Showing posts with label သတင်းရင်း(ခင်ဦးသာ. Show all posts
Showing posts with label သတင်းရင်း(ခင်ဦးသာ. Show all posts

Thursday, September 1, 2011

ရပ်ကွက်ကျေးရွာအဆင့် ဖြေရှင်းနိုင်သော ကိစ္စများအား လွတ်တော်တွင် ဦးစားပေးဆွေးနွေးနေ။

ကျင်းပနေဆဲ လွှတ်တော် အစည်းအဝေးများတွင် တနိုင်ငံလုံး အတိုင်းအတာနှင့် ပြည်သူ တရပ်လုံးအတွက် အရေးပါသည့် ကိစ္စရပ်များထက် ရပ်ကွက်၊ ကျေးရွာအဆင့်တွင် ဖြေရှင်းနိုင်သော ကိစ္စရပ်များအား ဦးစားပေး ဆွေးနွေးနေကြောင်း နိုင်ငံပိုင် သတင်းစာများတွင် တွေ့ရသည်။

Members_of_the_Myanmar_Parliament
လွှတ်တော်တွင်း မြင်ကွင်း (ဓာတ်ပုံ - Getty Images)

အာဏာရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များအပါအ၀င် ကိုယ်စားလှယ် အများစုသည် မိမိဒေသ၏ မော်တော်ကားလမ်း၊ မီးရထားလမ်းပိုင်းများ ပြုပြင်ပေးရန်ရှိ၊ မရှိ၊ ကျေးရွာ၊ ရပ်ကွက်တချို့၌ စာသင်ကျောင်းများ ပြုပြင်ပေးရန် ရှိ၊ မရှိ၊ ဓာတ်မြေသြဇာ စက်ရုံမှ ထွက်သည့် ဓာတ်မြေသြဇာကို လယ်သမားများ သုံးခွင့် ရှိ၊ မရှိ စသည့် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုပြုခြင်းတို့ အပေါ် သက်ဆိုင်ရာဝန်ကြီးများက ဖြေဆိုခြင်းတို့ကို သတင်းစာများက အကျယ်တ၀င့် ရေးသားထားသည်။

တိုက်ကြီး မဲဆန္ဒနယ်မှ ဦးဟန်စိန်က “ရန်ကုန်-ပုဂံ အမြန်ရထားသည် အရင်ကတိုက်ကြီးဘူတာ၌ ရပ်နားခဲ့ သော်လည်း ယခုအခါ မရပ်နားတော့သဖြင့် ၂ မိနစ်ခန့် ရပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးမြန်းရာ ၀န်ကြီး ဦးအောင်မင်းက ရန်ကုန်-ပုဂံ ခရီးစဉ်သည် အမြန်ခရီးစဉ်ဖြစ်၍ ထိုသို့ ရပ်နားရန် မရှိဟု ဖြေဆိုခဲ့သည်။

မြစ်ကြီးနားမြို့၌ မြစ်ရေကြီးလာ၍ ရေထိန်းနံရံတည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ မန္တလေး-တကောင်း-ကသာ၊ ဗန်းမော် လမ်းမကြီးအား ကတ္တရာလမ်း ခင်းပေး၊ မပေး စသည်ဖြင့် မေးမြန်းကြရာ နိုင်ငံတော်က နှစ်စဉ် ဆောင်ရွက်ပေးနေကြောင်း သက်ဆိုင်ရာ ၀န်ကြီးများက ဖြေဆိုကြသည်ကို သတင်းစာ၌ တွေ့ရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ ဌာနတွေရဲ့ ပူးပေါင်း ဆောင်ရွက်လိုစိတ် အားနည်းတဲ့အတွက် အသေးအမွှား ကိစ္စတွေကို လွှတ်တော်မှာ ဆွေးနွေးနေကြရပါတယ်။ တချို့ကိစ္စတွေဆိုရင် ပြည်နယ် ၀န်ကြီးချုပ်ကတောင် ဖြေရှင်းပေးတာ မရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။

ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ဌာနများက ဗဟိုမှ ညွန်ကြားချက် တစုံတရာ မရှိဟုဆိုကာ ပြည်သူတို့၏ လိုအပ်ချက်များကို ဖြေရှင်းပေးမှု မရှိခြင်း၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် ပူးပေါင်းဆောင်ရွက်ရန် တွန့်ဆုတ်နေခြင်းတို့ ကြုံတွေ့ရကြောင်း ၎င်းက ဆက်ရှင်းပြသည်။

ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက် လာရေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ ပီပီပြင်ပြင် ဖြစ်ပေါ် လာရေးတို့အတွက် ဆောင်ရွက်ပေးရန် လွှတ်တော်ဥက္ကဋ္ဌထံ စာရေး တောင်းဆိုထားသည်ဟုလည်း ဦးဖေသန်းက ဆိုသည်။

လွှတ်တော်အတွင်း၌ ကိုယ်စားလှယ်တချို့က နိုင်ငံအတွက်၊ ပြည်သူ တရပ်လုံးအတွက် အရေးကြီးသော အကြောင်း အရာများကို ဆွေးနွေး၊ အဆိုပြုခြင်း ရှိသော်လည်း အများစုမှာ အရာမထင်ခဲ့ပေ။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်စလုံး၌ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၀၀ ခန့် ရှိသည့်အနက် နိုင်ငံရေးနှင့် သက်ဆိုင်သော အဆိုတချို့နှင့် မေးခွန်းတချို့ကို သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် ကိုယ်စားလှယ် အနည်းငယ်ကသာ မေးမြန်းခြင်း၊ အဆိုပြုခြင်းတို့ ဆောင်ရွက်လျက် ရှိသည်။

ဦးသိန်းညွန့် တင်သွင်းသော အဆိုများအနက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စအကြောင်း ဆွေးနွေးခြင်းကို သတင်းစာ က အနည်းငယ် ဖော်ပြခဲ့ပြီး အကျဉ်းထောင်ဥပဒေ ပြင်ဆင်ရေး၊ တရားရုံးဆိုင်ရာ ဥပဒေပြင်ဆင်ရေးနှင့် အရေးပေါ်ကြေညာ ချက် ဥပဒေ ပြင်ဆင်ရေး အဆိုများကို ပယ်ချခဲ့သည်။ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စကို ပြောဆိုသော်လည်း အသေးစိတ် ဆွေးနွေးချက်များ မတွေ့ရသေးပေ။

ကျပ်ငွေတန်ဖိုး မြင့်တက်နေသည့်အတွက် စီးပွားရေး အကျပ်အတည်း ကြုံတွေ့နေရသဖြင့် ငွေလွှဲနှုန်း ပြင်ဆင်မည့် ကိစ္စရပ်ကို အကောင်အထည် ဖော်ရန် ကြိုးစားနေသည်ဟု ယမန်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြောဆို ခဲ့သော်လည်း ထိရောက်သော ဆောင်ရွက်မှုများအား အသေးစိတ် ဆွေးနွေးခြင်း မရှိပေ။

လွှတ်တော်တွင်း၌ ကိုယ်စားလှယ်များ၏ မေးခွန်းများကို ဖြေဆိုသော ၀န်ကြီးတချို့သည် ထိရောက်ရှင်းလင်းစွာ ဖြေဆိုခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

ကချင်ပြည်နယ် အမှတ် ၁၁ မဲဆန္ဒနယ်မှ ဦးစံထွန်းက “မြန်မာနိုင်ငံ၏ တယ်လီဖုန်း ခေါ်ဆိုခ နှုန်းထားများမှာ အိမ်နီးချင်း နိုင်ငံများထက် မြင့်မားနေသဖြင့် သင့်တင့်သည့် နှုန်းထားတခုကို ပြင်ဆင် သတ်မှတ်ပေးရန် ရှိ၊ မရှိ” မေးမြန်းရာဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းက အိမ်နီးချင်းနိုင်ငံများ၏ နှုန်းထားများကို ဖတ်ပြ၍ မြန်မာနိုင်ငံ၏ လက်ရှိ နှုန်းထားသည်သင့်တင့်သော နှုန်းထားဖြစ်သည်ဟုသာ ဖြေဆိုသွားသည်။

အလားတူ ဆေးရောင်းချခွင့် မရှိသော ဈေးဆိုင်များက စပ်ဆေးများ ရောင်းချနေခြင်းကြောင့် လူနာအများ ဆေးယဉ်သည့် ပြဿနာ ဖြစ်နိုင်သဖြင့် တားဆီးပေးရန် ရှိမရှိ ဆိုသော မေးခွန်းကို ကိုယ်စားလှယ်တဦးက မေးမြန်းရာတွင်လည်း ရှင်းလင်းစွာ ဖြေကြားခြင်း မတွေ့ရပေ။

