Showing posts with label သတင်းရင်း (The Voice Weekly). Show all posts
Showing posts with label သတင်းရင်း (The Voice Weekly). Show all posts

Sunday, January 6, 2013

ရန်ကုန်တက္ကသိုလ်ပြန်ဖွင့်က " ကျော်သူ " ကျောင်းပြန်တက်မည်။

ဆယ့်ခြောက်နှစ်ကြာပိတ်ထားခဲ့သော ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်းများ ပြန်လည်ဖွင့်လှစ်ပါက တက္ကသိုလ်သို့ ပြန်လည်တက်ရောက်သွားမည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်းဥက္ကဋ္ဌ အသက် ၅၃ နှစ်အရွယ်ရှိ ဦးကျော်သူကပြောကြားသည်။

အနုပညာလုပ်ငန်းများကြောင့် ၁၉၈၂ခုနှစ်တွင် ကျောင်းထွက်ခဲ့သော ရှုပဗေဒ နောက်ဆုံးနှစ်ကျောင်းသား ဦးကျော်သူသည် တက္ကသိုလ်တွင် နောက်ဆုံးနှစ် ရှုပဗေဒ နောက်ဆုံးနှစ်ကို ဆက်လက်သင်ယူသွားမည်ဖြစ်ကြောင်း ၄င်းကပြောကြားသည်။

" ပညာလိုချင်လို့ ကျောင်းပြန်တက်တာပါ " ဟု ၄င်းကပြောပြသည်။
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူသည် ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုရှိ National Endowment For Democracy (NED) အဖွဲ့က ချီးမြင့်သော ဆုကိုရရှိထားသူ တစ်ဦးလည်းဖြစ်သည်။

ဦးကျော်သူသည် နာရေးကူညီမှုအသင်းသာမက သုက္ခကုသိုလ်ဖြစ်ဆေးခန်းကို ဖွင့်လှစ်ပြီး ငွေကြေးချို့တဲ့သူများကို အခမဲ့ ဆေးဝါးကုသပေးလျှက်ရှိသည်။

ရန်ကုန်တက္ကသိုလ်ရှိ ဘွဲ့ကြိုသင်တန်းများကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင် ပိတ်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီးခါစအချိန်တွင် ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှ၌ ကျော်ကြားသော တက္ကသိုလ်ဖြစ်သဖြင့် နိုင်ငံခြားသားကျောင်းသားများပင် လာရောက်ပညာသင်ယူခဲ့ရသည်။

ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မှီ တက္ကသိုလ်အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေးတွင် အရေးကြီးအဆို တင်သွင်းခဲ့ပြီး ပြည်သူလွှတ်တော်၏ အတည်ပြုချက်ရရှိခဲ့သည်။

Saturday, December 3, 2011

ကွာလာလမ်ပူ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် တန်းစီရင်း မြန်မာတစ်ဦး လဲကျသေဆုံး ။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မလေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် နိုဝင်ဘာလ ၂၅ ရက်နေ့က နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မြန်မာအလုပ်သမား ရာပေါင်းများစွာ လာရောက်တန်းစီစောင့်ဆိုင်းခဲ့ကြပြီး ၎င်းတို့အနက်မှ မြန်မာအမျိုးသား လုပ်သားတစ်ဦးမှာ တန်းစီနေရာမှ လဲကျသေဆုံးခဲ့ကြောင်း သံရုံးရှေ့တွင် သွားရောက်တန်းစီခဲ့သော မြန်မာအလုပ်သမားအများစုက The Voice Weekly သို့ ပြောကြားသည်။

မလေးရှားနိုင်ငံတွင် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများအားလုံးကို မလေးရှားအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးထားပြီး တရားဝင်အလုပ်သမားများ အဖြစ် လျှောက်ထားခွင့်ပြုနေကြောင်း၊ အဆိုပါ အစီအစဉ်အရ တရားမဝင် မြန်မာအလုပ်သမား အများစုမှာ တရားဝင်အလုပ်သမားများအဖြစ် လျှောက်ထားနိုင်ရန် ကွာလာလမ်ပူမြို့တော်ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်များ လာရောက်လျှောက်ထားကြကြောင်း၊ နေ့စဉ် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် သံရုံးရှေ့တွင် မြန်မာ ၃၀၀ မှ ၅၀၀ ကြား လာရောက် တန်းစီလျှောက်ထားနေကြကြောင်း၊ နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် မတ်တတ်ရပ်တန်းစီစောင့်ဆိုင်းနေကြာသော မြန်မာအလုပ်သမားများ အနက်မှ အသက် ၃၀ ကျော်အရွယ် အလုပ်သမားတစ်ဦး လဲကျသွားခဲ့ကြောင်း၊ အဆိုပါ အလုပ်သမားကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က မြန်မာသံရုံးရှေ့တွင် နိုင်ငံကူးလက်မှတ်ရရှိရန် သွားရောက်တန်းစီးခဲ့သူ အသက် ၃၀ ရွယ် မြန်မာအလုပ်သမားတစ်ဦးက ရှင်းလင်းပြောကြားသည်။

"ဆုံးသွားတဲ့ အလုပ်သမားက ဘာကြောင့်သေသွားခဲ့တယ်ဆိုတာတော့ တိတိကျကျ မသိဘူး။ ဆေးရုံရောက်တော့ အသက်မမီတော့ဘူး" ဟု ယင်းအလုပ်သမားက ဆိုသည်။

မြန်မာသံရုံးရှေ့တွင် နိုင်ငံကူးလက်မှတ်ရရှိရန် မြန်မာအလုပ်သများ အများစု စောင့်ဆိုင်း နေသည့် လူတန်းရှည်ကြီးကို နေ့စဉ်လိုလို တွေ့မြင်နေရကြောင်း မလေးရှားရောက် မြန်မာအလုပ်သမားများက ပြောဆိုသည်။

