ရေနက် ဆိပ်ကမ်းနှင့် အထူး စီးပွားရေး  ဇုန်များ ပါဝင်သော    ထားဝယ် စီမံကိန်း စတင် တည်ဆောက် ရာတွင် ပထမ အသုတ်ဖြင့်ရွာ ၅ ရွာမှ အိမ်ခြေ  ၁၄၉၄ လုံးအား ရွေ့ပြောင်း သွားမည် ဖြစ်ကြောင်း လောင်းလုံမြို့နယ်၊  ပန်းတင်အင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ရွှေ့ပြောင်းရာတွင် အဆင့်၃ ဆင့်ခွဲ၍  အိမ်ရာများ ဆောက်လုပ် ပေးကာ ရေမီးအစုံ အလင် တပ်ဆင်ပေးပြီး နေရာချ ထားပေးမည်  ဖြစ်ကြောင်း အထူးစီးပွားရေး ဇုန်ဆိုင်ရာ တာဝန်ရှိသူများကို ကိုးကား၍ ၎င်းက  ဆက်လက် ပြောကြား သည်။  ကနဦး ရွေ့ပြောင်း ပေးခံရမည့် ကျေးရွာများဖြစ်သော  နဘုလယ်ဒေသမှ မူးဒူး၊ ထိန်ကြီး၊ လဲရှောင် ၊ ပရဒတ် ၊ မယင်းကြီး ရွာများတွင်  အိမ်နံပါတ်များ လာရောက် သတ်မှတ်ထားပြီး ခြံများ တိုင်းတာခြင်းကို  လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အသက် ၄၅ နှစ်အရွယ်ရှိ နဘုလယ် ကျေးရွာမှ  ရွာသားတစ်ဦးက ဆိုသည်။
ယခုအနေ အထားတွင် ပြောင်းရွေ့ပေးရမည့်  အချိန်ကို အတိအကျ မသိရှိသေးဘဲ နေရာအသစ်၌ အဆင်သင့် ဖြစ်မှသာ ပြောင်းရွေ့  ပေးသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် တစ်ဦးက  ပြောကြားသည်။  ရွာသားများအနေဖြင့် အခြေအနေကို တိတိပပ မသိဘဲ ပြောင်းရွေ့ ရန်  လက်မှတ် မထိုးပေး သင့်ကြောင်း၊ ထိုင်းနိုင်ငံ စက်မှုဇုန်များ ထိုသို့စတင်  တည်ဆောက် စဉ်က ကနဦး ကတိပြုသော ပြန်လည်နေရာချထားပေးမည့် အစီအစဉ်များနှင့်  အမှန်တကယ် တည်ဆောက် ပေးခဲ့သော အခြေအနေ များစွာကွာခြားမှု ရှိကြောင်း  လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်  လေ့လာလျက်ရှိသူ ထားဝယ်မြို့ခံ တစ်ဦးက ဆိုသည်။
" သူတို့မှာ ဒီလို အိမ်လေးတွေ ဒီလို  စီးပွားရေး အနေအထား ဒီလိုဘဝလေးတွေ ဖြစ်လာဖို့ နှစ်ပေါင်းများစွာ  ကြိုးစားလာရတာ။ အခုဆို ဘဝကို တစ်က ပြန်စတာပဲ။ စီးပွားရေးလည်း တစ်က ပြန်စပဲ။  လူမှုရေးလည်း တစ်က ပြန်စပဲ။ အားလုံး ပြန်စရမှာဗျာ။ ဆိုတော့ အခု အသက်  လေးဆယ် ကျော်လောက် ရောက်နေတဲ့သူတွေအတွက် သူတို့ဘဝက နေဝင်ချိန်မှာ ဘဝကို  တစ်က တစ်ခါ ပြန်စရသလို ဖြစ်နေတယ် " ဟု ၎င်းက ထပ်မံပြောကြားသည်။
စီမံကိန်း ကြောင့် ဒေသခံများ  ဆုံးရှုံးရမည့် ခြံမြေများတွင် စိုက်ပျိုးထားသော သီဟိုပင် တစ်ပင်လျှင် ၉၀၀ဝ  ကျပ် ၊ ရော်ဘာပင် တစ်ပင်လျှင် ၅၀၀၀၊ ၉၀၀၀၊ ၁၅၀၀ဝ ကျပ် လျော်ကြေး ပေးအပ်  သွားမည်ဟု ဥယျာဉ်ခြံများအား ဈေးနှုန်းသတ်မှတ် ပေးလျှက်ရှိကြောင်း ၎င်းက  ဆိုသည်။  ယင်းပမာဏသည် ဥယျာဉ်ခြံ လုပ်ငန်းရှင်များအတွက် လွန်စွာ  နည်းပါးလွန်းသော ပမာဏဖြစ်ပြီး ရော်ဘာ တစ်ပင်လျှင် ၁၂၀၀၀ဝ မှ ၁၅၀၀၀ဝ ကျပ်အထိ  ပေးရန် ရော်ဘာခြံရှင်များက တောင်းဆိုထားကြောင်း အသက် ၅၅ နှစ် အရွယ်ရှိ  ပန်းတင်အင်း ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောကြားသည်။  " အိမ်ပြောင်းပြီးရင်  ဘာစီးပွားရေး လုပ်ရမယ်ဆိုတာ မသိသေး " ဟု အဆိုပါရွာများမှ ရွာသားများက  တစ်ညီတစ်ညွှတ်တည်း ပြောကြသည်။
ယခုအချိန်တွင် စီမံကိန်းတွင်  မြေသားလမ်းခင်းခြင်း၊ ပြုပြင်ခြင်း တို့ကိုသာ ဆောင်ရွက်လျှက်ရှိပြီး ဒေသခံ  လုပ်သားများအတွက် တစ်ရက် လုပ်အားခ ၃၅၀ဝ မှ ၄၀၀ဝ ကျပ် ရရှိကြောင်း၊  အလုပ်သမား အနည်းငယ်သာ ခန့်ထားကာ ၄၅ ရက်တွင် တစ်ကြိမ် လစာရရှိကြောင်း နဘုလယ်  ဒေသခံများထံမှ သိရသည်။  ပထမအသုတ် ရွေ့ပြောင်းရမည့် နဘုလယ် ဒေသသည် ထားဝယ်  ယဉ်ကျေးမှုဆိုင်ရာ အထောက် အထားများ များစွာ ကျန်ရှိနေသေးသော ဒေသဖြစ်ကြောင်း  ဒေသခံ သုတေသီများထံမှ သိရသည်။  ပထမသုတ် ရွှေ့ပြောင်း မည်ဟု သိရသော ရွာ ၅  ရွာမှာ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းတွင် စက်မှုဇုန် ဧရိယာအတွင်းမှ  ရွှေ့ပြောင်းရန် ရာထားသည့် ရွာ ၁၉ ရွာမှဖြစ်ပြီး ဆိပ်ကမ်းတည်ဆောက်ရန်  နေရာရှိ ရွာများ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment