တံတားဦးမှာ ဖွင့်ကုန်ပြီ(အမှု့)
(၂၈.၀၃.၂၀၁၂)
တံတားဦးမြို့နယ်၊  ဇီးပင်ကွေ့ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင်များမှ NLD ပါတီဝင်များကို  ဆဲဆိုကြိမ်းမောင်းသည့်အမှုမှာ ယနေ့တွင် ပိုမိုပြင်းထန်လာပါသည်။ ယနေ့တွင်  ဇီးပင်ကွေ့ကျေးရွာရှိ ပြည်ခိုင်ဖြိုးရုံးဖွင့်ထားရာအိမ်တစ်အိမ်တွင်  လော်စပီကာများတပ်ဆင်၍ NLD ပါတီဝင်များကို မိုက်ခရိုးဖုန်းများဖြင့်  ဆဲဆိုကြိမ်းမောင်းနေသည်ဟု သိရှိရပါသည်။  ယမန်နေ့ကအတိုင်း"ကော်မရှင်ဥက္ကကြီးဦးတင်အေးခင်းပေးထားတဲ့လမ်းကို  လျှောက်ပြီး စည်းရုံးဆင်းရဲသေးတယ်"ဆိုပြီး  တစ်နေ့လုံးဆဲဆိုကြိမ်းမောင်းနေပါသည်။
ည(၁၀)နာရီကျော်သည့်အခါတွင်  ရွာသားများက သည်းမခံနိုင်လောက်အောင် မခံမရပ်နိုင် ဖြစ်လာကြသောကြောင့်  ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရွာသားများ ပဋိပက္ခဖြစ်ပေါ်လာမည်  စိုးရိမ်သောကြောင့် ရွာသားများ၏တိုက်တွန်းချက်အရ NLD  ပါတီဝင်ဒေါက်တာအောင်စိုးမြင့်မှ တာဝန်ခံ၍ တံတားဦးမြို့နယ်ရဲစခန်းတွင်  အမှုဖွင့်တိုင်ကြားပေးခဲ့ပါသည်။ သို့သော် ရဲစခန်းမှ  ဤကဲ့သို့အမှုမျိုးမကိုင်တွယ်ဖူး၍ လက်မခံရဲပဲ ကော်မရှင်နှင့်သာ  ညှိုနှိုင်းဆောင်ရွက်ရန် ပြောဆို၍ အမှုကို လက်ခံခဲ့ခြင်းမရှိပေ။  ရွေးကောက်ပွဲကော်မရှင်ထံ ချက်ချင်းဖုန်းဆက်သည့်အခါတွင် မနက်ကျမှ  လက်ခံတွေ့ဆုံမည်ဟုပြောဆိုခဲ့သည်။ ထပ်မံပြီး တံတားဦးမြို့နယ်ရွေးကောက်ပွဲ  ကော်မရှင်မှ ၎င်းတို့လည်း မည်သို့ကိုင်တွယ်ဆောင်ရွက်ရမည်မသိကြောင်းလည်း  ပြန်လည်ဖြေကြား ခဲ့ပါသည်။ တံတားဦးမြို့နယ်ပါတီဝင်များမှ ရွေးကောက်ပွဲ  နီးကပ်လာပြီဖြစ်သောကြောင့် ရွာသားများနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များကြား  ပြင်းထန်သည့်ပြသနာများ ပေါ်ပေါက်လာမည်ကိုစိုးရိမ်၍ မနက်ဖြန်တွင်  ကော်မရှင်ရုံးအဆင့်ဆင့်သို့ တိုင်ကြား၍ တိုင်စာများပေးပို့မည်ဖြစ်ကြောင်း  သိရှိရပါသည်။
ပခုက္ကူမှာထိုးကုန်ပြီ (လက်သီးနဲ့)
(၂၈.၃.၂၀၁၂)