တနိုင်ငံလုံးက တောင်းဆိုနေကြသော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို လွှတ်တော်က အတည်ပြုပေးခဲ့သော်လည်း အတိုက်အခံ နိုင်ငံရေးသမားများကို လိုသလို ထောင်သွင်း အကျဉ်းချနိုင်သည့် ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံချက် ဥပဒေ ပယ်ဖျက်ပေးရန် အဆိုတင်သွင်းသည်ကိုမူ ပယ်ချခဲ့သည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက “မေးခွန်းတွေတော့ အစုံတွေ့ရပါတယ်။ ကိုယ့်ဒေသက အကြောင်း အရာတွေတော့များတယ်။ မေးခွန်းတို့၊ အဆိုတို့က ကြိုတင်ပေးရတာ ဆိုတော့ စိစစ်ပြီး မေးသင့်တာတွေကိုပဲ ဦးစားပေးတဲ့ သဘောလားတော့ မသိဘူး” ဟု ဆိုသည်။

ယမန်နေ့က လွှတ်တော်တွင် ပြည်တွင်း ထာဝရ ငြိမ်းချမ်းရေး ကော်မတီ ဖော်ဆောင်၍ ထိုအဖွဲ့၌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ရေးကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆွေးနွေးခြင်းနှင့် ငြိမ်းချမ်းရေး မတည်ဆောက် နိုင်သဖြင့် ပြည်တွင်း မငြိမ်းချမ်းသေးဟု စစ်တပ်ကိုယ်စားလှယ် ဗိုလ်မှူးကြီး တဦးက ဆွေးနွေးခြင်းတို့ကိုမူ ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြခြင်းမရှိပေ။

ကိုယ်စားလှယ် တချို့၏ နိုင်ငံရေးနှင့်ဆိုင်သော မေးခွန်းများ၊ အဆိုများကို ကန့်ကွက်သူများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ်များဖြစ်ကြောင်း၊ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များ၏ ပြောဆိုမှုများ၌ ပုဂ္ဂိုလ်ရေး တိုက်ခိုက်သော စကားလုံးများ ပါဝင်နေသောကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဟန့်တားခဲ့ရကြောင်း သိရသည်။

“မလိုအပ်တဲ့ စကားတွေ ပြောနေကြတာတွေဟာ တဦးအပေါ်တဦး ယုံကြည်မှု၊ လေးစားမှုတွေ ပျက်စေတယ်၊ ငြင်းခုံမှုတွေနဲ့ အချိန် မကုန်စေချင်ဘူး။ တရက်တရက် ကုန်ကျနေတဲ့ငွေတွေဟာ နိုင်ငံတော်ရဲ့ ငွေတွေမဟုတ်ပါဘူး၊ ပြည်သူတွေရဲ့ ငွေတွေပါ။ ပြည်သူတွေရဲ့ ငွေတွေကို ဖြုန်းတီးရာ မရောက်စေချင်ဘူး” ဟု ဦးရွှေမန်းက ဆိုသည်။

လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်ကြသော သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့် တို့က “ပြည်သူ့အသံ - လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ၊ ပြည်သူ့ မျှော်လင့်ချက် - လွှတ်တော်ဆောင်ရွက်ချက်” ဆိုသည့် ဆောင်ပုဒ်ကို လွှတ်တော်တွင်း လက်ကိုင် ထားသည်ဟု လွှတ်တော် အစည်းအဝေးအတွင်း မကြာခဏ ပြောလေ့ရှိသည်။

“လွှတ်တော်ဆိုတာ ဥပဒေပြုရေးကိစ္စ၊ ပေါ်လစီတွေ ချမှတ်ရတဲ့ အရေးကြီး နေရာပါ။ ဒီအတိုင်းသွားနေရင် ဟာသ ပြက်လုံးထုတ်တဲ့ နေရာတခုလို ဖြစ်သွားမယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးသမား ဦးဖြိုးမင်းသိန်းက ပြောသည်။

