နာရေးကူညီမှု အသင်း(ရန်ကုန်)မှာ တရားဝင်ဖွဲ့စည်းခွင့် ရတော့မည့် အဖွဲ့အစည်း ဖြစ်လာဖွယ်ရှိကြောင်း အဆိုပါ သတင်း၏ တာဝန်ရှိသူများက ပြောသည်။ “၁၇-၈-၂၀၁၁ ရက်က နေပြည်တော်မှာလုပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လူမှုရေးအသင်းအဖွဲ့ ခေါင်းဆောင်တွေနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့တဲ့ပွဲမှာ နာရေးကူညီမှု အသင်းမှ ဒေါ်ရွှေဇီးကွက်နှင့် ဒေါ်သန်းမြင့်အောင်တို့က သမ္မတကို အသင်းရဲ့ အနေအထားကို ပြောလိုက်တယ်။ မှတ်ပုံတင်ရမယ်လို့ မျှော်လင့်ရတယ်”ဟု နာရေးကူညီမှုအသင်း (ရန်ကုန်)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဒီအသင်းမှာ တွဲဖွင့်ထားတဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းတွေ မကုသရ ဖြစ်နေတယ်။ နာရေးမှာသုံးတဲ့ Cool Box လည်း မသုံးရဖြစ်နေတယ်။ မှတ်ပုံတင်ရပြီဆိုရင် ဒါတွေ အဆင်ပြေသွားမယ်။ အခုဟာက ဆေးခန်းတွေလည်း ဖွင့်လို့မရ ဖြစ်နေတယ်။ ဆေးတွေက ရှိပြီးသား။ လူနာတွေလည်း ရှိတယ်။ ဆရာဝန်ကလည်း အသင့်ပါပဲ” ဟု ဖုန်းဖြင့် ပြောသည်။ အသင်းအတွင်းရေးမှူး စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က မှတ်ပုံတင်ရလိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်)ကို စာရေးဆရာ၊ ဒါရိုက်တာဦးသုခ ဦးစီးကာ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၁ရက်က စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ရုပ်အလောင်း တစ်သိန်းကျော်ကို အခမဲ့ ကူညီဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ အသင်း၏ မှတ်ပုံတင်သက်တမ်းကို ၂၀၀၈ ခုနှစ်က စတင်ကာ ထပ်မံ သက်တမ်းတိုးခွင့် မရခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment