![]()  | 
| နေပြည်တော်ရှိ ဆောက်လုပ်ဆဲ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂၀၁၁ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။ | 
ယခုနှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့သော ပြည်ထောင်စုဝန်ကြီး ဌာနများနှင့်  ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ အသုံးစရိတ်ပြ ပြည်ထောင်စု  မြန်မာနိုင်ငံတော်ပြန် တမ်း (၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်) အရ ကာကွယ်ရေး  ၀န်ကြီးဌာန၏ အသုံးစရိတ်သည် ကျပ်ငွေ ၁၃၁၈ ဘီလျံ ဖြစ်သောကြောင့် ထိုနှစ်  နိုင်ငံတော်၏ စုစုပေါင်းသုံးငွေကျပ် ၆၇၇၂ ဘီလျံနှင့် နှိုင်းယှဉ်ပါက ၂၀  ရာခိုင်နှုန်းကျော် သုံးစွဲထားကြောင်း သိရှိရသည်။
အလားတူပင် ပညာရေး အတွက် ၄ ‘ဒသမ ၅၇ ရာခိုင်နှုန်း၊ ကျန်းမာရေးအတွက် ၁ ဒသမ  ၃၁ ရာခိုင်နှုန်း၊ လူမှုရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး တို့အတွက် ၀  ဒသမ ၂၆ ရာခိုင်နှုန်း သုံးစွဲထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော် အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်း ကို  နှစ်စဉ် ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ကာလအတွက် ပြဋ္ဌာန်းလေ့ရှိပြီး  ၁၉၈၉- ၁၉၉၀ ဘဏ္ဍာရေးနှစ်မှစ၍ နိုင်ငံ၏ စီးပွားရေး အဖွဲ့အစည်းများသည်  ရငွေများကို နိုင်ငံတော်၏ ဘဏ္ဍာ ရန်ပုံငွေ (State Fund Account) သို့  ပေးသွင်းရပြီး ထုတ်ပေးရန်ရှိသော သုံးငွေများကို ယင်းနိုင်ငံ  တော်၏ဘဏ္ဍာရန်ပုံငွေမှထုတ်ယူ သုံးစွဲရကြောင်း သိရှိရသည်။
ရငွေပိုင်းတွင် အရေးပါသော နိုင်ငံတော်ဘဏ္ဍာငွေရှိရာ အရင်းအမြစ်များမှာ  အကောက်ခွန်မှရသော ငွေများ၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့  အစည်းများမှရငွေများ၊ နိုင်ငံခြား အစိုးရနှင့် နိုင်ငံခြားအဖွဲ့အစည်းများ  မှထောက်ပံ့သောငွေများဖြစ်ကြောင်း သိရသည်။
နှစ်စဉ်အလိုက် ကြေငြာရသော ရသုံးမှန်းခြေအမှတ်စဉ် ၁/၂၀၁၁ အစီရင်ခံစာအရ  နိုင်ငံတော်တစ်ရပ်လုံး၏ ရငွေစုစုပေါင်းပမာဏမှာ ၅၇၈၁ ဒသမ ၇၃၈ ဘီလျံဖြစ်ပြီး  စုစုပေါင်း သုံးငွေပမာဏမှာ ၇၉၈၃ ဒသမ ၁၈၈ ဘီလျံဖြစ်သည့်အတွက် ရသုံး  မှန်းခြေဘတ်ဂျက်လိုငွေပြမှုမှာ ၂၂၀၁ ဒသမ ၄၅၀ ဘီလျံရှိကြောင်း သိရှိ ရသည်။
