Thursday, August 18, 2011

ဥရောပသမဂ္ဂ(EU)၏ကဏ္ဍစုံဖွံ့ဖြိုးမှုဆိုင်ရာအထောက်အပံ့ မြန်မာအင်န်ဂျီအိုများ ပြန်လည်လျှောက်ထားနိုင်ပြီ။

မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်မှ စတင်ကာ ပိတ်ပင်ခဲ့သော ဥရောပသမဂ္ဂ(EU)၏ ထောက်ပံ့မှုများကို ပြည်တွင်းရှိ အင်န်ဂျီအိုများ ပြန်လည်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း Network Activites Group(NAG) ၏ အကြီးတန်း တာဝန်ရှိသူ ဦးကျော်လင်းဦးက ဆိုသည်။ “မြန်မာနိုင်ငံကို Global Fund ပြန်ဝင်လာပြီး နောက်ပိုင်းမှာ ပွင့်လာတာပါ။ တရားဝင်ပြောတာတော့ မရှိသေးပါဘူး။ EU ရဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထောက်ပံ့တဲ့ အထောက်အပံ့တွေကို မြန်မာနိုင်ငံကလည်း ရနိုင်ပြီဆိုတာ သိရတယ်” ဟု ယင်းကဆိုသည်။ ထောက်ပံ့ငွေ လျှောက်ထားလိုသော ပြည်တွင်းအင်န်ဂျီအိုများသည် ဥရောပသမဂ္ဂနိုင်ငံများတွင် အခြေစိုက်သော INGOs များနှင့် လက်တွဲလုပ်ဆောင်ပါက ထောက်ပံ့ငွေ ခွင့်ပြုပေးရာတွင် ပိုမိုမြန်ဆန်ကြောင်း သိရှိရပြီး EU မှ ထောက်ပံ့သော စီမံကိန်းများမှာ နှစ်ရှည်စီမံကိန်းဖြစ်ကာ မြန်မာ့လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် စီမံကိန်းများမှာ အများစုဖြစ်ကြောင်း ပြည်တွင်းအင်န်ဂျီအိုတစ်ခု၏ စီမံကိန်းမန်နေဂျာတစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံတွင် အစိုးရသစ်၊ စနစ်သစ် ပေါ်လာပြီးနောက်ပိုင်းတွင် Civil Society ကဏ္ဍနှင့် NGOs ကဏ္ဍ တိုးတက်စေရန်အတွက် EU က ရည်ရွယ်ခြင်းဖြစ်ကြောင်း ဦးကျော်လင်းက ပြောပြသည်။ “EU က သဘောကျတဲ့ ကိစ္စရပ်တွေက သမ္မတကြီးပြောတဲ့ Governance ဆိုင်တဲ့ ကိစ္စရပ်တွေ၊ အစိုးရဌာနတွေက ပူးပေါင်း ပါဝင်တဲ့ကိစ္စရပ်တွေကို ဆောင်ရွက်မယ့် အင်န်ဂျီအိုတွေကို  ပိုထောက်ပံ့ချင်တယ်။ အဲဒီနေရာမှာ အစိုးရဌာနက အထက်အမိန့် စောင့်ရတာတို့၊ ပူးပေါင်းပါဝင်ဖို့ ခွင့်မပြုတာတို့ဆိုရင် ကိုယ့်နိုင်ငံရမယ့် ပိုက်ဆံ သူများနိုင်ငံကို ရွေ့သွားနိုင်တယ်” ဟု ၄င်းက ဆက်လက်ပြောသည်။ မြန်မာနိုင်ငံ အင်န်ဂျီအိုများကွန်ရက်အဖွဲ့ (MNN) ဥက္ကဋ္ဌ ဦးမြင့်ဆွေက “မြန်မာနိုင်ငံကို EU က လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ပေးတာတော့ ရှိပါတယ်။ ပေးတဲ့အကူအညီတွေကလည်း မြန်မာ့လူ့အဖွဲ့အစည်း တိုးတက်စေဖို့ကို ရည်ရွယ်ပြီး ပေးတာ များပါတယ်” ဟု ဆိုသည်။ EU ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရယူလိုပါက မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို အလှူရှင်နိုင်ငံများ သိရှိရန်နှင့် မြန်မာနိုင်ငံတွင် လုပ်နိုင်ကိုင်နိုင်စွမ်းရှိသော NGOs များ ပေါ်ထွန်းလာသည်ကိုလည်း အလှူရှင်နိုင်ငံများ သိရှိနိုင်ရန် လိုအပ်သည်ဟု ယင်းက သုံးသပ်ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment