတဲ့ အချက်က အခု လောလောဆယ်မှာ အဓိကက အခက်အခဲဖြစ်သွားတယ်” ဟု ရဲမှူးကြီးဝင်းခေါင်က ပြောသည်။

ထိုကဲ့သို့ ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် လွတ်လပ်ရေးရပြီး နောက်ပိုင်း
မြန်မာနိုင်ငံမှရဲတပ်ဖွဲ့များကို ခေါ်ယူခဲ့သော်လည်း မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီခေတ် နောက်ပိုင်းမှစ၍ ကုလသမဂ္ဂ
သည် မြန်မာနိုင်ငံမှ မခေါ်ယူတော့ဘဲ ၂၀၁၂ ခုနှစ်တွင်မှ ပြန်လည်ခေါ်ယူခြင်းဖြစ်သည်ဟု ရဲမှူးကြီးဝင်းခေါင်က ပြောသည်။

“UN ငြိမ်းချမ်းရေးတပ်ဖွဲ့တွေက ပဋိပက္ခဖြစ်တဲ့နေရာမှာ တပ်က ထိန်းသိမ်းပြီးလို့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ အဓိကတာဝန်ယူရတာဖြစ်တယ်” ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေး ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောသည်။

“အီးမေဂျာ(အင်္ဂလိပ်စာ)နဲ့ ကျောင်းပြီးပြီး နှစ်ဘာသာ၊ သုံးဘာသာ ပြောနိုင်တဲ့လူတွေရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုတော်တဲ့လူတွေ ကျတော့ လူကြီးတွေက သူတို့နားခေါ်ထားတာ” ဟု ဒုရဲအုပ်တစ်ဦးက ပြောသည်။ သို့သော် မှုခင်းတပ်ဖွဲ့များမှ အရာရှိများထဲတွင် ဘာသာစကားနှင့် အိုင်တီနည်းပညာကျွမ်းကျင်သူ နည်းပါးနေသေးကြောင်း အဆိုပါဒုရဲအုပ်ကပြောသည်။

ထို့ကြောင့် ယခုအခါ ရဲတပ်ဖွဲ့အတွင်း ဘာသာစကား အပါအ၀င် အခြားသော စွမ်းဆောင်ရည်မြှင့်တင့်သည့် လုပ်ငန်းများအား ပိုမိုလုပ်ဆောင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ယခင်ရဲတပ်ဖွဲ့ဝင် အင်အား တစ်သိန်းဝန်းကျင်ရှိရာမှ ယခုအခါ တစ်သိန်းနှစ်သောင်းထိ တိုးချဲ့ဖွဲ့စည်းနေပြီဖြစ်သည်။

Wednesday, January 9, 2013

လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ ဖွဲ့စည်း။

Wednesday, January 09, 2013

လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ်အား နိုင်ငံတော်အစိုးရမှ ဇန်န၀ါရီ ၈ ရက် ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀ဘ်ဆိုဒ်တွင်ယနေ့ ဖော်ပြထားသည်။

ယင်းကော်မတီတွင် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊သမ္မတရုံး ၀န်ကြီးဌာန ၁၊၂၊၃ နှင့် ၅ တို့မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသိန်းညွှန့်၊ဦးစိုးမောင် ဦးစိုးသိန်း နှင့် ဦးတင်နိုင်သိန်း၊ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်၊နိုင်ငံတော် သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးသန်းကျော်တို့ ပါဝင်ဖွဲ့စည်းထားပြီး နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းက အတွင်းရေးမှူး အဖြစ်ဆောင် ရွက် မည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် အစိုးရအဖွဲ့အစည်းများအတွင်း အဂတိတရာများကင်းရှင်းရေးနှင့် လဘ်ပေး လဘ်ယူမှုများပပျောက်ရေးတို့အတွက် ယင်းကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
 

Saturday, October 22, 2011

ရွှေချောင်းအတွင်း အောက်တိုဘာ ၂၂ ရက်တွင် အလောင်း ရှစ်လောင်း ထပ်မံတွေ့ရှိ။

                                             ကျိုးကျသွားသောရွှေချောင်းတံတား



ပခုက္ကူမြို့ ရွှေချောင်းအတွင်းမှ အောက်တိုဘာ ၂၂ ရက်တွင် အလောင်းများ ထပ်မံတွေ့ရှိရကြောင်း သတင်းရရှိသည်။
 ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူအချို့က တရားဝင် စာရင်းအရ ယနေ့တွင် ရွှေချောင်း တစ်လျှောက် သဲနုန်းများအောက်မှ ရှစ်လောင်း ထပ်မံတွေ့ရှိရ သည်ဟု ပြော သည်။ အောက် တိုဘာ ၂၁ ရက်ကလည်း မနက်ပိုင်းတွင် ရှစ်လောင်းနှင့် ညနေပိုင်း တွင် နှစ်လောင်း ထပ်မံတွေ့ရှိသည်။ ထို့ကြောင့် အောက် တိုဘာ ၂၂ ရက် ညနေအထိ အလောင်း ၇၀ တွေ့ရှိပြီးဖြစ်ကြောင်း မြို့နယ်အုပ် ချုပ်ရေးမှူးရုံးမှ စာရင်းကိုကြည့်၍ ဒေသခံအချို့က ပြောသည်။
သို့သော် လူသေဆုံး၊ ပျောက်ဆုံးနှင့် ဒုက္ခသည်စာရင်းများ ပြုစုနေသော အာဏာပိုင်များထဲမှ တစ်ဦးက အထက်သို့ ၅၈ ဦးသာ ပျောက်ဆုံးသည်ဟု တင်ပြထားပြီး၊ ၂၀ ဦးဝင်းကျင်သာ အလောင်းပြန်ရသေးသည်ဟု ဆိုသည်။ ၎င်းက အောက်တိုဘာ ၂၂ ရက်တွင် ထပ်မံတွေ့ရှိရသော ရုပ်အလောင်းမှာ ရှစ်လောင်မဟုတ်ဘဲ လေးလောင်းသာ ရှိသည်ဟု ဆိုပြန်သည်။
ဧရာဝတီမြစ်အတွင်း အလောင်းများ လိုက်လံကူညီဆယ်ယူပေးနေသည်အချို့ကမူ အောက်တိုဘာ ၂၂ ရက်အထိ အလောင်း ၁၀၀ ကျော် ဆယ်ယူပေးခဲ့ပြီဖြစ်ကြောင်း ပြောသည်။
"သူတို့က ပျောက်ဆုံးစာရင်းကို ၅၈ ဦးနဲ့ ရပ်ထားတယ်။ ထပ်လာလည်း မတိုးတော့ဘူး။ သူတို့ဆီကို စာရင်းမပို့နိုင်တဲ့လူတွေ၊ မိသားစုလိုက် သေကုန်လို့ စာရင်းထဲမပါတဲ့လူတွေက အများကြီးပဲ" ဟု မြို့ခံတစ်ဦးကလည်း ပြောသည်။
ကယ်ဆယ်ရေးစခန်း သုံးခုတွင် အိမ်ထောင်စု ၃၂၀ ကျော်မှ ဒုက္ခသည် ၁၇၀၀ ကျော်ကို ဒေသခံပြည်သူများ၊ အစိုးရနှင့် အဖွဲ့အစည်းအချို့က အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများ လှူဒါန်းလျှက်ရှိသည်။ သို့သော် ရေဘေးဒုက္ခသည်အများစုမှာ ရေစီးကြောင့် နေအိမ်များပါ ရေထဲမျောပါသွားကြခြင်းဖြစ်၍ ၎င်းတို့ ပြန်လည်ထူထောင်နိုင်ရန် လူသုံးကုန်နှင့် အိမ်သုံးပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။ ထို့ကြောင့် လှူဒါန်းလိုသူများအနေဖြင့် အမိုးအကာ၊ ဒန်အိုးဒန်ခွက်၊ အ၀တ်အထည် စသော ပစ္စည်းများကို လှူဒါန်းသင့်ကြောင်း ဒေသအာဏာပိုင်နှင့် မြို့ခံများက ပြောသည်။

Saturday, September 17, 2011

ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စဉ်းစားသုံးသပ်မည်။

နေပြည်တော်တွင် ယနေ့ကျင်းပပြုလုပ်သော ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သော စာတမ်းဖတ်ပွဲနှင့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် အဆိုပါစီမံကိန်းကို ပြန်လည် စဉ်းစားသုံးသပ် ရန် ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက အကြံပြုတိုက်တွန်းခဲ့ပြီး အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းက အကြံပြုချက်များကို ပြန်လည်လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှ ထုတ်လုပ်နိုင်မည့်ဓာတ်အားပမာဏ ၆၀၀၀ မဂ္ဂါဝပ်ကို အခြားစီမံကိန်းများမှ အစားထိုးထုတ်လုပ်နိုင်ပါက စဉ်စားသွားရန် အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက အကြံပြုခဲ့သည်။