ADB ၏ Asia Development Outlook 2011 အရ မြန်မာနိုင်ငံ၏ ရသုံးငွေစာရင်း  လိုငွေပြမှုကိုလေ့လာပါက ၂၀၀၅ ခုနှစ်မှစ၍ ၂၀၁၀ ခုနှစ် အထိ တစ်နှစ်လျှင်  ပျမ်းမျှလိုငွေပြမှု ၄ ဒသမ ၂ရာခိုင်နှုန်း ရှိကြောင်းလည်း သိရှိရသည်။
“လတ်တလော ထုတ်ပြန်ချက်တွေအရ အစိုးရမှာဘတ်ဂျက်လိုငွေ ပြနေတယ်။ ဒီလို  လိုငွေပြနေတာဟာ တစ်ဒေါ်လာကို ခြောက်ကျပ်နဲ့ တွက်တဲ့ အတွက်ကြောင့်  လိုငွေပြတာလည်း ဖြစ်နိုင်ပါတယ်။ အသုံးစရိတ်ကို တိုင်းတာတဲ့အခါမှာ အစိုးရ  ဘတ်ဂျက်တစ်ခုလုံးရဲ့ပေါ်မှာ တိုင်းတာတာမျိုး ရှိသလို GDP ကနေ ယူပြီး  တိုင်းတာလည်း ရှိတယ်။ GDP ကနေ ယူတိုင်းလိုက်တဲ့အခါမှာ ၂၀၀၅ ခုနှစ်ကနေ  ၂၀၁၀ပြည့်နှစ်အထိ ငါးနှစ် တာကာလအတွင်း ကာကွယ်ရေး အတွက် အသုံးပြုတဲ့ပမာဏဟာ  ပျမ်းမျှအားဖြင့် GDP ရဲ့ ၁ ဒသမ ၆၄ ရာခိုင်နှုန်းရှိပါတယ်”ဟု စီးပွားရေး  ပညာရှင်တစ်ဦးက ပြောပြခဲ့သည်။
နိုင်ငံတော်၏ လက်ရှိလိုငွေပြမှု ကို ဖြေရှင်းရန် နည်းလမ်းသုံးခုအား  နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ  အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေး ပွဲတွင် ပါဝင်ဆွေးနွေးသူ ဦးစံသိန်း၏  ‘မြန်မာနိုင်ငံ ရသုံးငွေစာရင်းကို လေ့လာခြင်း’ စာတမ်းတွင် ဖော်ပြထားပြီး  ပြည်သူလူထုသို့ အစိုးရချေးငွေ စာချုပ် (Treasury Bonds) များ  ရောင်းချခြင်း၊ ပြည်ပမှငွေချေးယူခြင်း၊ ဗဟိုဘဏ်မှ ငွေချေးယူခြင်း နည်းလမ်း  များဖြစ်ကြောင်း၊ သို့သော် ယင်းလိုငွေဖြည့်ဆည်းမှု နည်းလမ်းများထဲမှ  တစ်နည်းထဲကိုသာ အားကိုး၍ မရကြောင်း၊ ယင်းသို့ အသုံးပြုခြင်းဖြင့်  ရေရှည်ဆိုးကျိုးများ ပေါ်ပေါက်လာနိုင်ကြောင်း သုံးသပ်ပြထားသည်ကို  တွေ့ရှိရသည်။
အကြံပြုချက် အနေဖြင့်မူ ယေဘူယျအားဖြင့် ရသုံးငွေစာရင်းတွင်  အရအသုံးမျှတသည့် အခြေအနေ ရှိရန် ကြိုးပမ်းသင့်ကြောင်း၊ ရငွေအပိုင်းတွင်  အခွန်ဘဏ္ဍာငွေများရ ရှိအောင်ကြိုးပမ်းသကဲ့သို့ တစ်ဖက်မှလည်း  သုံးသင့်သုံးထိုက်သည့် ကဏ္ဍများတွင် သုံးစွဲ၍ကုန်ထုတ်လုပ်မှု  ကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အကျိုးမပြုသော အသုံးစရိတ်များကို  လျှော့ချ၍ နှိုင်းချင့်မျှော်ခေါ်သည့် ဘဏ္ဍာရေးပေါ်လစီ ထူထောင်ရန်  လိုအပ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နှစ်စဉ်ပေါ်ပေါက်လျက် ရှိသော  နောက်ထပ် ဘဏ္ဍာငွေခွဲဝေ သုံးစွဲမှုကို စီစစ်သင့်ကြောင်းလည်း တင်ပြထားသည်။

No comments:
Post a Comment