"လူတွေက အလုပ်ဖျက်ပြီး နေ့တိုင်းလိုလို သွားတန်းစီနေရတာပဲ။ နိုင်ငံကူးလက်မှတ်ရဖို့က အတော်ကို မလွယ်ကူလှဘူး။ သံရုံးဘက်အပိုင်းက လူတန်းရှည်ကြီး မဖြစ်အောင် မြန်မြန်လုပ်ပေးနိုင်ရင် သိပ်ကောင်းမယ်။ သံရုံးဘက်ကလည်း အများနဲ့လုပ်ပေးရတဲ့ ကိစ္စဆိုတော့ မလွယ်ဘူးဆိုတာသိပါတယ်။ ဒါပေမဲ့လည်း ကိုယ့်နိုင်ငံသားတွေ အဆင်ပြေပြေ နိုင်ငံကူးလက်မှတ်ရအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာ သိသင့်ပါတယ်။  ကိုယ့်နိုင်ငံသားတွေ အဆင်ပြေပြေ နိုင်ငံကူးလက်မှတ်ရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စီမံချက်လိုမျိုး သေသေချာချာဆွဲပြီး လုပ်ရင် လူတန်းရှည်ကြီးတွေ ဖြစ်စရာအကြောင်းမရှိဘူးလို့ ထင်ပါတယ်။ စီမံခန့်ခွဲမှုပိုင်း အားနည်းတယ်လို့ထင်ပါတယ်" ဟု မလေးရှားနိုင်ငံတွင် နှစ်ပေါင်း ၁၅ နှစ်ကျော်ကြာ ရောက်ရှိ အလုပ်လုပ်ကိုင်နေသော အသက် ၅၀ အရွယ် မြန်မာအလုပ်သမားတစ်ဦးက ပြောကြားသည်။

မြန်မာအလုပ်သမား အများစုသွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသော မလေးရှားနိုင်ငံတွင် တရားမဝင်နိုင်ငံခြား အလုပ်သမားများကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုလိုက်ပြီဖြစ်သောကြောင့် မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမား ပို့ဆောင်မှုလုပ်ငန်းများ နှေးကွေးလျက်ရှိကြောင်း ရန်ကုန်မြို့တော် အခြေစိုက် ပြည်ပအလုပ်အကိုင်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

Sunday, November 6, 2011

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နော်ဝေနိုင်ငံ ကူညီမည်။

မြန်မာနိုင်ငံ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နည်းပညာနှင့် ရန်ပုံငွေ များကို နော်ဝေနိုင်ငံအစိုးရမှ ကူညီ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့၌ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်နှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုဝန်ကြီး H.E Mr. Erik Solheim နှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကူညီပံ့ပိုးပေးမည့် အစီအစဉ်များအတွက် မြန်မာနိုင်ငံမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းထွန်းနှင့် လာရောက် တွေ့ဆုံဆွေး နွေးခဲ့ ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း တစ်နေ့တစ်ခြား ပျက်စီးလာလျက်ရှိသည့် သစ်တော်ပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား လျှော့ကျခြင်းမှ ကာဗွန် ထုတ်လုပ်မှု လျှော့ချခြင်း (REDD Plus) လုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရန် နော်ဝေနိုင်ငံမှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ နှစ်သန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလ  ၂၇ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပခဲ့သည့် မြန်မာ့သစ် တောသတင်းပတ် အခမ်းအနားဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပတ်ဝန်းကျင်လေ ထုညစ် ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်းနှင့် စက်ရုံသုံးစွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု အစရှိသော သဘာဝ ပတ်ဝန်းကျင် ရေးရာများကို ပျက်စီးစေရန် ပြုလုပ်ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစိုးရသစ်လက်ထက်မှ စတင်၍ ယခင် သစ်တောဝန်ကြီးဌာနအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနအဖြစ်  ပြောင်းလဲခဲ့ပြီး ဥပဒေမူကြမ်းကို အောက်တိုဘာလ ၆ ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ သဘောတူညီခဲ့ကြောင်း သိရသည်။

Thursday, October 20, 2011

ပခုက္ကူ တံတားကျိုး လူ ၂၀ ထက်မနည်း သေဆုံး။

အထက်မြန်မာ နိုင်ငံတွင် ဆန်၊ ပဲ၊ ကောက်ပဲသီးနှံနှင့် ချည်ထည်များ အထူးပြု ရောင်းဝယ် ဖောက်ကားမှုဖြင့် နာမည်ကျော်သည့် ပခုက္ကူမြို့အဝင် ဧရာဝတီ မြစ်လက်တက် ရွှေတစ်ချောင်း ချောင်းကို ဖြတ်ကျော် တည်ဆောက်ထားပြီး မုံရွာ၊ မန္တလေးမြို့များနှင့် ကုန်သွယ်ရေးတွင် အရေးပါသော  ရွှေတစ်ချောင်း တံတားသည် ယနေ့ နံနက် ၆ နာရီခန့်က မိုးများ အဆက်မပြတ် ရွာသွန်းနေစဉ် ရေလယ်တိုင် ၃ တိုင် ကျိုးသွားခဲ့ပြီး တံတားအနီး တည်ဆောက်ထားသည့် ဘုန်းတော်ကြီးကျောင်းနှင့် အိမ်အချို့ ရေတွင်မျောပါကာ လူ ၂၀ ထက်မနည်း သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူ ပခုက္ကူ ဒေသခံ လုပ်ငန်းရှင် တစ်ဦးက The Voice Weekly သို့ပြောကြားသည်။ 

ယနေ့ နံနက်လင်းအားကြီး အချိန်တွင် ဧရာဝတီမြစ် လက်တက် ရွှေတစ်ချောင်း မြစ်ရေ မြင့်တက်လာခဲ့ပြီး နံနက် ၆ နာရီခန့်တွင် ကမ်းပြိုကာ တံတားအနီးရှိ RC နှစ်ထပ် ဆောက်လုပ်ထားသည့် ဖျောက်ဆိပ်ပင် ဘုန်းကြီးကျောင်း မျောပါသွားကြောင်းနှင့် အခြား လူနေအိမ်များလည်း မျောပါခဲ့သောကြောင့် လူ ၂၀ ဦး ထက်မနည်း သေဆုံးသည်ဟု ယူဆရကြောင်း ၎င်းက The Voice Weekly သို့ ဆက်လက် ပြောကြားသည်။

" တံတားက နှစ်ပိုင်းပြတ် ပါသွားတာ။ သွားရေးလာရေး ခက်ခဲသွားတာပေါ့။ မန္တလေးကို သွားချင်ရင်လည်း ဒီတံတားကို ဖြတ်ပြီးမှ သွားရတာလေ။ တံတားဟိုဘက်မှာက ရုံးတွေ၊ စက်ရုံတွေလည်း ရှိတယ်။ မြို့ပေါ်မှာကတော့ ပုံမှန်ပါပဲ " ဟု ပခုက္ကူမြို့ ဒေသခံ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးရဲအောင်က ဆိုသည်။