Tuesday, August 30, 2011

အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် မျှော်လင့်ချက် နည်းနေသေး။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်သော အဆိုတခုအား လွှတ်တော်တွင် အတည်ပြု ဆွေးနွေးခဲ့သော်လည်း သမ္မတ ဦးသိန်းစိန်မှတဆင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌ ထပ်မံဆွေးနွေးမည့် ကိစ္စအပေါ် မျှော်လင့်ချက် နည်းပါးကြောင်း ကိုယ်စားလှယ်တချို့က ပြောကြသည်။

“လွှတ်တော် ဥက္ကဋ္ဌက သမ္မတဆီကို တင်ပေးဖို့အတွက် လက်ခံတာက ပြည်တွင်း ပြည်ပက ဖိအားတွေ၊ တောင်းဆိုမှုတွေ ဆက်တိုက် လုပ်နေကြတာကြောင့်လို့ ထင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို တကယ် ပြန်လွှတ်ဖို့ ကာလတခုကြာ ဦးမယ်လို့ ထင်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုသည်။

“အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန် စေရေးအတွက် နိုင်ငံတော်သမ္မတအား ဤလွှတ်တော်က မေတ္တာရပ်ခံကြောင်း” အဆိုကို သြဂုတ်လ ၂၆ ရက်နေ့ကပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဦးသိန်းညွန့်က တင်သွင်းရာ စစ်တပ်ကိုယ်စားလှယ်များ အပါအ၀င် အများစု၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့ကြသည်။

အဆိုတင်သွင်းခဲ့သူ ဦးသိန်းညွန့်က “လွတ်ငြိမ်းချမ်းသာခွင့်ကို လွှတ်တော်က အတည်ပြုပြီးပြီဆိုတော့ ချက်ချင်း အမိန့် မထုတ်ရင်လည်း ထုတ်တဲ့အချိန်အထိတော့ စိတ်ရှည်ရှည်နဲ့ စောင့်ရမှာပေါ့” ဟု ဧရာဝတီကို ပြောသည်။ 

ဦးသိန်းညွန့်၏ အဆိုအား စစ်တပ် ကိုယ်စားလှယ်များက ထောက်ခံသည့်အတွက် နေအိမ်အကျယ်ချုပ် ကျခံနေရသော ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အပါအဝင် ထောင်ဒဏ်များ ကျခံနေရသော စစ်ထောက်လှမ်းရေး အဖွဲ့ဝင်များနှင့် ပတ်သက်၍ လူအများက စိတ်ဝင်စားနေကြသည်။

“ထောင်ဒဏ် ကျခံနေတဲ့သူတွေ ပြန်လွှတ်ပေးသင့်တယ်လို့ စစ်တပ်ကိုယ်စားလှယ် ပြောတယ်ဆိုတာက ထောက်လှမ်းရေး အဖွဲ့ကို ရည်ညွှန်းတယ်လို့ ထင်တယ်။ ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို လက်ညှိုးထောင်၊ ခေါင်းညိတ်တဲ့ အဆင့်ပဲ ထင်ထားတာ” ဟု ပြည်ပအခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်က ဆိုသည်။

အစိုးရသစ် လက်ထက်တွင် ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်များကသာ လုပ်ပိုင်ခွင့်များရနေပြီး စစ်တိုင်းမှူးက အာဏာမရှိတော့ ကြောင်း၊ လွှတ်တော်၌ စစ်တပ် ကိုယ်စားလှယ်များ ကိုယ်တိုင် ပါဝင်ဆွေးနွေးလာခြင်းသည် စစ်တပ်နှင့် လွှတ်တော်တို့အကြား အားပြိုင်မှုပုံစံမျိုး ဖြစ်လာကြောင်း ဦးဌေးအောင်က ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီမကျပေမယ့် စီမံခန့်ခွဲမှု လုပ်တဲ့နေရာမှာ အစိုးရအဖွဲ့၊ ဥပဒေပြုလွှတ်တော်နဲ့ ပါတီတွေကြားမှာcheck and balance ဖြစ်အောင် ညှိထားပေးတဲ့ သဘောတွေ့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

