အမြင်မတူပေမယ့် တိုင်းပြည် တိုးတက်ရေး အတွက် လက်တွဲ လုပ်ဆောင်ကြဖို့  လိုကြောင်း၊ အစိုးရ အနေနဲ့ ငြိမ်းချမ်းရေး အတွက် တံခါး ဖွင့်ထားကြောင်း  ပြောကြားပြီး၊  ပြည်ပရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံကို  ပြန်လာနိုင်ကြောင်း သမ္မတဦးသိန်းစိန်က ဒီကနေ့ ဖိတ်ခေါ်လိုက်ပါတယ်။ 
      နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လူမှုရေး  အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန်က  အခုလို ပြောကြားခဲ့တာ ဖြစ်ကြောင်း ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့  စီးပွားရေး လုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေက RFA ကို ပြောပါတယ်။  "ပြည်ပမှာရောက်နေတဲ့ ပုဂ္ဂိုလ်တွေပေါ့ဗျာ။ ပြန်လာမယ်ဆိုရင်တော့ welcome  လုပ်ပေးမယ်။ တော်ရုံ တန်ရုံ အပြစ်တွေလည်း ခွင့်လွှတ်ပေးမယ်။ ကျနော်တို့ဆီက  ဦးနှောက်တွေ ယိုစီးကုန်တယ်ဗျာ။ ဖိတ်ခေါ်တယ် ဆိုကတည်းက နောက်ပိုင်းမှာ   စီးပွါးရေးတွေမှာပါ ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုတဲ့ သဘောမျိုး။"  အခုလို ပြည်ပ နိုင်ငံ အသီးအသီးကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို  ပြန်လာဖို့ ဖိတ်ခေါ်တာဟာ နိုင်ငံ တည်ဆောက်ရေးအတွက် အရေးကြီးတဲ့  ကမ်းလှမ်းချက် ဖြစ်တာမို့ ကြိုဆိုကြောင်း အန်အယ်လ်ဒီ ပါတီ ဗဟို အလုပ်  အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။  "နိုင်ငံခြားရောက် မြန်မာတွေ ပြန်လာရေးဆိုတာ အလွန်ကောင်းတဲ့ အရာ ဖြစ်ပါတယ်။  ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံခြားရောက် မြန်မာတွေဟာ ပညာ ဗဟုသုတတွေ ရနေတယ်။  အတွေ့အကြုံတွေ ရနေတယ်။ ဒီလို ပုဂ္ဂိုလ်တွေဟာ ပြည်တွင်းကို ပြန်လာနိုင်မယ်  ဆိုရင်ပေါ့ဗျာ။ အစိုးရက ပေးတဲ့ အခြေအနေ ဆိုတာ ဘယ်လို အခြေအနေလဲ ဆိုတာ  စောင့်ကြည့်ရမှာပေါ့။ အခြေအနေ ပေးတဲ့အတိုင်း ဘယ်လိုဘဲ ဖြစ်ဖြစ်  ပြည်တွင်းကို ပြန်လာနိုင်မယ် ဆိုလို့ရှိရင် ပြည်တွင်းမှာ အများကြီး  အားတက်စရာတွေ၊ သို့မဟုတ်ရင်လည်း အင်အား ပြည့်ဖြိုးစရာတွေ ဖြစ်မယ်လို့  ကျနော် ယုံကြည်တယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်  သဘောတူပါတယ်။"  ဒါ့ပြင် လယ်သမားတွေ အတွက် ဈေးနှုန်း အာမခံပေးပြီး စပါးဝယ်ယူဖို့ အစီအစဉ်  ရှိကြောင်းကိုလည်း ဦးသိန်းစိန်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။  ဒီတွေ့ဆုံပွဲကို စီးပွားရေးနဲ့ လူမှုရေး အဖွဲ့အစည်း အသီးသီးက လူပုဂ္ဂိုလ် ၄၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 
No comments:
Post a Comment