အဆိုပါ ရွှေတစ်ချောင်း ပခုက္ကူတံတားသည် ပေတစ်ထောင်ခန့် အရှည်ရှိသည့် သံကူ ကွန်ကရစ် တံတားကြီး တစ်စင်းဖြစ်ပြီး ယင်းတံတား ကျိုးမှုကြောင့် မုံရွာ - မန္တလေးမြို့များနှင့် ဆက်သွယ် ရောင်းဝယ်နေသည့် ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံ ရောင်းဝယ်မှုမှာ ရပ်ဆိုင်းသွားဖွယ် ရှိကြောင်း ဒေသခံ လုပ်ငန်းရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။

မုံရွာမြို့တွင် သလ္လာရပ်ကွက် အတွင်းရှိ တက္ကသိုလ် အပြင်ကျောင်းဆောင်များတွင် ရေဝင်လျက် ရှိပြီး မုံရွာရဲစခန်းဝင်း အတွင်း၌လည်း ရေသုံးပေခန့် တက်နေကြောင်း၊ ဂန့်ဂေါ - ကလေး ကားလမ်းတွင်လည်း အနည်းဆုံး တံတား သုံးစင်းခန့် ရေတိုက်စားမှုကြောင့် ကျိုးသွားသည်ဟု မုံရွာဒေသခံများထံမှ သတင်းများ ရရှိသည်။

အဆိုပါ တံတားမကျိုးမှီ ပခုက္ကူ ဒေသတဝိုက်တွင် မိုးများ ၃ရက်ခန့် အဆက်မပြတ် ရွာသွန်းနေပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဝင်ရောက်ခဲ့သည် မုန်တိုင်းနှင့် ဆက်စပ်၍ စစ်ကိုင်းရွှေဘို ဒေသများတွင်ပါ ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေကြောင်းလည်း ဒေသခံများထံမှ သတင်းများ ရရှိသည်။

မကွေးတိုင်း ဒေသကြီး ဆင်ဖြူကျွန်းတွင် နေထိုင်သူ ဦးသိန်းအောင်ထံမှ နောက်ဆုံး ထပ်မံရရှိသော သတင်းများအရ ဆင်ဖြူကျွန်း မြို့ပေါ်တွင် ရပ်ကွက် ခြောက်ရပ်ကွက်ခန့် ရေမြုပ်နေပြီး ဆင်ဖြူကျွန်းတံတား ချဉ်းကပ်လမ်းမှာ ကျိုးသွားကြောင်း၊ မန္တလေး၊ ချောက် မြို့နယ်များမှ လာသော ကုန်စည်များ မြို့တွင်းသို့ မဝင်နိုင် ဖြစ်နေကြောင်း၊ ဆင်ဖြူကျွန်း ဒေသတစ်ဝိုက် ကျေးရွာအချို့တွင် မြေပြို၍ လူ သုံးလေးဦးခန့် သေဆုံးသည့် သတင်းများ ထွက်ပေါ်နေသော်လည်း အပျက်အစီး ဆုံးရှုံးမှုကို အတိအကျ မသိသေးကြောင်း သိရှိရသည်။

Tuesday, October 11, 2011

အကုန် လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲ၊ ကိုယ့်အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။

စွယ်စုံရ အနုပညာရှင် ဇာဂနာနှင့် ပူပူနွေးနွေး တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် လူအသေအပျောက် အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး သဘာဝ ဘေးအန္တရာယ်အဖြစ် သတ်မှတ်ခဲ့ရသော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံစားနေရသော ပြည်သူများကို ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးခြင်း ခံခဲ့ရသူ စွယ်စုံရ ဟာသအနုပညာရှင် (ဦး) ဇာဂနာ (ခေါ်) ကိုသူရမှာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ရာ ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က မြစ်ကြီးနား လေယာဉ်ကွင်းသို့ ရောက်ရှိနေစဉ် The Voice Weekly က တယ်လီဖုန်းဖြင့် မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မြစ်ကြီးနားအကျဉ်းထောင်ကနေ ဘယ်နှစ်ယောက် လွတ်လာပြီလဲ။

-       စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၄ ဦး၊ အချို့တစ်ဝက်ပေါ့။

ဘယ်သူတွေ ပါလဲ။

-       ကျွန်တော်၊ ကိုဇင်မင်းထွန်း၊ ဦးမျိုးအောင်သန့်၊ ဦးတင့်ဆန်း

ခုလောလောဆယ် သူတို့ လေယာဉ်ကွင်းရောက်နေတယ်ဆိုတော့ ဘယ်လေယာဉ်နဲ့ ပြန်လာမှာလဲ။

-       မြန်မာ့လေကြောင်း ဂျက်လေယာဉ်နဲ့။ တစ်နာရီကို ရန်ကုန် ဆိုက်မယ်။

လွတ်လာပြီဆိုတော့ ဘာလုပ်မလဲ။

-       လောလောဆယ် ရုတ်တရက်ဆိုတော့ မဆုံးဖြတ်ရသေးဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ပြီး တိုင်ပင်ပြီးတော့ ရက်ပိုင်းအတွင်း ဆုံးဖြတ်မယ်။

လွတ်လာတဲ့အပေါ်မှာ မလွတ်ခင် တစ်စုံတစ်ရာ ညှိနှိုင်းတာမျိုး ရှိလား။

-       မရှိပါဘူး။

လွတ်လာချိန်မှာ အနှောင်အဖွဲ့ တစ်ခုခု ရှိလား။

-       မရှိပါဘူး။

အရင်လို နိုင်ငံရေး ယုံကြည်ချက်အတွက် ဆက်လုပ်တာမျိုး လုပ်ဖို့ ရှိလား။

-       လုပ်မှာပါ။ နဂိုဗီဇ ဝါသနာအရ အစကတည်းက ဝါသနာပါတယ်။ လိုချင်တာတွေ ရအောင် ပြီးဆုံးတဲ့အထိ လုပ်မယ်။ မသေမချင်းပေါ့။