လွှတ်တော်၌ ၂၅ ရာခိုင်နှုန်း ပါဝင်သော စစ်တပ် ကိုယ်စားလှယ်များထဲမှ ဗိုလ်မှူးကြီးအဆင့်ရှိ ကိုယ်စားလှယ် ၂ ဦးက ပါဝင် ဆွေးနွေးရာ၌ တပ်မတော်သားများသည် အကြောင်းကြောင်းကြောင့် အရပ်ဘက် တရားရုံး၏ ပြစ်ဒဏ်ပေးခြင်းကို ခံထာ ရကြောင်း၊ ထိုသူများသည် နိုင်ငံအတွက် အလုပ်လုပ်ခဲ့ သူများဖြစ်၍ ၎င်းတို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တချို့က ပြောသည်။ထိုအဆိုအား ပထမအကြိမ်ပြုလုပ်သော အစည်အဝေးများ၌ တင်သွင်းခဲ့ရာ ပယ်ချခံခဲ့ရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားသည် ခရီးစဉ်အတွင်း မြန်မာအစိုးရ၏ တာဝန်ရှိသူများ၊ လွှတ်တော်ဥက္ကဋ္ဌ များနှင့် ဆွေးနွေးရာ၌ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိစ္စကို ထပ်မံ တိုက်တွန်းခဲ့သော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မရှိကြောင်း ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက တန်ပြန် ပြောဆိုခဲ့သည်။

အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြုတော့ကြောင်း သေချာသည့်အချိန်တွင်မှ အကျဉ်းသားများအား လွှတ်ပေးရန်ရှိကြောင်း ပြောဆိုခဲ့သည်

လယ်သိမ်းခံရသူများ နေပြည်တော်သွား။

ရန်ကုန်တိုင်း အတွင်းမှ အဓမ္မ သိမ်းယူထားသော လယ်ဧက တသောင်းကျော် ပြန်လည်ရရှိရေး၊ လယ်ယာမြေဆိုင်ရာ ဥပဒေတချို့ကို ပြန်လည် ပြင်ဆင်ရေးတို့ အတွက် လယ်သမား ၂၂ ဦးက နေပြည်တော်ရှိ လွှတ်တော်ဆိုင်ရာရုံးများနှင့် သမ္မတရုံးတို့ကို့ တနင်္လာနေ့က သွားရောက် တောင်းဆိုကြသည်။
လယ်သမား၊ အလုပ်သမားများအရေး လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူ ဦးဆောင်၍ တိုင်ကြားစာများ၊ စာတမ်းများကို တင်ပြကြခြင်းဖြစ်သည်။

“ဧရာဝတီတိုင်းက လယ်အသိမ်းခံရထားတဲ့ကိစ္စတွေ၊ ရေလုပ်သား၊ အလုပ်သမားတွေရဲ့အခွင့်အရေး ကိစ္စတွေကို တင်ပြခဲ့ပါတယ်၊ လယ်သမားတွေအတွက် အာမခံချက်ရှိမယ့် ဥပဒေမျိုး ပြဋ္ဌာန်းပေးဖို့ လွှတ်တော်ကို တင်ပြထားတယ်” ဟု ကိုဖိုးဖြူက ဧရာဝတီကို ရှင်းပြသည်။

သမ္မတရုံး၊ လွှတ်တော်ရုံးတို့က တိုင်ကြားစာ၊ အဆိုများ၊ စာတမ်းများကို လက်ခံရယူပြီး ကိုယ်စားလှယ်များထံမှ တဆင့် တင်ပြပေးမည်ဟု ပြောလိုက်ကြောင်း ကိုယ်တိုင်ပါဝင်သူ လယ်သမားတဦးက ပြောသည်။

“ကျနော်က ၃ ဧကပဲ အသိမ်းခံထားရပါတယ်၊ ဒါပေမယ့် လယ်သမားတိုင်းလိုလို မတရား အနိုင်ကျင့်ခံနေရတာကို မကျေနပ်လို့ အခုလို နေပြည်တော် အထိ လာပြီး တာဝန်ရှိတဲ့သူတွေကို တိုင်ကြားရတာပါ” ဟု ဒဂုံမြို့သစ်တောင်ပိုင်းမှ လယ်သမား ဦးမြင့်အောင်က ဆိုသည်။

ကျင်းပနေသော လွှတ်တော်အစည်းအဝေးများ၌ လယ်ယာမြေပိုင်ဆိုင်မှု၊ လယ်သမားအရေး၊ လယ်မြေ အသိမ်းခံထားရမှု တို့နှင့် ပတ်သက်ပြီး ရခိုင်၊ ရှမ်း၊ မွန်ပြည်နယ် တို့မှ လွှတ်တော်ကိုယ်စားလှယ်တချို့က လွှတ်တော်၌ တင်ပြဆွေးနွေးရန် စီစဉ်နေပြီး အာဏာရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကလည်း လယ်သမား အရေး နှင့်ပတ်သက်၍ အဆိုတချို့ တင်သွင်းမည်ဟု သိရသည်။

လယ်ယာမြေဆိုင်ရာ ဥပဒေ ထုတ်ပြန်ထားသော်လည်း လယ်သမားတို့ကို အကာအကွယ်ပေးနိုင်မှု မရှိသည့် အတွက် ထိုဥပဒေများကို ပြင်ဆင်ပေးရန် တောင်းဆိုကြမည်ဟု ဆိုသည်။

၂၀၀၀ ပြည့်နှစ်ခန့်က စတင်ပြီး စီးပွားရေးသမားတချို့က ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းအတွင်းမှ လယ်မြေများအား သိမ်းယူကာ စပါးစိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှု မအောင်မြင်သောအခါ လယ်မြေများကို ကန်အဖြစ် ပြောင်းလဲလိုက်ကြောင်း သိရသည်။

“ကျနော့် လယ်ကွက်တွေကို အဓမ္မ အသိမ်းခံရတာ၊ ငါးမွေးကန်တွေ အဖြစ် လုပ်လိုက်တော့ ကျနော် အရမ်း စိတ်မကောင်း ဖြစ်မိတယ်” ဟု ညောင်တုန်းမြို့မှ လယ်သမား ဦးအေးသိန်းက ဆိုသည်။ သူက လယ်ဧက ၅၀ ၀န်းကျင် အသိမ်းခံထားရသူဖြစ်ကြောင်း ဆက်ပြောသည်။

ယခင် စစ်အစိုးရလက်ထက်တွင် စစ်တပ်ကသာမက စီးပွားရေးသမားများကလည်း ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်း၍ လယ်ယာမြေများ သိမ်းယူခဲ့ကြသည်။ ဒေသအသီးသီးတွင် ထိုမတရားမှုကျူးလွန်သည့် သတင်းများက ယခု ဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း မကြာခဏ ထွက်ပေါ်နေဆဲဖြစ်သည်။

စစ်တပ်အဆောက်အအုံ၊ အစိုးရရုံး၊ စက်ရုံ စသည်တို့ကို တည်ဆောက်ရန် အဓမ္မ သိမ်းပိုက်သည့် မြေများမှာ တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမည့် လမ်းကြောင်းတလျှောက်မှ လယ်မြေများ၊ လယ်သမားတို့ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာသည့် လယ်မြေများ ဖြစ်သည်ဟု သိရသည်။

လယ်မြေအသိမ်းခံရသူများက ဒေသဆိုင်ရာ အာဏာပိုင်များ နှင့် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) ထံ တိုင်ကြားခဲ့ကြသည်။

မြန်မာနိုင်ငံရှိ လယ်မြေ သိမ်းယူမှု ပြဿနာများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှု မရှိသေးကြောင်း ILO ဒုတိယ ညွန်ကြားရေးမှူးချုပ် မစ္စတာ ဂိုင်း ရိုက်ဒါက ယခုနှစ်ဆန်းပိုင်းတွင် ပြောဆိုခဲ့သေးသည်။

Saturday, August 27, 2011

လွတ်တော်တွင်း ဆွေးနွေးမှု့များ ပြည်သူသိခွင့်မရှိ။

လွှတ်တော် အစည်းအဝေးများ၌ ဆွေးနွေး ပြောဆိုမှုများ၏ အသေးစိတ် အချက်အလက်များကို အများပြည်သူ သိရှိနိုင်ရန် နိုင်ငံပိုင် မီဒီယာများက ဖော်ပြပေးခြင်း မရှိဘဲ စိစစ်ဖြတ်တောက် ပြီးသားကိုသာ သိရှိခွင့်ရနေသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် ဒေသခံပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံ၍ ၎င်းတို့၏ လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြပေးရန် တောင်းဆိုထားချက်များနှင့် ပတ်သက်၍ ကိုယ်စားလှယ်များ၏ အပြန်အလှန် ဆွေးနွေးချက်များကို ရုပ်မြင် သံကြား၊ ရေဒီယို၊ သတင်းစာများမှ ပြည်စုံစွာ ဖော်ပြပေးသင့်ကြောင်း နေုပြည်တော်ရောက် လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

