သြဂုတ်လ ၂၈ ရက်နေ့ညက ရွာသွန်းသည့် မိုးကြောင့် မင်းရဲဆည်  တာတမံကျိုးသွားခြင်းဖြစ်ပြီး ကြက်မင်းတွန်၊ တံတားလယ်၊ ရဲစု ရပ်ကွက်ကြီး ၃  ခုမှ လူ ၂၀၀၀ ခန့် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာ  အိမ်များသို့ ပြောင်းရွေ့ခဲ့ရကြောင်း ကျောက်ဆည်မြို့ခံတဦးက ပြောသည်။
“ရေက  ရင်ခေါင်းလောက်နက်တယ်။ အားလုံးကို ထမင်းထုပ်တွေ၊ ဆန်တွေ၊  ခေါက်ဆွဲခြောက်တွေ၊ သောက်ရေတွေ ဝေတယ်။ တိုင်းဒေသကြီး သစ်တောဝန်ကြီးကလည်း  လှူတယ်” ဟု ၎င်းက ဆိုသည်။
ကယ်ဆယ်ရေးစခန်းများ သီးသန့် ဖွင့်လှစ်ထားခြင်း  မရှိသော်လည်း ရေဘေးဒုက္ခသည်များ ကျန်းမာရေးအတွက် ဆေးခန်းများ  ဖွင့်လှစ်ထားပြီး လူမှုရေး အသင်းအဖွဲ့တခုဖြစ်သည့် ပုလဲဖောင်ဒေးရှင်းအဖွဲ့က  လှူဒါန်းကြောင်း သိရသည်။
ယခုလ ၁၆ ရက်နေ့က မန္တလေးမြို့တွင် ရွာသွန်းခဲ့သည့် မိုးကြောင့် မြို့ပေါ်ရပ်ကွက်များ အပါအ၀င် ရပ်ကွက် အများစု ရေနစ်မြုပ်ခဲ့သေးသည်။
ယခုအခါ  အနိမ့်ပိုင်းဖြစ်သည့် ဧရာဝတီမြစ်ကမ်းနံဘေးရှိ ညောင်ကွဲ  ရပ်ကွက်အတွင်းတွင်သာ ရေများ ကျန်ရှိနေပြီး လူဦးရေ ၆၀၀ ကျော်ကို  ကုသိုလ်တော်ဘုရား ပရ၀ုဏ်အတွင်းရှိ ဥပုဒ်ဇရပ် ၁၈ ဆောင်နှင့်  ပုသိမ်ကြီးမြိ့နယ် အောင်ချမ်းသာကျေးရွာရှိ အကျဉ်းဦးစီးဌာနပိုင်  အဆောက်အဦးများတွင် ယာယီ နေရာချပေးထားသည်။
အဆိုပါ  ရေဘေးဒုက္ခသည်များကို လူမှုရေးအသင်းအဖွဲ့များ ဖြစ်သည့် နိဗ္ဗာန်သုခ၊  စိမ်းရောင်စို၊ ချမ်းမြသုခ၊ ဘ၀အလင်းရောင် စသည့် လူမှုရေးအသင်းများက သွပ်၊  ထမင်းထုတ်၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဆန် စသည့် ပစ္စည်းများ ဝေငှကြောင်း  စိမ်းရောင်စို လှုပ်ရှားမှု  လူမှုရေးအသင်းဝင်တဦးက ပြောသည်။
“နေရာက အရမ်းနိမ့်ပိုင်းဖြစ်တော့ ရေထွက်ပေါက်တွေက မထွက်နိုင်ဘဲ ရေတွေဝပ်ကျန်ခဲ့တာ။ ပြန်နေလို့ ရမှာမဟုတ်သေးဘူး” ဟု ၎င်းကဆိုသည်။ 
လက်ရှိအခြေအနေတွင်  ၀မ်းရောဂါဖြစ်ပွားမှုရှိသော်လည်း အရေအတွက် နည်းပါးကြောင်း၊ အစိုးရ ဒေသန္တရ  ဆေးခန်းနှင့် ဘ၀ အလင်းရောင် လူမှုရေးအသင်းတို့က လွန်ခဲ့သည့် တပတ်ခန့်ကတည်းက  ဆေးခန်းများဖွင့်ကာ တာဝန်ယူ ကုသပေးနေကြောင်း အဆိုပါ  ကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူက ပြောသည်။
ညောင်ကွဲရပ်ကွက်သည်  နှစ်စဉ်နှစ်တိုင်း ရေနစ်မြုပ်ကြောင်း၊ နစ်မြုပ်လျှင်လည်း လနှင့်ချီကာ  ကြာမြင့်တတ်ကြောင်း၊ ရေထွက်ပေါက်နှင့် ရေနုတ်မြောင်းများ မဖော်လျှင်  နောင်နှစ်များတွင်လည်း ရေကြီးရေလျှံမှုကို ဆက်လက်ကြုံရနိုင်ကြောင်း သိရသည် 
No comments:
Post a Comment