Saturday, August 20, 2011

စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲဒုတိယနေဒေါ်အောင်ဆန်းစုကြည်တက်ရာက်မှု့အခြေအနေ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉ နာရီက နေပြည်တော်တွင် ကျင်းပနေ သည့် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည် ဟု သတင်းရရှိသည်။ 

“ဒေါ်အောင်ဆန်းစုကြည် အခုမနက်ပိုင်း အစည်းအဝေးဆီရောက်ပါတယ်။ ခဏပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးတာဝန်ယူထားသူ ဦးခွန်သာမြင့်က ပြောသည်။ 

အဆိုပါ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ၁ နာရီကျော် ကြာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ 

ယနေ့ ဒုတိယနေ့အဖြစ် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ ခေတ္တရပ်နားနေစဉ် အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး များဖြစ်သည့် ရထားဝန်ကြီး ဦးအောင်မင်း၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ စက်မှူ ၁၊ ၂ ဝန်ကြီး ဦးစိုးသိန်း၊ နယ် စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးတို့နှင့် သီးခြား ရင်းရင်းနှီးနှီး တွေ့ ဆုံခဲ့ကြောင်းသိရသည်။


အစည်းအဝေးမှ ပြန်လည်ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်ကို  သတင်းထောက်များ က နိုင်ငံတော်သမ္မတ နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့မှု အခြေအနေနှင့်ပတ်သက်၍ လည်းကောင်း၊ အလုပ်ရုံဆွေးနွေးပွဲနှင့်လည်းကောင်း မေးမြန်းရာ "ကျေနပ်မိတယ် အားရမိတယ် " ဟု မှတ်ချက်ပေး ပြောကြားခဲ့ဟုဆိုသည်။ 


 သမ္မတဦးသိန်းစိန်နှင့် ယမန်နေ့က တွေ့ဆုံခဲ့မှုအပေါ် သတင်းထောက်များက မေးမြန်းရာ တွင် ဒေါ်အောင်ဆန်းစုကြည်က  "ဦးသိန်းစိန်နဲ့ တွေ့ရတာ ၀မ်းသာပါတယ်။ အခု အလုပ်ရုံဆွေးနွေး ပွဲကိုလည်း ဦးမြင့်ဖိတ်လို့ လာခဲ့တာပါ။ ကျေနပ်အားရပါတယ်"ဟု ဖြေကြားခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အစိုးရ တာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပမှ စီးပွားရေး ပညာရှင် များ၊ နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ စာပေနှင့် သတင်းမီဒီယာ နယ်ပယ်မှ သူများနှင့် စုစုပေါင်း ၅၀၀ ခန့်တက်ရောက်ကြောင်း သိရသည်။ 

လုပ်ငန်းရှင်များ၊ ဆွေးနွေးပွဲတက်ရောက်လာသူများက ကော်ဖီသုံးဆောင်ပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပူးတွဲ ဓာတ်ပုံလာရိုက်ကြသည်ဟု သိရသည်။

ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ တည်းခိုရာ ဟော်တယ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး မကြာခင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။ ယနေ့တွင် သမ္မတ ဦးသိန်းစိန်နှင့် ထပ်မံတွေ့ရန် မရှိဟု သိရသည်။ 

“ကျနော်တို့ အခု ရန်ကုန်ပြန်ဘို့လုပ်နေပါပြီ။ သမ္မတ ဦးသိန်းစိန်နဲ့ ဒီနေ့ ထပ်တွေ့ဖို့တော့ မရှိတော့ပါဘူး”ဟု ဦးခွန်သာမြင့်က ပြောသည်။ 

ယမန်နေ့ညက ဒေါ်အောင်ဆန်းစုကြည်သည် ညစာကို နေပြည်တော်ရှိ တည်းခိုရာ မြတ်မင်္ဂလာ ဟိုတယ်တွင်တွင် သုံး ဆောင်ခဲ့ကြောင်းသိရသည်။ သမ္မတ ဦးသိန်းစိန်မှ ညစာ ဖိတ်ကြားခဲ့သည်မှာ မဟုတ်မှန်ကြောင်း သိရသည်။ 

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတကြီးနှင့် သမ္မတ အိမ်တော်တွင် ၁ နာရီ ကြာတွေ့ဆုံဆွေးနွေးခဲ့ရာတွင် နွေးထွေးမှုရှိကြောင်းနှင့် လန်းဆန်းတက်ကြွနေကြောင်း သိရသည်။ 

အဆိုပါသတင်းကို ယမန်နေ့ည ၈ နာရီတွင် နိုင်ငံပိုင် ရုပ်သံနှင့် ရေဒီယိုများမှ ကြေညာသွားခဲ့ပြီး သမ္မတ အိမ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ မှတ်တမ်း ဓာတ်ပုံရိုက်ကူးစဉ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာရိုးရာ ၀တ်စုံနှင့် ကိုယ်တပိုင်းဓာတ်ပုံ ဧည့်ခန်းမ နံရံတွင် ချိတ်ဆွဲထားသည်ကိုလည်း ထင်ရှားစွာ  ပြသခဲ့သည်။ 

"ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ကို အခုလို ပြန်မြင်တွေ့လိုက်ရတာ အလွန်ကြည်နူးတယ်။ ဒါဟာ တကယ် အကောင်းဘက်ကို သွားနေပြီလို့ တောင် ပြောချင်တယ်"ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးက မှတ်ချက်ပေးသည်။ 
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လာမည့် သြဂုတ်လ ၂၂ ရက် တနင်္လာနေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးတွင် ဗဟို အလုပ်အမှုဆောင်လူကြီးများကို သမ္မတ ဦးသိန်းစိန်နှင့်   တွေ့ဆုံဆွေးနွေးခဲ့သည်များကို ပြန်လည် တင်ပြ မည်ဖြစ်ပြီး (NLD) အနေဖြင့် ကြေညာချက်ထုတ်ရန် ရှိကြောင်း သိရသည်။ 

“တနင်္လာ နေ့ ကျရင် တော့ စီအီးစီတွေကို ဒေါ်အောင်ဆန်းစုကြည်က တင်ပြပြီး ပါတီအပိုင်း က ကြေညာချက် ထုတ် တာ လုပ်မယ်ထင်ပါတယ်”ဟု ဦးခွန်သာမြင့်က ပြောသည်။ 

ယခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်များကို ထုတ်ဖော်ပြော ဆိုရန် အဆင်သင့်မဖြစ်သေးကြောင်း ၄င်းက ဆက်ပြောသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ယခုကဲ့သို့ သမ္မတ ဦးသိန်စိန် နှင့် တွေ့ဆုံဆွေးနွေးမှုများမှသည် ပိုမိုကျယ်ပြန့်ပြီး အကျိုးသက်ရောက်မှုမြန်ဆန်သည့် စစ်မှန်သည့် နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲများကို ဆက်လက်ဦးတည်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

“ကျနော်တို့ က တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့ တလျှောက်လုံးတောင်းဆိုလာတာပါ။ အခုလို စကားပြောဖြစ်ဖို့ ဆိုတာ အတော် အချိန်ယူကြရတာဖြစ်တယ်။ ကျနော်ထင်တယ် အကောင်းဘက်ကို ပိုသွားနေတယ် လို့ ပြောချင်တယ်”ဟု ဦးဝင်းတင် က ပြောသည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တွေ့ဆုံမှုကို နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့် သွားစဉ်တွင် “မတူကွဲလွဲချက်များကို ရှောင်ရှားပြီး တူတာတွေကို တိုင်းပြည်အကျိုးစီးပွားအတွက် လက်တွဲလုပ်ဆောင် သွားမည်”ဟု ယမန်နေ့ညက ပြောဆိုကြေညာသွားခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ ယခုကဲ့သို့ ပထမဆုံးတွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး FDB မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာနိုင်အောင်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ကို မြန်မာအစိုးရဘက်က လစ်လျူမရှုဘူးဆိုတာ ထင်ရှားတဲ့ အချက်ဖြစ်တယ်။ အရှိတရားအမြင် အရ ပြောရရင် အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းဖြစ်တယ်”ဟု  ပြောသည်။ 
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုသည် ၀န်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံမှု ၂ ကြိမ်ပြုလုပ်ခဲ့မှု၏ နောက်ဆက်တွဲ အကျိုးရလာဒ်ဖြစ်ပြီး ဆက်လက် ဆွေးနွေးမှုများ ရှိမည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ 

ယမန်နေ့က တွေ့ဆုံမှုများကြောင့် မြန်မာပြည်သူများမျှော်လင့်နေကြသည့် နိုင်ငံရေး ပြေလည်မှု အပြောင်းအလဲများ စတင်ဖြစ်ပေါ်ပြီလားဟု မြို့ကြီးများရှိ စိတ်ဝင်စားသူများက ပြောဆိုနေကြကြောင်း သိရသည်။ 

တချို့ ဝေဖန်သုံးသပ်သူများအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌ ရာထူးနေရာ အတွက် မြန်မာအစိုးရ က တာဝန်ယူရန် စိတ်ပိုင်းဖြတ်ထားပြီး အာဆီယံ စံများကိုက်ညီရန်အတွက် ယခုကဲ့သို့ အတိုက်အခံ ခေါင်းဆောင်နှင့် တွေ့ ဆုံ ဆွေးနွေးမှုမျိုးလုပ်ပြခြင်းလည်းဖြစ်နိုင်သည်ဟု ဆိုသည်။ 

“အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူးအတွက် အခုလိုတွေ့ဆုံတယ်ဆိုရင်တော့ မကောင်းဘူးပေါ့။
တကယ်ဆိုရင် နိုင်ငံ ရေး အကျဉ်းသားတွေကို အရင်ဆုံးလွှတ်ပေးသင့်တယ်။ အကောင်းဖြစ်ချင်လို့ အကောင်းတော့ မျှော်လင့်တာပေါ့ ။သိပ် ပြီး မျှော်လင့်တာမျိုးလည်း မဖြစ်သင့်ဘူး”ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

No comments:

Post a Comment