မြန်မာနိုင်ငံက ရောက်ရှိသော ဒုက္ခသည်များကို  ပြန်လည် လက်ခံရန် မြန်မာဘက်က အပြုသဘော တုန့်ပြန် ပြောကြားခဲ့ကြောင်း   ဘင်္ဂလာဒေခ်ျ့ အစိုးရက မနေ့က ထုတ်ပြန်သော ကျေညာချက်ထဲတွင် ဖေါ်ပြ ထားသည်။
   အခုလို မြန်မာဘက်က အပြုသဘော တုန့်ပြန်မူကို သြဂတ်စ်လ ၂၅ ရက်နေ့က  နေပြည်တော်မှာ ပြုလုပ်ခဲ့သော ဘင်္ဂလာ- မြန်မာ နိုင်ငံခြားရေး အတွင်းဝန် အဆင့်  တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က  ထုတ်ဖေါ် ပြသခဲ့ခြင်း ဖြစ်ကြောင်း ကျေညာချက်တွင် ဖေါ်ပြသည်။
  မြန်မာနှင့် ဘင်္ဂလာမှ အဆင်မြင့် အရာရှိများ စစ်တကောင်းတွင် ၂၀၁၀ ဇန္န၀ါရီလ ၈ ရက်နေ့က ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ- စတား) ဆယ်စုနှစ်နှင့်  ချီပြီး ဘင်္ဂလာဒေခ်ျ့အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေသော မြန်မာနိုင်ငံမှ  ၀င်ရောက်လာသူများအား ပြန်လည် လက်ခံရန် အဆိုပါ ဆွေးနွေးပွဲတွင် ဘင်္ဂလာဒေခ်ျ့  ကိုယ်စားလှယ် အဖွဲ့က တင်ပြခဲ့ရာ မြန်မာဘက်က အပြုသဘော တုန့်ပြန်ခဲ့သည်ဟု  ဘင်္ဂလာဒေခ်ျ့ဘက်က ပြောသည်။ 
 ဘဂင်္ဂလာဒေခ်ျ့ အစိုးရမှ ထုတ်ပြန်သော ကျေညာချက်တွင် မြန်မာနိုင်ငံသားများဟု  ရည်ညွှန်းပြောဆိုသော ဒုက္ခသည်များကို မြန်မာနိုင်ငံမှ ပြန်လည် လက်ခံရန်  နိုင်ငံခြားရေး အတွင်းဝန် Mijarul Quayes က တင်ပြခဲ့ကြောင်း၊  တင်ပြရာတွင်လည်း ဒုက္ခသည် စခန်းတွင်းရှိ ဒုက္ခသည်များ စာရင်းနှင့် တကွ  မြန်မာဘက်ကို တင်ပြခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ 
  ယခင်က ဘင်္ဂလာဒေခ်ျ့ အစိုးရ တာဝန်ရှိသူများက မြန်မာနိုင်ငံမှ မွတ်ဆလင်  ဒုက္ခသည်များကို ရိုဟင်ဂျာ ဆိုသော အမည် စကားလုံးကို သုံးစွဲသော်လည်း ယခု  တကြိမ် ကျေညာချက်ထုတ်ရာတွင် မြန်မာနိုင်ငံသား ဒုက္ခသည်များဟုသာ  သုံးစွဲထားပြီး ရိုဟင်ဂျာ ဆိုသော နာမည်ကို ရှောင်ရှား  ချန်လှပ်ထားခဲ့ကြောင်း သိရသည်။
 ၎င်းပြင် ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ်အဖွဲ့မှ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုထားခြင်း  မခံရသူ အထောက်အထားမဲ့ မြန်မာနိုင်ငံမှ ၀င်ရောက်လာသူများအားလည်း ပြန်လည်  လက်ခံယူရန် မြန်မာဘက်သို့ တင်ပြခဲ့ကြောင်း သိရသည်။
 ၎င်းပြင် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလာဒေခ်ျ့ဘက်သို့ ၀င်ရောက်လာသော   မြန်မာနိုင်ငံသားများကိုလည်း တားဆီးပေးရန် မြန်မာဘက်ကို  မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။ 
 မြန်မာ ဒုနိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်ကလည်း သူတို့အနေဖြင့်  ဘင်္ဂလာဒေခ်ျ့တွင် ရောက်ရှိနေသောမြန်မာနိုင်ငံသားများကို သေချာစွာ  စိစစ်ပြီးပါက လက်ခံယူရန် လိုလားနေကြောင်း ပြောဆိုသည်ဟု ကျေညာချက်တွင်  ဖေါ်ပြသည်။ 
  နှစ်ဘက်ဆွေးနွေးပွဲအား သြဂတ်စ်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ရာ မြန်မာ  ဒုက္ခသည်များ အရေးကိစ္စကို သာမက သဘာဝ အရင်းအမြစ် ကဏ္ဍတွင်  ပူးပေါင်းဆောင်ရွက်ရေးနှင့် တိုက်ရိုက် လေကြောင်း ပျံသန်းပြေးဆွဲရေး၊  ရေကြောင်းလိုင်း တိုးချဲ့ရေးနှင့် တိုက်ရိုက် ကားလမ်း ရထားလမ်း  ဖေါက်လုပ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
  ၎င်းပြင် ယခုနှစ်ကုန်ပိုင်းတွင် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ခါဆီးနာ  မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်နိုင်ရေး အတွက်  ပြောဆိုဆွေးနွေးခဲ့ကြကြောင်း ဘင်္ဂလာဒေခ်ျ့မှ ထုတ်ပြန်သော ကျေညာချက်တွင်  ဖေါ်ပြသည်။ 
  နှစ်ဘက် ကိုယ်စားလှယ်များ အနေဖြင့် စီးပွားရေး၊ ကုန်သွယ်ရေး အပါအ၀င်  စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ယဉ်ကျေးမူဆိုင်ရာ  အပိုင်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမူများ ရရှိခဲ့သည်ဟု  သိရသည်။ 
 နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်ရေး Join Commission တစ်ခု ဖွဲ့ရန်လည်း သဘောတူညီမူ ရရှိခဲ့သည်ဟု သိရသည်။ 
No comments:
Post a Comment