“စာမျက်နှာ ၄ မျက်နှာလောက်ဆွေးနွေးတာကို သတင်းစာမှာဖော်ပြတော့ ၂ ကြောင်းစာ လောက်ပဲပါလာတယ်။ ဒီ လုပ်ရပ်တွေဟာ ပြည်သူတွေက ကိုယ်စားလှယ်တွေအပေါ် အထင်လွဲမှုတွေ ဖြစ်ပေါ်စေတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံ၌ ဖဆပလခေတ် လွှတ်တော်အစည်းအဝေးများတွင် အပြန်အလှန်ဆွေးနွေးမှုများကို ရေဒီယိုမှတဆင့် နိုင်ငံသို့ ထုတ်လွှင့်ပေးခဲ့ကြောင်း၊ သတင်းစာများ၊ သတင်းထောက်များကလည်း လွတ်လပ်စွာ သတင်းယူခွင့်၊ မေးမြန်းခွင့်၊ရေးသားခွင့်များ ရှိခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

“ဖဆပလ ခေတ်က လွှတ်တော်အစည်းအဝေးတွေကို ကိုယ်စားလှယ်မဟုတ်တဲ့ ပရိသတ်တွေကလည်း ဧည့်သည် အဖြစ် တက်ရောက် နားထောင်ခွင့်ရှိပါတယ်” ဟု ဦးသုဝေက ဆိုသည်။

ဒီမိုကရေစီစနစ် ဖော်ဆောင်၍ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကို ဒီမိုကရေစီအသိုင်းအ၀န်း ဖြစ်စေရန် ဆောင်ရွက်နေသည်ဟု သမ္မတ ဦးသိန်းစိန်က ၎င်းတာဝန်ယူပြီး ချိန်မှစ၍ မကြာခဏ မိန့်ခွန်းပြောဆိုနေသည့်တိုင် လက်တွေ့ကျင့်သုံးမှု အားနည်း သည်ဟု ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

ဦးသိန်းစိန်သည် နိုင်ငံရေးအပြောင်းအလဲ လုပ်၍ ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်နေသည်ဟု ဆိုသော်လည်း အစိုးရသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးထက် စီးပွားရေး ကိစ္စကိုသာ လုပ်ဆောင်နေကြောင်း၊ မြန်မာ့နိုင်ငံရေး အခြေအနေ သည် ပြောင်းလဲရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “လွှတ်တော်အတွင်းမှာတော့ ပြောဆိုဆွေးနွေးမှုဟာ ပထမတကြိမ်ထက်တော့ တိုးတက်မှုတွေ့ရတယ်။ အဲဒီဆွေးနွေးမှုတွေကို ပြန်ကြားရေးက ဆင်ဆာဖြတ်တာက ဘာကြောင့်လဲ၊ ပြည်သူတွေကို မသိစေချင်တာက အစိုးရကို ကြောက်လို့လား၊ ပြည်သူကို ကြောက်လို့လားတော့ မသိဘူး” ဟု ဆိုသည်။

ဒီမိုကရေစီ နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအများစု၏ လွှတ်တော်အစည်းအဝေးများ၌ နိုင်ငံတော်၏ လုံခြုံရေးကို ထိုခိုက်စေမည့် အကြောင်းအရာမှအပ ဆွေးနွေးမှုများ၊ ငြင်းခုံမှုများကို သတင်းစာ၊ စာစောင်များက လွတ်လပ်စွာ ရေးသားကြသည့်အပြင် ပြည်သူများ တိုက်ရိုက် ကြည့်ရူနိုင်ရန် ရုပ်မြင်သံကြား အစီအစဉ် များကလည်း ထုတ်လွှင့်ပြသလေ့ ရှိသည်။

“ဆွေးနွေးမှု အပြည့်အစုံကို ပြည်သူတွေ သိရအောင် ဆောင်ရွက်ပေးဖို့အတွက် ကိုယ်စားလှယ်တွေက အစည်းအဝေးတွေမှာ တောင်းဆိုမှုတွေ လုပ်ကြဖို့ ရှိပါတယ်” ဟု ဦးဘရှိန်က ဆိုသည်။