အစိုးရသစ်ကို Information တွေအရ ဘယ်လိုသုံးသပ်သလဲ။

-       ကျွန်တော် သုံးသပ်တာက အကျဉ်းသားလွှတ်တဲ့ ကိစ္စမျိုးပဲ။ ဒါမျိုးမှာ မကျေနပ်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေး ဆိုတဲ့အစီအစဉ်မှာ ကောင်းအောင် အရမ်းအော်ထားတယ်။ ဂျာနယ်တွေထဲမှာ စာစောင်တွေထဲမှာ ဖော်ပြထားတယ်။ လွတ်တော်ကိုယ်စားလှယ်တွေ တင်ပြတာကို တပ်မတော် ကိုယ်စားလှယ်တွေက ထောက်ခံတယ်။ လူလေး သုံးလေးယောက်ပဲ လွှတ်တာ ကျန်တာတွေ ဘာလို့ မလွှတ်သေးတာလဲ။ ကျွန်တော်တို့က ဆိုမာလီ ပင်လယ်ဓားပြတွေ လက်ထဲ ရောက်နေတဲ့လူတွေလို ဖြစ်နေတယ်။ အဲဒီတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးအတွက် အကုန် လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲ။ အဲဒီအတွက် စိတ်ထဲ မကောင်းဘူး။ ဒါကိုတော့ သမ္မတကို တိုက်ရိုက်ပြောချင်တယ်။ ဘာလို့ ဒီလိုလုပ်ရတာလဲ။ အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။

အခု အဲဒီမြစ်ကြီးနား အကျဉ်းထောင်မှာ ဘယ်သူတွေ ကျန်သေးသလဲ။

-       မြစ်ကြီးနားက စုစုပေါင်း ဘုန်းကြီးလေးပါး ကျန်တယ်။ အဲဒီကိုယ်တော်တွေက မန္တလေးက ဆရာတော်တွေ၊ မန္တလေးက ဆရာတော် ဦးဉာဏ၊ ဦးဝီရသူ၊ ဦးဂန္ဓသာရ၊ ဦးဓမ္မသာမိ။ လူတွေထဲက ကိုမျိုးမင်းသန့်၊ ကိုကြည်တိုး၊ ကိုဇေယျအောင်(ပဲခူး)၊ ကိုသီဟသက်တင် (ဘိုကလေး)။

ဒီလူတွေက စာရင်းထဲ မပါတာလား။ မလွှတ်သေးတာလား။

-       ကျွန်တော်သိတာတော့ ဒီနေ့အထိပဲ။ နိုင်ငံတော်ရဲ့ စေတနာ ပိတ်သွားပြီ။

အသုတ်လိုက်လွှတ်မယ်လို့ ပြောနေသံ ကြားတယ်။ ဟုတ်သလား။

-       မဟုတ်ဘူး ကောလာဟာလ တွေပါ။ အသုတ်ရော၊ ရေကြည်ရော၊ ငါးသိုင်းချောင်းတွေရော ကောလာဟလတွေပါ။ မျက်မြင်ကိုပဲ လက်ခံတယ်။ ဘယ်လိုပြောပြော လက်မခံဘူး။

လွတ်လာချိန်မှာ အစိုးရအဖွဲ့နဲ့ တွေ့ပြီး ဆွေးနွေးဖို့ အစီအစဉ် ရှိသလား။

-       ရှိတယ်။ ဒီကိစ္စ ဆက်ပြောဦးမယ်။ တောင်းဆိုထားတဲ့ ကိစ္စတွေကို၊

အမျိုးသားရင်ကြားစေ့ရေးမှာ အကျဉ်းသား လွတ်မြောက်တဲ့ကိစ္စမှာ တစ်ချို့ကို လွှတ်တဲ့ကိစ္စက တိုင်းပြည်ပေါ်မှာ ဘယ်လို အမြင်လွဲစေသလဲ။

-       အားလုံး စိတ်မကောင်း ဖြစ်ကြမယ်ဗျာ။ မယုံမကြည် ဖြစ်မယ်။ လွတ်လာတဲ့ ကျွန်တော်တို့ကိုယ်တိုင် မယုံကြည်နိုင်ဘူး။ ဘာလို့ ဒီလို လုပ်တယ်ဆိုတာ နားမလည်နိုင်တော့ဘူး။ ဖြစ်စေချင်တာက လွှတ်လိုက်ပါလား အကုန်လုံး။ ကိုယ်လက်ထဲမှာ ကျူးလွန်ထားတဲ့သူ မဟုတ်ဘူး။ ဦးသန်းရွှေ လက်ထဲမှာ ကျူးလွန်လို့ ချခဲ့တဲ့ ပြစ်မှုတွေ၊ ဒီအမှုတွေကို ပယ်လိုက်ပါ။ လွှတ်လိုက်ပါ။ ကိုယ့်အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။ ပိုပြီးတော့ စေတနာကို သဘောပေါက်မယ်။ ကျေနပ်မယ်။ လက်ကမ်းတယ်ဆိုတာ သဘောထားကြီးတယ် ဆိုတာက အာဏာရှိတဲ့သူနဲ့ နေရာ အပေါ်က ရောက်တဲ့သူပဲ သဘောထားကြီးနိုင်တယ်။ ဘယ် သူတောင်းစားကမှ အပေါ်ကို သဘောထား မကြီးနိုင်ဘူး။

တိုင်းပြည်ကို လက်တွဲ လုပ်မဲ့လူတွေပဲ လွှတ်မယ်။ နောက်ကြောင်းပြန်မဲ့လူတွေလို့ ဖြစ်လာနိုင်တဲ့ လူတွေ မလွှတ်ဘူး ပြောနေတယ်။ အဲဒီအတွက် လူရွေးပြီး လွှတ်တာလား။

-       လက်တွဲနိုင်တယ်၊ မတွဲနိုင်ဘူး ဆိုတာ လုပ်ကြည့်ပြီးပြီလား။ … မလုပ်ရသေးဘူး။ မြက်စားနေတာမှ မဟုတ်တာ။ လက်တွဲဖို့ မလိုပါဘူး။ လက်တွဲရင် လက်ကမ်းမှာပါပဲ။ လက်ကမ်းဖို့ပဲ လိုပါတယ်။ ဂျာနယ်တွေထဲမှာ ပါနေတယ်။ အိုဘားမား ပြောသလို ကျွန်တော်တို့က လက်ဖြန့်ထားပါတယ်။ လက်ဖြန့်ရအောင် ကျွန်တော်တို့က တောင်းစားနေတာ မဟုတ်ဘူး။

ဘာများ ထပ်ပြောချင်တာ ရှိသေးလဲ။

-       မရှိပါဘူး။ ကျွန်တော်လည်း အသံတွေ နာနေပါပြီ

ကျေးဇူးတင်ပါတယ်။

ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပြီ။

အရပ်သား အစိုးသစ် လက်ထက်တွင် ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန် ကြေညာချက်ကို ယနေ့နေ့လည် ၁ နာရီအချိန်တွင် MRTV 4 ရုပ်သံလိုင်း သတင်းအစီအစဉ်မှ တဆင့် ထုတ်ပြန် ကြေညာသည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် ထုတ်ပြန်သော ယင်းလွတ်ငြိမ်းချမ်းသာခွင့်တွင် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသူများနှင့် ကိုယ်လက်အင်္ဂါချို့တဲ့သူများ အပါအဝင် ထိုက်သင့်သော ပြစ်ဒဏ်ကျခံခဲ့ရပြီး စည်းကမ်းနှင့် အညီနေထိုင်ခဲ့သော အကျဉ်းသား ၆၃၅၉ ဦးကို အောက်တိုဘာ ၁၂ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) မှစ၍ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

အရပ်သား အစိုးရသစ် လက်ထက်တွင် ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမိန့်အရ အကျဉ်းသား ၁၄၆၀၀ ကျော်ကို လွှတ်ပေးလိုက်ပြီး သေဒဏ်ကျ အကျဉ်းသား ၃၄၈ ဦး၏ ပြစ်ဒဏ်များကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲ သက်သာခွင့် ပေးခဲ့သည်။

Sunday, October 9, 2011

အသွင်ကူးပြောင်းရေး မှတ်တိုင် ဖြစ်သွားသော မြစ်ဆုံ။

အစိုးရတို့ မည်သည် ပြည်သူလူထု၏ လိုအင်ဆန္ဒနှင့် ပြောင်းပြန်ကိုသာ ဆုံးဖြတ်လေ့ ရှိသည်ဟု ၎င်းတို့၏ နှစ်ပေါင်း ၅၀ခန့် အတွေ့အကြုံအရ ယူဆထားကြသော ပြည်သူလူထုသည် စက်တင်ဘာလ ၃၀ နေ့က ထုတ်ပြန်သော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ သဝဏ်လွှာကို မျက်မြင် ကြုံတွေ့ကြရသော အခါ မည်သို့မျှ မယုံနိုင်အောင် ဖြစ်ခဲ့ကြရပြီး သမ္မတကြီးကိုလည်း လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေး ခဲ့ကြသည်ကို တွေ့ခဲ့ရပါသည်။ မြန်မာနိုင်ငံနှင့် မြန်မာ နိုင်ငံသားများသည် နှစ်ပေါင်း ၅၀ ခန့် အတွင်း လူထုလိုလားသော ခေါင်းဆောင် တစ်ဦးကို ပထမဆုံး အကြိမ် ပြန်လည် ရရှိခဲ့ကြခြင်းလည်း ဖြစ်ပါသည်။

အမှန်အားဖြင့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်သော လှုပ်ရှားမှုများမှာ မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေးသည် အဆင့်သစ် ဖြစ်သည့် Liberalization ခေါ် လွတ်လပ်မှုများ စတင် ခွင့်ပြုသည့် အဆင့်သို့ ကူးပြောင်း ရောက်ရှိသွားပြီ ဖြစ်ကြောင်း သက်သေထူခဲ့ခြင်း ဖြစ်ပါသည်။

အသွင်ကူးပြောင်းရေး၏ ကနဦး Transition စတင်သည့် အချိန်တွင် မရေရာမှုများ ကြီးစိုးချိန် ဖြစ်ပြီး Rule of the Game လည်း ထင်ရှားခြင်း မရှိသောကြောင့် အနာဂတ်ကို ခန့်မှန်းနိုင်သူ အနည်းငယ်သာ ပေါ်ထွက်လေ့ ရှိပြီး သတင်း အချက်အလက်ရော သီအိုရီပါ သိသော အီလိ (Elite) အနည်းငယ်၏ လှုပ်ရှားမှု အဖြစ်သာ မြင်နိုင်သည်ဟု အသွင်ကူးပြောင်းရေး သီအိုရီများက ဆိုသည်။ ( ဥပမာ-၂၀၁၀ ရွေးကောက်ပွဲ - မောင်စူးစမ်း)

အသွင်ကူးပြောင်းရေးသည် ဒုတိယအဆင့် Liberalization အဆင့်သို့ ရောက်သောအခါ Depoliticization ခေါ် အရာရာ နိုင်ငံရေးအမြင် ကောက်ယူခြင်း မရှိတော့ သောကြောင့် လူစု၍ လုပ်ရသော လှုပ်ရှားမှုများ အန္တရာယ် မရှိကြောင်း ထင်ရှား လာပြီး ငွေရှင်များက အာဏာအလို့ငှာ လှုပ်ရှားသော လှုပ်ရှားမှု (Liberal Bourgeois Revolution) ၊ ပညာရှင်များ၏ နှစ်ကာလ ကြာရှည် အောင့်အည်း ထားရသော ဖွင့်ဟချက်များ (Intellectually Authoritative Discourse) ပို၍ ပို၍ မြင်တွေ့ရ တော့မည်ဟု အသွင်ကူးပြောင်းရေး သီအိုရီများက ဖွင့်ဆိုထားရာ မြစ်ဆုံကိစ္စသည် တစ်သဝေမတိမ်း ပုံပေါ် လာခဲ့ခြင်း ဖြစ်ပေသည်။

မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ အံ့ဩစရာ ကောင်းသည်မှာ အစိုးရအဖွဲ့၏ အထူးသဖြင့် နိုင်ငံတော် သမ္မတကြီး၏ ဆုံးဖြတ်ချက် ဖြစ်ပါသည်။ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ ပြည်သူလူထု၏ ဆန္ဒကို အလေးထားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ချက်ချင်း လက်ငင်း တုံ့ပြန်မှတ်ချက် ပေးခဲ့သည့်တိုင် ပြည်သူ အများစုမှာ မည်သို့မျှ မယုံကြည်နိုင်ဘဲ ရှိခဲ့သည်ကို တွေ့ခဲ့ရပါသည်။

နိုင်ငံတော် သမ္မတကြီး အနေနှင့် နောင်တွင် မကြာခဏ ကြုံတွေ့ရတော့မည့် အစိုးရအပေါ် အားစမ်းမှု အမျိုးမျိုး၊ Liberal Bourgeois Revolution၊ ပညာရှင် အမျိုးမျိုး၏ သန်ရာပြောဆိုမှု Intellectually Authoritative Discourse များကို သဘောထား ကြီးရင့်ကျက်စွာ ချင့်ချိန်၍ ယခု တစ်ကြိမ် အတိုင်း တည်ငြိမ်စွာ ဆုံးဖြတ်နိုင် ပါစေကြောင်း ဆုတောင်းလိုက် ပါသည်။