ပခုက္ကူမြို့နယ်၊  မြင်းဝင်းကျေးရွာတွင် ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ မဲရုံတွင်  မဲပေးခြင်းသရုပ်ပြ သွားရောက်လုပ်ကိုင်နေစဉ် အရက်များမူးနေသော ကိုလွင်၊  ကိုဦး၊ ကိုဟန်သိမ်းမြင့်(၃)ဦးတို့ သရုပ်ပြရာနေရာသို့ ၀င်ရောက်လာခဲ့သည်။  ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်လူကြီးမင်းများအား  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များဟု ထင်မှတ်ကြပြီး NLD မှ  စည်းရုံးရေးဆင်းနေသည်ဟု ယူဆကာ ၎င်းတို့ထဲမှ တစ်ဦးက "မင်းတို့ခွပ်ဒေါင်းထဲ  မဲထည့်ရင် ထည့်တဲ့သူကို ဒူးတွေ၊ ခြေထောက်တွေချိုးပစ်မယ်"လို့  ခြိမ်းခြောက်ပြီး ကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးမြင့်အေးနှင့်  အတွင်းရေးမှူးဦးအောင်ဌေးဝင်း တို့ကို ၎င်းတို့ထဲမှ နှစ်ဦးက  လက်သီးဖြင့်ဝင်ရောက်ထိုးနှက်ခဲ့ပါသည်။  ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရှေ့မှောက်တွင် ဖြစ်ပွားသော  မှုခင်းဖြစ်သောကြောင့် မြစ်ခြေရဲစခန်းတွင် အမှုကို တိုင်ကြားခဲ့ပါသည်။  ရဲများရောက်လာပြီး ၎င်းတို့(၃)ဦးအား ဖမ်းဆီးမည်ပြုသောအခါတွင်  ကိုဟန်သိမ်းမြင့်နှင့်  ပြည်ခိုင်ဖြိုးကျေးရွာစည်းရုံးရေးမှူးဦးသိန်းဇော်လှိုင်းတို့မှ  မြို့နယ်ပြည်ခိုင်ဖြိုးရုံးမှ  ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းဦးကျော်တင့်နှင့်  ပြောဆိုပြီးဖြစ်ကြောင်း၊ ၎င်းမှ ရှင်းလင်းပေးမည်ဟု ပြောဆိုပြီးဖြစ်ကြောင်း  ပြောဆိုကြ၍ မြစ်ခြေရဲစခန်းမှ ရဲများမှ ဖမ်းဆီးခြင်းမရှိဘဲ  ပြန်သွားခဲ့ကြပါသည်။ ထိုအဖြစ်အပျက်ကို ကျေးရွာလူထုမှ မကျေမနပ်ဖြစ်နေကြ၍  ရွာသူရွာသားအချို့မှ စိုးရိမ်လျှက်ရှိနေကြပါသည်။ ရွေးကောက်ပွဲနီးလာလျှင်  ပြည်ခိုင်ဖြိုးပါတီဝင်များ၏လုပ်ရပ်သည် ပိုမိုဆိုးရွားလာမည်ဟု  သုံးသပ်နေကြပြီး အိမ်ထဲကနေ အိမ်အပြင်မထွက်ရဲအောင်ဖြစ်နေကြပါသည်။  ရွာသားများမှ ပခုက္ကူမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ  ဒီအမှုအားတရားစွဲဆိုခြင်းမရှိပါက ပြည်ခိုင်ဖြိုးပါတီဝင်များက  ပိုမိုအတင့်ရဲလာကြပြီး ဥပဒေချိုးဖောက်မှုများ  ပိုမိုပြုလုပ်လာကြမည်ဖြစ်သည့်အပြင် ရွေးကောက်ပွဲသည်လည်း မည်သို့မှ  တရားမျှတမှုရှိနိုင်မည်မဟုတ်ကြောင်း သုံးသပ်ဝေဖန်ပြောဆိုနေကြသည်ဟု  နယ်မြေခံများမှ သတင်းပေးပို့ ခဲ့ပါသည်။
ပခုက္ကူမြို့နယ်၊ မြစ်ကျေးရွာမှာ အုပ်ချုပ်ရေးမှုးကလဲ တစခန်းထဆိုဘဲ။
(၂၈.၀၃.၂၀၁၂)
ပခုက္ကူမြို့နယ်၊  မြစ်ကျေးရွာတွင် ကိုကျော်လွင်သည် တိုင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး  အဖြစ်ခန့်ထားခြင်းခံခဲ့ရသည်။ ၎င်းသည်  ပြည်ခိုင်ဖြိုးမြို့နယ်ကိုယ်စားလှယ်လောင်းဦးကျော်တင့်၏ ဆန်ပွဲရုံမှ  ဆန်များကို ၀ယ်ယူရောင်းချခြင်းလုပ်ငန်းကိုလည်း လုပ်ကိုင်နေသူဖြစ်သည်။  (၂၄.၃.၁၂)နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ကိုကျော်လွင်သည်  ကျေးရွာတွင်းတွင် ရွာလူထုအစည်းအဝေးခေါ်ယူပြီး  ပြီးခဲ့သည့်ပခုက္ကူရေဘေးကယ်ဆယ်ရေးတွင် ဝေငှခဲ့သည့်ဆန်များမှာ  ပြည်ခိုင်ဖြိုးမှ ဝေခြမ်းထားသောဆန်များဖြစ်ကြောင်း၊ ထို့ကြောင့်  ပြည်ခိုင်ဖြိုးကိုသာ မဲပေးကြရန် ပြောကြားခဲ့သည်။ အကယ်၍ ပြည်ခိုင်ဖြိုးကို  မဲမပေးပါက ရွေးကောက်ပွဲနေ့ရောက်လျှင် ကျေးရွာတွင်  အဓိကရုဏ်းများဖြစ်ပေါ်လာနိုင်ကြောင်း၊ ကျေးရွာသားများ ထမင်းငတ်၍  ဒုက္ခရောက်သွားနိုင်ကြောင်း ခြိမ်းခြောက်ပြောဆို၍ မာန်မဲခဲ့ပါသည်။
ကိုကျော်လွင်သည်  ၂၅.၃.၂၀၁၂နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်စေသော ညစ်ညမ်းစာများကို  ရွာထဲမှအိမ်များကို ကိုယ်တိုင်ကိုယ်ကျ အိမ်တိုင်ရာရောက် လက်လံဝေငှခဲ့ပါသည်။  (ထိုစာတွင် အချက်အလက်ပေါင်း (၂၁)ချက်ပါဝင်ပြီး  လျှောက်လွှာစာရွက်ကျောကပ်(၂)မျက်နှာပါဝင်ကြောင်း သိရှိရပါသည်။)
၂၆.၃.၂၀၁၂  နေ့တွင်လည်း ကိုကျော်လွင်သည် ၎င်းအိမ်တွင် ဘောလုံးပွဲပြသမည်ဟု ကျေးရွာလူထုကို  စည်းရုံးခေါ်ဆောင်ပြီး အမှန်တကယ်ဘောလုံးပွဲပြသခြင်းမရှိဘဲ  ဒေါ်အောင်ဆနးစုကြည်အား ပုံမှားရိုက်ထားသည့်၊ ကွန်ပျူတာနည်းပညာဖြင့်  ပြုပြင်ထားသည့် ဆင်ဆာမဲ့ညစ်ညမ်းဗွီဒီယိုအခွေကို  ရွာသားများအားပြသခဲ့သည့်အတွက် ရွာလူထုမှ မကျေမနပ်ဖြစ်ခဲ့ကြရပါသည်။
၂၈.၃.၂၀၁၂ရက်နေ့၊  ည(၉)နာရီအချိန်တွင် ကိုကျော်လွင်မှ ဦးဆောင်၍ ကျေးရွာကော်မရှင်ဝင်များကို  ခေါ်ယူ၍ လျှို့ဝှက်အစည်းအဝေးတစ်ခု လုပ်ခဲ့ပါသည်။ ထိုအစည်းအဝေဒတွင် ရွာတွင်  မဲပေးနိုင်သူ ၉၅၈ဦးရှိပြီး ခရီးလွန်နေသူ ၄၄ဦးခန့်ရှိရာ ထို၄၄ဦး၏  မဲစာရွက်များကိုယူ၍ ပြည်ခိုင်ဖြိုးပါတီသို့ပေးမည့်ကိစ္စကို  ဆွေးနွေးခဲ့ကြပါသည်ဟု အစည်းအဝေးတွင်ပါဝင်သူများထံမှ သိရှိနေကြရပါသည်။  ကိုကျော်လွင်၏ လုပ်ရပ်များကို ကျေးရွာလူထုမှ နေ့စဉ်ရက်ဆက်  မကျေမနပ်ဖြစ်နေကြသည်ဟု သတင်းပေးပို့လာပါသည်။
No comments:
Post a Comment