နိုင်ငံခြား  သင်္ဘောသားများ အပါအ၀င် တရားဝင် စုဆောင်းရရှိသော နိုင်ငံခြားငွေရှိသူ  နိုင်ငံသားတိုင်း အနေဖြင့် ကုမ္ပဏီအဖွဲအစည်းတစ်ခု တည်ထောင်ပြီး  ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် လျှောက်ထားရယူကာ မိမိတို့  တရားဝင် နိုင်ငံခြားငွေကို အသုံးပြုကာ ခွင့်ပြုနေသည့် မော်တော်ယာဉ်များ  တင်သွင်းခွင့်ကို လျှောက်ထားနိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
ယင်းကဲ့သို့  လျှောက်ထားရာတွင် လျှောက်ထားလိုသူသည် ကိုယ်တိုင် ကုမ္ပဏီ တည်ထောင်ခြင်း  မရှိပါကလည်း မိမိလက်ဝယ်တွင် ရှိနေသည့် တရားဝင် စုဆောင်းထားရှိသည့်  နိုင်ငံခြားငွေကို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ရရှိထားသူ  လုပ်ငန်းရှင်တစ်ဦးဦး၏ ငွေစာရင်းသို့ လွှဲပြောင်း၍ အကျိုးတူ  ဆောင်ရွက်နိုင်ကြောင်းလည်း သိရသည်။
ယခင်က  နိုင်ငံခြားသင်္ဘောသားများသည် မော်တော်ကားတင်သွင်းခွင့် ပါမစ် ရရှိခဲ့၍ ၎င်းတို့  ရရှိထားသော လစာမှ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်သို့ အခွန်အဖြစ်  ဒေါ်လာငွေဖြင့် အပြည့်ပေးသွင်းခဲ့ကြသော်လည်း နောက်ပိုင်းတွင်  တင်သွင်းခွင့်ပါမစ် လုံးဝ မရရှိတော့သဖြင့် ယခင်ခံစားမှုအတိုင်း ရရှိ  ခံစားနိုင်ရေး မည်သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း ပထမအကြိမ်  ပြည်သူ့လွတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးတွင် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း  သိရှိရသည်။
နိုင်ငံသားများအား တရားဝင် စုဆောင်းရရှိသော  နိုင်ငံခြားငွေဖြင့် ပြည်ပမှ မော်တော်ယဉ်များ တင်သွင်းခွင့်ပါမစ်ကို ၁၉၉၇  ခုနှစ်အထိ ခွင့်ပြုထုတ်ပေးခဲ့ပြီး ၁၉၉၇ ခုနှစ် ဇူလိုင်လမှစပြီး နိုင်ငံတကာ  သင်္ဘောသားများ အပါအ၀င် တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်  ထုတ်ပေးချင်းကို ရပ်ဆိုင်းထားခဲ့ကြောင်း လက်ရှိ အခြေအနေတွင် နိုင်ငံသား  ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များကို အများပြည်သူနှင့် တည်ဆောက်ရေး  လုပ်ငန်းများတွင် အဓိက အသုံးပြုနေသော ယန္တရားများ၊ ကုန်တင်ယဉ်ကြီးများ၊  အများသုံး ဘတ်စကားများ၊ မီနီဘတ်စများကို တင်သွင်းခွင့် ပြုနေကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး  ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
No comments:
Post a Comment