Showing posts with label သတင်းရင်း(Zegyo Mandalay). Show all posts
Showing posts with label သတင်းရင်း(Zegyo Mandalay). Show all posts

Tuesday, September 20, 2011

ဧရာဝတီမြစ် အပါအ၀င် မြစ်ကြီး၊ မြစ်ငယ်အချို့၌ မြစ် ကမ်းပြိုမှုများမြင့်တက်။



ဧရာဝတီမြစ် အပါအ၀င် မြစ်ကြီး၊ မြစ်ငယ်အချို့တွင် မြစ်ကမ်းပြို မှုများ ယခုနှစ်များအတွင်း မြင့်တက် လာပြီး မြစ်ကမ်းရိုးတစ်လျှောက်တွင် အခြေချနေထိုင်ကြသော လူနေအိမ်များ ဆုံးရှုံးပျက်စီးမှု၊ မြစ်ကမ်းတစ်လျှောက်ရှိ စိုက်ခင်းများ ဆုံးရှုံးမှုတို့ ပိုမိုလာကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများကို တွေ့ကြုံလာရာ၌ မြစ်ကြောင်း ပြောင်းလဲခြင်း၊ ရေနည်းချိန်များ၌ ရေအရင်းအမြစ် ပုံမှန်ထက် နည်းပါးလာခြင်း၊ မြစ်ကြမ်းပြင် မြင့်တက်ခြင်း၊ သောင်ထွန်းမှုကျယ်ပြန့်ခြင်း တို့ရှိလာကာ ယင်းသို့ သောင်ထွန်း ခြင်း၊ ရေတိုက်စားခြင်းကြောင့် ကမ်းပြိုမှုများကိုလည်း ကြုံတွေ့နေရကြောင်း သိရသည်။
“မန္တလေး-ဗန်းမော် ရေလမ်းခရီးကို မသွားဖြစ်တာ တော်တော် ကြာပါပြီ။ ဒီတစ်ခေါက်သွားလိုက်တာ မြင်ဖူးနေတဲ့ ရွာတချို့ ကမ်းနား မှာ လှမ်းမတွေ့ရတော့ မေးကြည့်တဲ့ အခါ ကမ်းပြိုလို့ ရွာလုံးကျွတ် အနောက်ဘက်ကို ရွှေ့လိုက်ရတယ်လို့ သိရပါတယ်။ အိမ်တွေတင် ဆုံးရှုံးတာ မဟုတ်ဘဲ စိုက်ခင်းတွေလည်း ဒီလိုပဲ ဆုံးရှုံးကြတာ တချို့ဆို အလုပ်လက်မဲ့တောင် ဖြစ်ကြတယ်”ဟု ဧရာဝတီမြစ်မှ ကမ်းပြိုမှုနှင့်ပတ်သက်၍ လေ့လာသိရှိခဲ့သူတစ်ဦးက ပြောပြသည်။
မြစ်ကမ်းပြိုမှုကြောင့် ဆုံးရှုံးပျက်စီးမှုများကို ကြုံရသည့် မြစ်များတွင် ဧရာဝတီမြစ်၏ မြစ်လက်တက်ဖြစ်သော မူးမြစ်သည်လည်း ပါဝင် နေပြီး ရေဦးမြို့ မူးမြစ်၏ အနောက် ဘက်ကမ်းရှိ အောင်မင်္ဂလာရပ်ကွက်သည် မူးမြစ်ရေတိုက်စားမှုဖြင့် ကမ်း ပါးပြိုကျပြီး အိမ်ခြေ ၃၀၀ ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ကြောင်း၊ မူးမြစ်ရေလမ်းကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ပေးခြင်းမရှိသောကြောင့် နောင်နှစ် အနည်းငယ်အတွင်း ကျန်ရှိနေသည့် အိမ်ရာများ ပျောက်ကွယ်ဖွယ် ရှိနေကြောင်း သိရှိရသည်။
ထို့အတူ ဖျာပုံမြို့ တစ်ဖက်ကမ်း သောင်ထွန်းမှုကြောင့် ကမ်းတစ်လျှောက် ရေတိုက်စားပြီးကမ်း ပါးပြိုမှုများ နှစ်စဉ်ဖြစ်ပေါ်နေကြောင်း၊ မြို့လူထုအစီအစဉ်ဖြင့် ဆောင်ရွက်နေကြသော်လည်း စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေသည်ဟု သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး င၀န် မြစ်ကမ်းရှိ မြို့နယ်များတွင် နေထိုင် သူများသည်လည်း ရေတိုက်စားမှုများကို စိုးရိမ်နေရကြောင်း သိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင်လည်း မြစ်ကမ်းပြိုမှု များနှင့်ပတ်သက်၍ မေးမြန်းမှုများတွင် ယင်းသို့ မြစ်ကမ်းပြိုမှုများ အကြောင်း မေးမြန်းမှုများလည်း ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံရှိမြစ်ကြီး မြစ်ငယ်များသည် ရေဝေရေလဲဒေသများ၌ သစ်တောများ ပြုန်းတီးလာမှု ကြောင့် မြစ်ကြောင်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများကို တွေ့ကြုံရမှု မြင့်တက်လာသည်။
မြစ်ကမ်းများတွင် အခြေချ နေထိုင်သူများ သည် ယင်းသို့ အပြောင်းအလဲများကို တိုက်ရိုက် ရင်ဆိုင်နေရပြီး မြစ်ကမ်းပြိုမှုကြောင့် နေအိမ်၊ စိုက်ခင်းများ ပျက်စီးမှု၊ မြစ်ရေကို မှီခိုအားထားနေရသည့် မြို့များတွင် မြစ်နှင့် ကမ်းဝေးသွားသည့်အခါ ရေချိုခက်ခဲမှု၊ စိုက် ပျိုးရေအတွက် အခက်အခဲ ကြုံတွေ့ရမှု စသည်တို့ ရှိလာသည်။
မြစ်ကြမ်းပြင် မြင့်တက်နေမှုကြောင့်လည်း မိုးများသည်နှင့် လျှပ်တစ်ပြက် ရေကြီးမှုများကို ရင်ဆိုင် လာရသည်ကြောင်း သိရှိရသည်။