"လျှပ်စစ်ပမာဏအတူတူရနိုင်မယ့် ပြည်သူတွေလည်း လက်ခံနိုင်မယ့်၊ မေခ၊ မေလိခမြစ်တွေရဲ့ အထက်ပိုင်းနေရာတွေမှာ ပြောင်းရွှေ့တည်ဆောက်ခြင်းဟာ သားရွှေအိုးထမ်းလာတာ ဖြစ်နိုင် မလားလို့ ပြောချင် ပါတယ်... ဒီကိစ္စ၊ ဒီ issue တွေကြောင့် စည်းလုံးညီသွတ်မှုအား ချည့်နဲ့မသွားစေ ချင်ပါဘူး။ အရင်က ဆန်းစစ်ထားတဲ့ကိစ္စ(မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေး၊ စီးပွားရေး သက်ရောက်နိုင်မှုများကို ကြိုတင်ဆန်းစစ်ချက်) လိုအပ်ရင် ထပ်စစ်ဆေးဖို့လိုပါတယ်။ ဒါက နိုင်ငံတော်အတွက် တကယ့်ကို ပြင်လို့မရတဲ့ကိစ္စလို့ ခံယူပါတယ်။ အိမ်ထောင်မှု ဘုရားတည် ဆေး မင်ရည် စုတ်ထိုး ဆိုသလိုပါပဲ" ဟု ဦးစိုးသိန်းက မြစ်ဆုံစီမံကိန်းကို ပြန်လည်စဉ်းစားသုံးသပ်ရန် အကြံပြုသည်။

ဦးဇော်မင်းကလည်း မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ အကြံပြုချက် ဆွေးနွေးချက်များစွာ ရောက်ရှိလာပြီး ထိုအထဲတွင် လျော်ကန်သင့်မြတ်သော အချက်များပါနေသည့်အတွက် လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း အခမ်းအနားအပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

"အခု မြစ်ဆုံကိစ္စက လူပြောများလာတဲ့ကိစ္စဖြစ်နေပြီ။ ထိခိုက်မှုအနည်းဆုံးနဲ့ အန္တရာယ်မရှိပါဘူးလို့ အာမခံနိုင်တဲ့အဆင့်ထိဖြစ်အောင် ပြန်လည် ဆန်းစစ်မယ်"ဟု ဦးဇော်မင်းက ပြောသည်။ မြစ် ဆုံစီမံကိန်းအတွက် EIA ကောက်ယူမှုကို မြစ်ကြောင်း တစ်လျှောက်တွင် လုပ်ကိုင်သွားမည်ဟု ဆိုသည်။ 

ထို့အပြင် မြစ်ဆုံစီမံကိန်းမဆောင်ရွက်မီ ချီဖွေရေအားလျှပ်စစ်စီမံကိန်းကို ဦးစွာဆောင်ရွက်ပြီး ထိုစီမံကိန်းကြောင့် သက်ရောက်မှုများကို ကြည့်ရှုသုံးသပ်သွားရန် အစီအစဉ်ရှိကြောင်းလည်း ဦးဇော်မင်းက ပြောသည်။ အဆိုပါစီမံကိန်း တည်ဆောက်ရန်၊ မတည်ဆောက်ရန်ကို လွှတ်တော်သို့ တင်ပြပြီး ဆုံးဖြတ်ချက်ခံယူသွားမည်ဟုလည်း ဆိုသည်။ ထို့အပြင် ယခင်ပြုလုပ်ထားသော EIA ကို သစ်တောရေးရာဝန်ကြီးဌာနသို့ပေးအပ်ပြီး လူထုမှ ဖတ်ရှုလေ့လာနိုင်ရန် ၀က်ဘ်ဆိုက်တွင် တင်မည်ဟုလည်း ဦးဇော်မင်းက ပြောကြားခဲ့သည်။

ထပ်မံရရှိသောသတင်းအရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို ပြန်လည်စဉ်းစားသုံးသပ်ရန် ပြောကြားထားကြောင်း ပြည်ထောင်စုဝန်ကြီးတစ်ဦးက
လည်း ပြောသည်။