ယနေ့ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့  နှစ်ပေါင်း ၂၄ နှစ်   ကျော်ကြာမှ ပထမဆုံး ကြေညာသည့်  မြန်မာနိုင်ငံ အထွေထွေ   ရသုံးခန့်မှန်းငွေစာရင်း တင်သွင်းရာတွင်     ၂၀၁၁ -၂၀၁၂ ခုနှစ် စာရင်း  အတွက် ကျပ် ဘီလီယံပေါင်း ၂ ထောင်ကျော်  လိုငွေပြနေကြောင်း သိရသည်။
၂၄ နှစ် ကျော်ကြာမှ ပထမဆုံး  ကြေညာသည့်  အထွေထွေ ရသုံးခန့်မှန်းငွေစာရင်းကို ယနေ့ ကျင်းပသည့်  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည် 
နှစ်စဉ်အလိုက်  ကြေညာရသော ရသုံးမှန်းခြေစာရင်းအရ  နိုင်ငံတော် တရပ်လုံး၏ ရငွေ စုစုပေါင်း  ပမာဏမှာ ၅၇၈၁. ၇၃၈ ဘီလျံ ဖြစ်ပြီး  စုစုပေါင်း သုံးငွေ ပမာဏမှာ ၇၉၈၃.၁၈၈  ဘီလျံ ဖြစ်သည့်အတွက် ဘတ်ဂျတ်  (ရသုံးမှန်းခြေ) လိုငွေပြမှုသည် ၂၂၀၁. ၄၅၀  ဘီလျံ ဖြစ်နေသည်။
ပြည်သူ့လွှတ်တော်  ပြည်သူ့ငွေစာရင်းကော်မတီ၏  အစီရင်ခံစာ အမှတ်စဉ် ၁/၂၀၁၁ ကို ကော်မတီ  အတွင်းရေးမှူး ဦးမောင်တိုးက ယနေ့  နံနက် ၁၁ နာရီက ဖတ်ကြား  တင်သွင်းခဲ့ကြောင်း သိရသည်။ မည်သည့်အတွက်ကြောင့်  လိုငွေပြမှု  ဖြစ်ပေါ်ခဲ့ကြောင်း ရှင်းလင်းစွာ ဖော်ပြမှု မရှိပေ။
“နိုင်ငံခြားငွေလဲလှယ်နှုန်းက   ၆ ကျပ်နဲ့ ဘဏ္ဍာငွေ ဖွင့်ထားလို့ အခုလို လိုငွေပြနေတာလို့ ပြောတယ်။ တိုင်း၊   ပြည်နယ် အားလုံး လိုငွေတွေပဲ ပြနေတယ်။ လိုငွေ မပြတာ တခုမှမရှိဘူး” ဟု   ပြည်သူ့လွှတ်တော် တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။
တိုင်းပြည်   အသုံးစရိတ်များတွင် ပညာရေး၊ ကျန်းမာရေး ဌာနတို့အတွက် အသုံးစရိတ်မှာ   ရာခိုင်နှုန်းအလွန် နည်းပါးပြီး ကာကွယ်ရေး ၀န်ကြီး ဌာနအနေဖြင့် မည်၍ မည်မျှ   သုံးစွဲကြောင်း တင်ပြသွားခြင်း မရှိကြောင်း သိရသည်။
သို့သော်   ယခုနှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့သော ၀န်ကြီးဌာနများနှင့် နိုင်ငံတော်   အဖက်ဖက်က အသုံးစရိတ်ပြ ပြည်ထောင်စု မြန်မာနိုင်ငံ ပြန်တမ်း အရ   ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်သည် ကျပ်ငွေ ၁၃၁၈ ဘီလျံ ဖြစ်သည်။ ထိုနှစ်   နိုင်ငံတော်၏ စုစုပေါင်းဝင်ငွေ ကျပ် ၆၇၇၂ ဘီလျံကျော်ရှိရာ ရာခိုင်နှုန်း ၂၀   ကျော် သုံးစွဲထားခြင်း ဖြစ်သည်။
ထိုနှစ် စာရင်းအရပင်  ပညာရေးအတွက်  အသုံးစရိတ်မှာ ၄.၅၇ ရာခိုင်နှုန်း၊ ကျန်းမာရေးအတွက် ၁.၃၁  ရာခိုင်နှုန်း၊  လူမှုရေး၊ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်  နေရာချထားရေးတို့အတွက် ၀. ၂၆  ရာခိုင်နှုန်းသာ သုံးစွဲကြောင်း ဖော်ပြထားသည်။
“နေ့လယ်ပိုင်း  ၁  နာရီမှာ စတဲ့ အချိန်မှာ ရန်ကုန်တိုင်း၊ မဲဆန္ဒနယ် ၁၁ က ဦးတင်ယုက   မေးမြန်းတယ်။ တိုင်း၊ ဒေသကြီးများနဲ့ ပြည်နယ်များရဲ့ ဆေးရုံများမှာ ဆေးဝါး   မလုံလောက်စွာဖြင့် ပြည်သူလူထုအား  ကျန်းမာရေး ကာကွယ် စောင့်ရှောက်ရေးနဲ့   ပတ်သက်တာကို မေးပါတယ်၊ အဲဒါကို ပြည်ထောင်စု ၀န်ကြီးက ဒေါက်တာဖေသက်ခင်က   ရှင်းပါတယ်။ ဘတ်ဂျက် အခြေအနေအရ လုပ်မပေးနိုင်တဲ့ အကြောင်းပေါ့” ဟု   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော် ကိုယ်စားလှယ်တဦး   ဖြစ်သူ ဇေကမ္ဘာဦးခင်ရွှေက ဧရာဝတီကို ပြောသည်။
ယခင်စစ်အစိုးရလက်ထက်က   ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ် အလွန် များပြားခဲ့ပြီး လက်နက်  ခဲယမ်းများ၊  ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ ၀ယ်ယူခြင်း၊  အနုမြူစီမံကိန်းနှင့်  နေပြည်တော် မြို့သစ် စီမံကိန်းများ အကောင်အထည်  ဖော်ခြင်း တို့ကြောင့်   ယခုတက်လာသော အရပ်သားအစိုးရလက်ထက်တွင်  ပမာဏကြီးမားသည့် နိုင်ငံတော်  ရသုံးမှန်းခြေ( ဘတ်ဂျက်)  လိုငွေပြနေခြင်းဖြစ်သည်ဟု လေ့လာသူများက  ထောက်ပြကြသည်။
No comments:
Post a Comment