၂၀၁၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း လေးသောင်းခန့်အထိ ရှိနေကြောင်းနှင့် လုပ်ငန်းပေါင်း ၄၅၄ မှ လာရောက် ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက သြဂုတ်လ ၁၂ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ (၁/၂၀၁၁)တွင် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ၁၉၉၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်အထိ ကာလအတွင်း လုပ်ငန်းပေါင်း ၈၀၇ ခု တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀၀၀ ကျော် အပါအ၀င် ကျပ်သန်းပေါင်း ၁၄၁၄ ဘီလျံထိ ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ကြောင်း သိရှိရသည်။ အလားတူပင် ပြည်ပကုန်သွယ်မှုနှင့် ပတ်သက်ပါက ပို့ကုန်သွင်းကုန် စသည့် ပြည်ပကုန်သွယ်မှု လုပ်ငန်းအတွက် ပို့ကုန်သွင်းကုန် လိုင်စင်များကို အများဆုံး နှစ်ရက်အတွင်း ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၁ ခုနှစ် ဧပြီလမှ ဇူလိုင်လ စတုတ္ထပတ်အထိ ကာလအတွင်း စုစုပေါင်း ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၅၄၂၇ ဒသမ ၂၇ သန်း ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၂၆ ဒသမ ၆၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းလည်း သိရှိရသည်။ “ပို့ကုန်အနေနဲ့တော့ အမြဲတမ်း တင်ပို့နေရတယ်။ ဒါပေမယ့် ဒေါ်လာဈေးကြောင့် မကိုက်တာ။ နောက်ပြီးတော့ အမေရိကန် ဒေါ်လာနဲ့ LC ဖွင့်လို့မရတဲ့ နိုင်ငံတွေဆိုရင် ယူရိုနဲ့ ဖွင့်ရတယ်။ ငွေကြေးဖလှယ်တဲ့အတွက် ဆုံးရှုံးမှုကို ကိုယ့်နိုင်ငံက လုပ်ငန်းရှင်က ကျခံပေးရတယ်။ အခုလို အခွန်လျှော့ချ ပေးတာရော၊ လိုင်စင်နဲ့ ပတ်သက်ပြီး ဖြေလျှော့ပေးတာကို ကြိုဆိုရမှာပါ” ဟု စီးပွားရေးပညာရှင် တစ်ဦးက သုံးသပ်ခဲ့ကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment