အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်သော အဆိုတခုအား လွှတ်တော်တွင်  အတည်ပြု ဆွေးနွေးခဲ့သော်လည်း သမ္မတ ဦးသိန်းစိန်မှတဆင့်  နိုင်ငံတော်ကာကွယ်ရေးနှင့်     လုံခြုံရေးကောင်စီ၌ ထပ်မံဆွေးနွေးမည့် ကိစ္စအပေါ် မျှော်လင့်ချက်  နည်းပါးကြောင်း ကိုယ်စားလှယ်တချို့က ပြောကြသည်။
“လွှတ်တော်  ဥက္ကဋ္ဌက သမ္မတဆီကို တင်ပေးဖို့အတွက် လက်ခံတာက ပြည်တွင်း ပြည်ပက ဖိအားတွေ၊  တောင်းဆိုမှုတွေ ဆက်တိုက် လုပ်နေကြတာကြောင့်လို့ ထင်ပါတယ်။ နိုင်ငံရေး  အကျဉ်းသားတွေကို တကယ် ပြန်လွှတ်ဖို့ ကာလတခုကြာ ဦးမယ်လို့ ထင်တယ်” ဟု  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုသည်။
“အထွေထွေ  လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန် စေရေးအတွက်  နိုင်ငံတော်သမ္မတအား ဤလွှတ်တော်က မေတ္တာရပ်ခံကြောင်း” အဆိုကို သြဂုတ်လ ၂၆  ရက်နေ့ကပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဦးသိန်းညွန့်က တင်သွင်းရာ  စစ်တပ်ကိုယ်စားလှယ်များ အပါအ၀င် အများစု၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့ကြသည်။
အဆိုတင်သွင်းခဲ့သူ ဦးသိန်းညွန့်က “လွတ်ငြိမ်းချမ်းသာခွင့်ကို  လွှတ်တော်က အတည်ပြုပြီးပြီဆိုတော့ ချက်ချင်း အမိန့် မထုတ်ရင်လည်း  ထုတ်တဲ့အချိန်အထိတော့ စိတ်ရှည်ရှည်နဲ့ စောင့်ရမှာပေါ့” ဟု ဧရာဝတီကို  ပြောသည်။ 
ဦးသိန်းညွန့်၏ အဆိုအား စစ်တပ် ကိုယ်စားလှယ်များက  ထောက်ခံသည့်အတွက် နေအိမ်အကျယ်ချုပ် ကျခံနေရသော ထောက်လှမ်းရေး အကြီးအကဲ  ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အပါအဝင် ထောင်ဒဏ်များ ကျခံနေရသော  စစ်ထောက်လှမ်းရေး အဖွဲ့ဝင်များနှင့် ပတ်သက်၍ လူအများက စိတ်ဝင်စားနေကြသည်။
“ထောင်ဒဏ်  ကျခံနေတဲ့သူတွေ ပြန်လွှတ်ပေးသင့်တယ်လို့ စစ်တပ်ကိုယ်စားလှယ် ပြောတယ်ဆိုတာက  ထောက်လှမ်းရေး အဖွဲ့ကို ရည်ညွှန်းတယ်လို့ ထင်တယ်။ ကာကွယ်ရေးဦးစီးချုပ်က  ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို လက်ညှိုးထောင်၊ ခေါင်းညိတ်တဲ့ အဆင့်ပဲ  ထင်ထားတာ” ဟု ပြည်ပအခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်က ဆိုသည်။
အစိုးရသစ်  လက်ထက်တွင် ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်များကသာ  လုပ်ပိုင်ခွင့်များရနေပြီး စစ်တိုင်းမှူးက အာဏာမရှိတော့ ကြောင်း၊ လွှတ်တော်၌  စစ်တပ် ကိုယ်စားလှယ်များ ကိုယ်တိုင် ပါဝင်ဆွေးနွေးလာခြင်းသည် စစ်တပ်နှင့်  လွှတ်တော်တို့အကြား အားပြိုင်မှုပုံစံမျိုး ဖြစ်လာကြောင်း ဦးဌေးအောင်က  ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီမကျပေမယ့် စီမံခန့်ခွဲမှု လုပ်တဲ့နေရာမှာ အစိုးရအဖွဲ့၊ ဥပဒေပြုလွှတ်တော်နဲ့ ပါတီတွေကြားမှာcheck and balance ဖြစ်အောင် ညှိထားပေးတဲ့ သဘောတွေ့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။
လွှတ်တော်၌  ၂၅ ရာခိုင်နှုန်း ပါဝင်သော စစ်တပ် ကိုယ်စားလှယ်များထဲမှ  ဗိုလ်မှူးကြီးအဆင့်ရှိ ကိုယ်စားလှယ် ၂ ဦးက ပါဝင် ဆွေးနွေးရာ၌  တပ်မတော်သားများသည် အကြောင်းကြောင်းကြောင့် အရပ်ဘက် တရားရုံး၏  ပြစ်ဒဏ်ပေးခြင်းကို ခံထာ ရကြောင်း၊ ထိုသူများသည် နိုင်ငံအတွက် အလုပ်လုပ်ခဲ့  သူများဖြစ်၍ ၎င်းတို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း  ဆွေးနွေးခဲ့ကြသည်ဟု  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တချို့က ပြောသည်။ထိုအဆိုအား ပထမအကြိမ်ပြုလုပ်သော အစည်အဝေးများ၌ တင်သွင်းခဲ့ရာ ပယ်ချခံခဲ့ရသည်။
ကုလသမဂ္ဂ  လူ့အခွင့်အရေးအရာရှိ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားသည် ခရီးစဉ်အတွင်း  မြန်မာအစိုးရ၏ တာဝန်ရှိသူများ၊ လွှတ်တော်ဥက္ကဋ္ဌ များနှင့် ဆွေးနွေးရာ၌  နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိစ္စကို ထပ်မံ တိုက်တွန်းခဲ့သော်လည်း  ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မရှိကြောင်း ပြည်ထောင်စု  တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက တန်ပြန် ပြောဆိုခဲ့သည်။
အမျိုးသား  လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုကို  အနှောင့်အယှက် မပြုတော့ကြောင်း သေချာသည့်အချိန်တွင်မှ အကျဉ်းသားများအား  လွှတ်ပေးရန်ရှိကြောင်း ပြောဆိုခဲ့သည် 
No comments:
Post a Comment