Tuesday, October 4, 2011

အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် မကြာမီ ထုတ်ပြန်ဖွယ်ရှိ..။

ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး အသိုင်းအဝိုင်းများ အကြား စိတ်ဝင်စားမှု အမြင့်ဆုံး ရောက်ရှိနေသည့် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည့် ကြေညာချက်ကို များမကြာမီ ထုတ်ပြန်ပေးဖွယ် ရှိကြောင်း ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းများနှင့် ခိုင်လုံသည့် သတင်းရပ်ကွက်ထံမှ သိရသည်။" နေ့တော့ တိတိကျကျ မသိရသေးဘူး။ ဒါပေမဲ့ များမကြာမီ အတွင်း ထူးခြားမှာပါ " ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက The Voice Weekly ၏မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။ ပြည်တွင်း မီဒီယာများနှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများ၏ မိသားစု အသိုင်းအဝိုင်းများ ကြားတွင်လည်း ယင်းသတင်း အပေါ် စိတ်ဝင်စားမှု မြင့်တက်လျက် ရှိသည်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည့် ထုတ်ပြန်ချက်ကို နိုင်ငံတော် သမ္မတကြီး၏ အောက်တိုဘာလ အတွင်း သွားရောက်မည့် အိန္ဒိယ ခရီးစဉ် မတိုင်ခင် ထုတ်ပြန်ဖွယ် ရှိကြောင်းလည်း ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းက ခန့်မှန်း ပြောကြားသည်။အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ကို မဝေးတော့သော အနာဂတ်တွင် ခွင့်ပြုပေးတော့မည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့တွင် ကျင်းပနေသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကတိပြု ပြောကြားသည်။ဩဂုတ်လ ၂၆ ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးငါးရက်မြောက်နေ့ တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များကို အချိန်အခါပေါ် ကြည့်ပြီး ဆက်လက် ထုတ်ပြန်ပေးရန် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို တင်ပြထားကြောင်း ပြောကြားခဲ့သည်။အဆိုပါ အစည်းအဝေးတွင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းသော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက် ထုတ်ပြန်ရေးအတွက် နိုင်ငံတော်သမ္မတကို ဤလွှတ်တော်က မေတ္တာရပ်ခံရန် အဆိုကို ထောက်ခံဆွေးနွေး တင်ပြခဲ့ကြပြီး ယင်းအဆိုကို ပြည်သူ့ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ လွှတ်တော်က သဘောတူသဖြင့် ပြည်သူ့လွှတ်တော်က ယင်းအဆိုကို အတည်ပြုခဲ့သည်။

Wednesday, September 28, 2011

ရန်ကုန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး နေရာအတော်များများတွင် ရေကြီးရေလျှံ၍ ယာဉ်အသွားအလာများပိတ်ဆို့။

ရွှေဂုံတိုင်လမ်း တာမွေ အဝိုင်းထိပ် မှတ်တိုင်တွင် စက်တင်ဘာလ ၂၈ ရက်နေ့ မနက် ၁၀ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခဲ့ပြီး ကားလမ်းများ ပိတ်နေသည်ကို တွေ့ရစဉ်။

Wednesday, September 7, 2011

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်ခြင်း ကန့်ကွက်ခံရမှု နှစ်ဖက်ရှေ့နေများ အပြီးသတ်လျှောက်လဲ

အမွေဆိုင်မှု ဖြစ်ပွားနေသော နေအိမ်ကို ပြင်ဆင်မှုဖြင့် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ ကန့်ကွက်ခံရမှုကို သြဂုတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ နှစ်ဖက်ရှေ့နေများ အပြီးသတ် လျှောက်လဲချက် ပေးခဲ့ကြောင်း  ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက သြဂုတ်လ ၃၁ ရက်နေ့တွင် ပြောကြားသည်။ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ကာလအတွင်း ဖြစ်ပေါ်ခဲ့သော နာဂစ် မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့် နေအိမ် အစိတ်အပိုင်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ၂၀၀၉ ခုနှစ်အတွင်း ပြင်ဆင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ပြင်ဆင်မှုကို ဦးအောင်ဆန်းဦးမှ တားဝရမ်း လျှောက်ထားပေးရန် တိုင်းတရားရုံးသို့ လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ “နေအိမ်အမှုနဲ့ ဆက်နွှယ်ပြီး အမွေဆိုင်မှုရယ်၊ ပြင်ဆင်မှု ကန့်ကွက်ခံရမှုရယ်၊ မော်နီတာဂျာနယ်အပေါ် တရားစွဲထားတဲ့ အမှုဆိုပြီး သုံးမှုရှိပါတယ်။ တစ်မှုမှ မပြီးသေးပါဘူး။ ဒီအမှုကတော့ စီရင်ချက်ချဖို့ပဲ ကျန်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

Thursday, September 1, 2011

မြို့ပတ်ရထား တိမ်းမှောက် လေးဦးဒဏ်ရာရ

               










အင်းစိန်မှ ရန်ကုန်သို့ လက်ဝဲရစ် ခုတ်မောင်းလာသည့် မြို့ပတ်ရထား တစ်စင်းသည် စက်တင်ဘာလ ၁ ရက် နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လှည်းတန်းဘူတာနှင့် ကမာရွတ် ဘူတာကြား အရောက် သစ်သားဇလီဖားတုံးများ ဆွေးမြေ့ကွဲအက်နေသော နေရာ၌ တိမ်းမှောက်သွားကြောင်း ခရီးသည်များနှင့် မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။

စက်ခေါင်းမောင်း ဦးမင်းမင်းထွန်း (၄၂) နှစ် မောင်းနှင်လာသည့် DT 936 ရထား၏နောက်ဆက်တွဲ တိမ်းမှောက်မှုကြောင့် အမျိုးသမီး တစ်ဦး၊ အမျိုးသား သုံးဦး၊ ဒဏ်ရာ ရရှိသွားကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး ဦးကြည်ဝင်းက ရှင်းပြသည်။

" ဝုန်း ဆိုတဲ့ အသံအကျယ်ကြီး ကြားလိုက်လို့ ထွက်လာတာ ဖြူဖြူကြီး မှောက်နေတာ တွေ့လိုက်ရတယ်။ လူတွေ အော်သံကြားလို့ ကြည့်တော့မှ ရထားမှောက်မှန်း သိတာ " ဟု ယင်းရထား တိမ်းမှောက်ရာအနီး ရွှေပုန်းညက် အိမ်ရာတွင် နေထိုင်သည့် အသက် ၅၂ နှစ် အရွယ်ရှိ ဒေါ်မော်မော်က ပြောကြားသည်။