လက်ရှိကျင်းပနေသော လွှတ်တော်အစည်းအဝေးများ စတင်သည့်နေ့တွင် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ၊ ဂျာနယ်များမှ သတင်းထောက်များ ၃၀ ကျော်တက်ရောက်ခွင့် ရခဲ့သော်လည်း ဓာတ်ပုံရိုက်ခြင်းကိုခွင့်ပြုပေးပြီး မေးခွန်းများ လွတ်လပ်စွာ မေးမြန်းခွင့်၊ ရေးသားခွင့် မရဟု တက်ရောက်သူ ဂျာနယ်သတင်းထောက် တဦးက ပြောသည်။

သြဂုတ်လ ၂၂ ရက် နေ့တွင် သတင်းထောက် ၃၂ ဦးတက်ရောက်သတင်းယူပြီး ကြာသပတေးနေ့တွင် ၃ ဦးသာ သတင်း ယူတော့ကြောင်း Weekly Eleven ဂျာနယ်၏ အွန်လိုင်းစာမျက်နှာ၌ ရေးသားထားသည်။

သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ကိုယ်စားလှယ်များသည် မိမိတို့ဒေသခံပြည် သူများ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြောင်း၊ ယင်းအကြောင်းအရာများအား မဖော်ပြခြင်း၊ အဆိုပြုချက် တချို့အားပယ်ချ ခံရခြင်းကိစ္စများကို  ၎င်းတို့လည်း သေချာ မသိရှိကြောင်း ပြောဆိုသည်။

“မီဒီယာတွေကို ကြိုပြောရင် အပယ်ခံရလို့  ကျနော့်ကိုမေးရင် သတင်းစာထဲက အတိုင်းပဲ ဖတ်ပြတော့မယ်” ဟု ဦးသိန်းညွန့်က ဧရာဝတီကို ပြောသည်။

ကိုယ်စားလှယ်များသည် လွှတ်တော်၌ တင်သွင်းမည့်အဆိုများကို မီဒီယာများအား ကြိုတင်ပြောဆိုမှု တချို့ရှိခဲ့၍ ပထမအကြိမ်အစည်းအဝေးများ ကျင်းပစဉ်က ပယ်ချခံရမှုများ ရှိခဲ့သည်။ တရားရုံးနှင့်ပတ်သက်သော ၁၉၂၆ ခုနှစ်က ထုတ်ပြန်ထားသည် ဥပဒေတရပ်ကို ဖျက်သိမ်းပေးရန် အဆိုတခုအား မနေ့က အစည်းအဝေး၌ ဦးသိန်းညွန့်က တင်သွင်းခဲ့ရာ ပယ်ချခံခဲ့ရသည်။

သမ္မတဦးသိန်းစိန်သည် မီဒီယာနှင့်ပြည်သူ့အသံကို အလေးထားသည့်အနေဖြင့် “ပဉ္စမ မဏ္ဍိုင် ဖြစ်တဲ့ ပြည်သူ့ဆန္ဒကို အလေးထားရမယ်” ဟု သြဂုတ်လ ၂၂ ရက်နေ့က အရပ်သားအစိုးရ အနေဖြင့် ပထမဆုံး ကျင်းပသည့် လွှတ်တော်၌ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်း ပြောရာတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ်များသည် ပါလီမန်ဒီမိုကရေစီကို စတင်အကောင်အထည် ဖော်ဆောင်နေသူများ ဖြစ်သည်နှင့်အညီ နောက်လူများ အတုယူနိုင်ရန် ဆောင်ရွက်ဖို့လိုကြောင်း၊ ပြည်သူများက တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူတို့၏ စိတ်ကျေနပ်မှု၊ ယုံကြည် ကိုးစားမှု ခံယူထိုက်သူများ ဖြစ်အောင် လုပ်ဆောင်သွားကြဖို့ အတွက်လည်း ဦးသိန်းစိန်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးအရာရှိ မစ္စတာ သောမတ်စ် ကင်တားနားနှင့်တွေ့စဉ်  ပြောဆိုရာတွင် လွှတ်တော်တွင် “ပြည်သူ့အသံ- လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်- လွှတ်တော်ဆောင်ရွက်ချက်” ဆိုသည့် ဆောင်ပုဒ် ထားကာ ယင်းဆောင်ပုဒ်အတိုင်း လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများက ရေးသားထားသည်။