ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့  တွေ့ဆုံဆွေးနွေးတော့မည်ဟု  မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီ  အဖွဲ့ချုပ် (NLD) ထိပ်တန်း  ခေါင်းဆောင်တဦးဖြစ်သူ    ဦးဝင်းတင်က  ပြောလိုက်သည်။
 “ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးသိန်းစိန်တွေ့ဆုံဖို့ ကိစ္စဟာ ဖြစ်နိုင်ဖို့  အလားအလာ များပါတယ်လို့  ကျနော်တို့ ယူဆပါတယ်” ဟု ဦးဝင်းတင်က ဧရာဝတီကို  ပြောသည်။
 မကြာသေးမီက  ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး  ဦးအောင်ကြည်တို့  နှစ်ကြိမ်  တွေ့ဆုံပြီး နှစ်ဘက် ပူးပေါင်းဆောင်ရွက်ရေး  ပူးတွဲ ကြေညာချက်  ထုတ်ပြန်နိုင်ခဲ့ခြင်းထက် ပိုမိုသော ဖြစ်ထွန်းမှုများ  ဖြစ်ပေါ်လာမည်ဟု NLD က  မျှော်လင့်နေသည်။
 “ပြဿနာတွေကို  ကျယ်ကျယ်ပြန့်ပြန့်  ဖြေရှင်းသွားနိုင်ဖို့က သမ္မတ  ဦးသိန်းစိန်နဲ့ပါ ဆက်ပြီး ဆွေးနွေးဖို့  အဆင့်ထိ ကျနော်တို့  မျှော်လင့်ထားတယ်လို့ ပြောချင်တယ်” ဟု ဦးဝင်းတင်က  ပြောသည်။
 ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီးတို့ ဆွေးနွေးပွဲများ၏  ရလဒ်အဖြစ် ၈၈  မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊   တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး အစရှိသည့်   နိုင်ငံရေးအကျဉ်းသားများလည်း မနှေးအမြန် ပြန်လည် လွတ်မြောက်လာမည်ဟု   ယုံကြည်မျှော်လင့်ပါကြောင်း ဦးဝင်းတင်က ဆိုသည်။
 ယခင်  စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ၈ ကြိမ် တွေ့ဆုံခဲ့သော   ဦးအောင်ကြည်၏ အနေအထားနှင့် လုပ်ပိုင်ခွင့်များလည်း ပြောင်းလဲသွားပြီဟု   ဦးဝင်းတင်က ပြောသည်။ ၀န်ကြီး ဦးအောင်ကြည်သည် သတင်းအချက်အလက်   အပြန်အလှန်ပို့ပေးရသူ မဟုတ်တော့ကြောင်း၊ မကြာသေးမီက တွေ့ဆုံမှု ၂ ခုတွင်   ဦးအောင်ကြည်သည် အစိုးရကိုယ်စားလှယ်တဦးအဖြစ် တိကျသည့် တာဝန်များ   လုပ်ပိုင်ခွင့်များ ရှိနေပြီး စစ်မှန်သည့် တွေ့ဆုံ   ဆွေးနွေးမှုပုံသဏ္ဌာန်ဖြင့် သွားနေသည်ဟု နားလည်မိကြောင်း ဦးဝင်းတင်က   ရှင်းပြသည်။
 သြဂုတ်လ ၁၂ ရက်နေ့က အစိုးရသစ်၏ ပထမဆုံးအကြိမ် သတင်းစာ  ရှင်းလင်းပွဲကို  နေပြည်တော်တွင် ကျင်းပရာ ပြန်ကြားရေး ၀န်ကြီး  ဦးကျော်ဆန်းက NLD ပါတီ  ပြန်လည် မှတ်ပုံတင်ရေး၊ အစိုးရနှင့် NLD   လက်တွဲဆောင်ရွက်ရေးတို့ကို  ထည့်သွင်းပြောကြားခဲ့သည်။
 ဒေါ်အောင်ဆန်းစုကြည်သည်   နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု  ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ  ဆွေးနွေးပွဲသို့ ယနေ့နံနက်က အစိုးရ၏  လုံခြုံရေး စီမံပေးမူုဖြင့်  သွားရောက်ခဲ့သည်။
 ဆွေးနွေးပွဲ  ပြင်ပတွင် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်  တို့သည် အလွတ် သဘော  သီးသန့် တွေ့ဆုံရန်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။
 မကြာသေးမီက  ဦးသိန်းစိန် ပြောကြားခဲ့သော မိန့်ခွန်းတွင်လည်း   ပြည်ပသို့တိမ်းရှောင်နေသူများပြန်လာရန် ဖိတ်ခေါ်မှု ပါဝင်ပြီး   နောက်ကျကျန်နေခဲ့သည့် မြန်မာနိုင်ငံအရေးအတွက် အားလုံးနှင့် လက်တွဲ   ဆောင်ရွက်သွားကြရန် တိုက်တွန်းချက်လည်း ပါဝင်သည်။
 လာမည့် ၂၀၁၄  ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူး အတွက် ကြိုးစားနေသော  မြန်မာအစိုးရသစ်က  အပြုသဘောဆောင်သည့် အနေဖြင့် ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်နှင့်  တွေ့ဆုံမှုများ လုပ်ဆောင်လာသော်လည်း  တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်နေသော  စစ်ပွဲများ၊ စစ်ဘေး ဒုက္ခသည်  အရေအတွက် တိုးပွားနေမူများ ကဲ့သို့သော  ပြဿနာများကို ယခုထိ  ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။  နိုင်ငံရေးအကျဉ်းသား  ၂၀၀၀ ခန့်ကို  ပြန်လွှတ်ပေးရေးအတွက်လည်း အစိုးရက ပြောဆိုခြင်း မရှိသေးပေ။
 တိုင်းရင်းသား  လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး၊  ဆွေးနွေးရေးတို့အတွက်  ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်ရန်  အမိန့်ကြေညာချက်များ  ထုတ်ပြန်ထားသော်လည်း ငြိမ်းချမ်းရေးအတွက်  မျှော်လင့်ချက် နည်းနေသေးသည်ဟု  တိုင်းရင်းသားခေါင်းဆောင်တဦးက သုံးသပ်သည်။
 “ခိုင်မာတဲ့ နိုင်ငံရေး  အကျိုးရလဒ် တွေ မတွေ့ရသေးဘူး။  တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း  ဗဟိုအစိုးရအစား ပြည်နယ် အစိုးရတွေနဲ့  ဆွေးနွေးရမယ်ဆိုတော့ ငြိမ်းချမ်းရေး  ရဖို့ကတော့ မလွယ်သေးဘူး” ဟု  အတိုက်အခံများနှင့် ဖွဲ့စည်းထားသည့်  ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ  အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
No comments:
Post a Comment