ရထားတိမ်းမှောက်မှုဖြစ်ပြီး တစ်နာရီခန့် အကြာတွင် ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း လာရောက်ခဲ့ပြီး " လူများများ စားစား မဖြစ်လို့ ကံကောင်းတယ် " ဟု မှတ်ချက်ပြု ပြောကြားသည်။

ရန်ကုန် မြို့ပတ်ရထားသည် နေ့စဉ် အခေါက်ရေ ၂၀ဝ ခန့် ပြေးဆွဲနေပြီး ပျမ်းမျှ ခရီးသည်ဦးရေ တစ်သိန်းခန့် စီးနင်း နေကြောင်း မြန်မာ့မီးရထား၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

မြို့ပတ်ရထား လမ်းချော်မှု သတင်းများ ကြားဖူးလေ့ရှိသော်လည်း ယခုကဲ့သို့ တိမ်းမှောက်မှုမျိုး မကြားဖူးကြောင်း အသက် ၆၈ နှစ်အရွယ် အငြိမ်းစား မီးရထားဝန်ထမ်း တစ်ဦးက ပြောကြားသည်။

မီးရထားသံလမ်း ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတစ်ဦးကမူ " လမ်းကို ကြည့်ပါလား ဖြူးနေတာပဲ။ လမ်းကြောင့် မဟုတ်ပါဘူး၊ တွဲဆက် မကောင်းလို့ ဖြစ်တာပါ " ဟု ဆိုသည်။



Sunday, August 28, 2011

ထာဝယ်စီမံကိန်း ပထမအသုတ် ကျေးရွာ ၅ ရွာရွေ့ပြောင်းရမည်။

ရေနက် ဆိပ်ကမ်းနှင့် အထူး စီးပွားရေး ဇုန်များ ပါဝင်သော ထားဝယ် စီမံကိန်း စတင် တည်ဆောက် ရာတွင် ပထမ အသုတ်ဖြင့်ရွာ ၅ ရွာမှ အိမ်ခြေ ၁၄၉၄ လုံးအား ရွေ့ပြောင်း သွားမည် ဖြစ်ကြောင်း လောင်းလုံမြို့နယ်၊ ပန်းတင်အင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ရွှေ့ပြောင်းရာတွင် အဆင့်၃ ဆင့်ခွဲ၍ အိမ်ရာများ ဆောက်လုပ် ပေးကာ ရေမီးအစုံ အလင် တပ်ဆင်ပေးပြီး နေရာချ ထားပေးမည် ဖြစ်ကြောင်း အထူးစီးပွားရေး ဇုန်ဆိုင်ရာ တာဝန်ရှိသူများကို ကိုးကား၍ ၎င်းက ဆက်လက် ပြောကြား သည်။ ကနဦး ရွေ့ပြောင်း ပေးခံရမည့် ကျေးရွာများဖြစ်သော နဘုလယ်ဒေသမှ မူးဒူး၊ ထိန်ကြီး၊ လဲရှောင် ၊ ပရဒတ် ၊ မယင်းကြီး ရွာများတွင် အိမ်နံပါတ်များ လာရောက် သတ်မှတ်ထားပြီး ခြံများ တိုင်းတာခြင်းကို လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အသက် ၄၅ နှစ်အရွယ်ရှိ နဘုလယ် ကျေးရွာမှ ရွာသားတစ်ဦးက ဆိုသည်။
ယခုအနေ အထားတွင် ပြောင်းရွေ့ပေးရမည့် အချိန်ကို အတိအကျ မသိရှိသေးဘဲ နေရာအသစ်၌ အဆင်သင့် ဖြစ်မှသာ ပြောင်းရွေ့ ပေးသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။ ရွာသားများအနေဖြင့် အခြေအနေကို တိတိပပ မသိဘဲ ပြောင်းရွေ့ ရန် လက်မှတ် မထိုးပေး သင့်ကြောင်း၊ ထိုင်းနိုင်ငံ စက်မှုဇုန်များ ထိုသို့စတင် တည်ဆောက် စဉ်က ကနဦး ကတိပြုသော ပြန်လည်နေရာချထားပေးမည့် အစီအစဉ်များနှင့် အမှန်တကယ် တည်ဆောက် ပေးခဲ့သော အခြေအနေ များစွာကွာခြားမှု ရှိကြောင်း လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် လေ့လာလျက်ရှိသူ ထားဝယ်မြို့ခံ တစ်ဦးက ဆိုသည်။
" သူတို့မှာ ဒီလို အိမ်လေးတွေ ဒီလို စီးပွားရေး အနေအထား ဒီလိုဘဝလေးတွေ ဖြစ်လာဖို့ နှစ်ပေါင်းများစွာ ကြိုးစားလာရတာ။ အခုဆို ဘဝကို တစ်က ပြန်စတာပဲ။ စီးပွားရေးလည်း တစ်က ပြန်စပဲ။ လူမှုရေးလည်း တစ်က ပြန်စပဲ။ အားလုံး ပြန်စရမှာဗျာ။ ဆိုတော့ အခု အသက် လေးဆယ် ကျော်လောက် ရောက်နေတဲ့သူတွေအတွက် သူတို့ဘဝက နေဝင်ချိန်မှာ ဘဝကို တစ်က တစ်ခါ ပြန်စရသလို ဖြစ်နေတယ် " ဟု ၎င်းက ထပ်မံပြောကြားသည်။
စီမံကိန်း ကြောင့် ဒေသခံများ ဆုံးရှုံးရမည့် ခြံမြေများတွင် စိုက်ပျိုးထားသော သီဟိုပင် တစ်ပင်လျှင် ၉၀၀ဝ ကျပ် ၊ ရော်ဘာပင် တစ်ပင်လျှင် ၅၀၀၀၊ ၉၀၀၀၊ ၁၅၀၀ဝ ကျပ် လျော်ကြေး ပေးအပ် သွားမည်ဟု ဥယျာဉ်ခြံများအား ဈေးနှုန်းသတ်မှတ် ပေးလျှက်ရှိကြောင်း ၎င်းက ဆိုသည်။ ယင်းပမာဏသည် ဥယျာဉ်ခြံ လုပ်ငန်းရှင်များအတွက် လွန်စွာ နည်းပါးလွန်းသော ပမာဏဖြစ်ပြီး ရော်ဘာ တစ်ပင်လျှင် ၁၂၀၀၀ဝ မှ ၁၅၀၀၀ဝ ကျပ်အထိ ပေးရန် ရော်ဘာခြံရှင်များက တောင်းဆိုထားကြောင်း အသက် ၅၅ နှစ် အရွယ်ရှိ ပန်းတင်အင်း ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောကြားသည်။ " အိမ်ပြောင်းပြီးရင် ဘာစီးပွားရေး လုပ်ရမယ်ဆိုတာ မသိသေး " ဟု အဆိုပါရွာများမှ ရွာသားများက တစ်ညီတစ်ညွှတ်တည်း ပြောကြသည်။
ယခုအချိန်တွင် စီမံကိန်းတွင် မြေသားလမ်းခင်းခြင်း၊ ပြုပြင်ခြင်း တို့ကိုသာ ဆောင်ရွက်လျှက်ရှိပြီး ဒေသခံ လုပ်သားများအတွက် တစ်ရက် လုပ်အားခ ၃၅၀ဝ မှ ၄၀၀ဝ ကျပ် ရရှိကြောင်း၊ အလုပ်သမား အနည်းငယ်သာ ခန့်ထားကာ ၄၅ ရက်တွင် တစ်ကြိမ် လစာရရှိကြောင်း နဘုလယ် ဒေသခံများထံမှ သိရသည်။ ပထမအသုတ် ရွေ့ပြောင်းရမည့် နဘုလယ် ဒေသသည် ထားဝယ် ယဉ်ကျေးမှုဆိုင်ရာ အထောက် အထားများ များစွာ ကျန်ရှိနေသေးသော ဒေသဖြစ်ကြောင်း ဒေသခံ သုတေသီများထံမှ သိရသည်။ ပထမသုတ် ရွှေ့ပြောင်း မည်ဟု သိရသော ရွာ ၅ ရွာမှာ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းတွင် စက်မှုဇုန် ဧရိယာအတွင်းမှ ရွှေ့ပြောင်းရန် ရာထားသည့် ရွာ ၁၉ ရွာမှဖြစ်ပြီး ဆိပ်ကမ်းတည်ဆောက်ရန် နေရာရှိ ရွာများ ဖြစ်ကြောင်း သိရသည်။

Friday, August 26, 2011

အဝေးပြေးကားများကို အစိုးရမှ ခွဲတမ်းချ၍ရန်ပုံငွေကောက်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ဆိုကရေးတီး ရန်ပုံငွေ အတွတ် အဝေးပြေး ကားများကို တိုင်း ဒေသကြီး အစိုးရမှ ခွဲတမ်းချ၍ ရန်ပုံငွေ လိုက်လံ ကောက်ခံလျှက် ရှိကြောင်း အဝေးပြေး ယာဉ်လိုင်း ပိုင်ရှင် တစ်ဦးက ပြောကြားသည်။ အောင်မင်္ဂလာ အဝေးပြေး ဝန်းအတွင်းရှိ ရန်ကုန် အခြေပြု ပြေးဆွဲနေသော ကားများကို တစ်စီးလျှင်ကျပ် တစ်သောင်းနှုန်း ယခုရက်ပိုင်း ကောက်ခံနေခြင်း ဖြစ်ပြီး ဩဂုတ်လ ၂၄ ယနေ့ နောက်ဆုံးထား၍ ပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ အဝေးပြေးကားများကို ကြီးကြပ် နေသည့် မထသ အဝေးပြေးမှ ကားတစ်စီးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် အစိုးရ ဆိုကရေးတီး ရန်ပုံငွေအတွက် ကျပ်သိန်းတစ်ရာ လှူဒါန်းနိုင်ရန် ကောက်ခံနေခြင်းဖြစ်ပြီး ထိုသို့ကောက်ခံမည့် အကြောင်းကို မထသ အဝေးပြေးဥက္ကဋ္ဌက ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့က ကားပိုင်ရှင်များကို ခေါ်ယူအသိပေး ပြောကြားခဲ့သည်ဟု သိရှိရသည်။
အဝေးပြေးကားများ ဂိတ်ထွက်ပါက ဝင်ငွေ၏ နှစ်ရာခိုင်နှုန်းကို မထသသို့ ပေးသွင်းနေရပြီး မထသသည် ယခင်ကဲ့သို့ စက်သုံးဆီ ထောက်ပံ့နေမှုကို ၂၀၁ဝ ခုနှစ်တွင် ရပ်ဆိုင်း ခဲ့ပြီးနောက် မည်သည့် ထောက်ပံ့မှုမျှ မရရှိတော့သော်လည်း လိုင်းဆွဲနေသည့် အဝေးပြေးကားများကို ငွေကောက်နေခြင်း  ဖြစ်သည့်အတွက် ယဉ်ပိုင်ရှင်များက ကျေနပ်မှု မရှိကြောင်း ပြောကြား ကြ သည်။ ရန်ကုန်မြို့ရှိ အဝေးပြေး ကားစီးရေ အနည်းဆုံး ၈၀ဝ နှင့်အထက်သည် ရန်ကုန်တိုင်း ဒေသကြီး ဆိုကရေးတီး ရန်ပုံငွေအတွက် မထသကို ငွေပေးသွင်းရမည် ဖြစ်ပြီး အချို့ ဂိတ်များတွင် ယာဉ်စီးရေ ၅ဝ ကျော် ရှိသည့်အတွက် ကျပ်ငါးသိန်းကျော် ပေးသွင်းရဖွယ် ရှိသည်။ မထသ အဝေးပြေးသည် ယာဉ်လိုင်းများ ယာဉ်စီးခ တိုးမြင့်ရန် ပြီးခဲ့သည့် လပိုင်းက တင်ပြမှုကို ပယ်ချခဲ့သည်။

Friday, August 19, 2011

သူတို့တွေ့ကြပြီ။

နိုင်ငံပိုင် ရုပ်သံမီဒီယာများတွင် သြဂုတ်လ ၁၉ ရက်နေ့ည ၈ နာရီက ထုတ်လွှင့်ပြသခဲ့သည့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့မြင်ကွင်းနှင့် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုသတင်း မြင်ကွင်းများ
နိုင်ငံပိုင် ရုပ်သံမီဒီယာများတွင် သြဂုတ်လ ၁၉ ရက်နေ့ည ၈ နာရီက ထုတ်လွှင့်ပြသခဲ့သည့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့မြင်ကွင်းနှင့် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုသတင်း မြင်ကွင်းများ