အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် မကြာမီ ထုတ်ပြန်ဖွယ်ရှိ..။
ပြည်တွင်း၊  ပြည်ပ နိုင်ငံရေး အသိုင်းအဝိုင်းများ အကြား စိတ်ဝင်စားမှု အမြင့်ဆုံး  ရောက်ရှိနေသည့် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည့် ကြေညာချက်ကို  များမကြာမီ ထုတ်ပြန်ပေးဖွယ် ရှိကြောင်း ပြည်တွင်း နိုင်ငံရေး  အသိုင်းအဝိုင်းများနှင့် ခိုင်လုံသည့် သတင်းရပ်ကွက်ထံမှ သိရသည်။" နေ့တော့  တိတိကျကျ မသိရသေးဘူး။ ဒါပေမဲ့ များမကြာမီ အတွင်း ထူးခြားမှာပါ " ဟု  အစိုးရအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက The Voice Weekly ၏မေးမြန်းချက်ကို  ပြန်လည် ဖြေကြားသည်။ ပြည်တွင်း မီဒီယာများနှင့် ယုံကြည်ချက်ကြောင့်  အကျဉ်းကျခံ နေရသူများ၏ မိသားစု အသိုင်းအဝိုင်းများ ကြားတွင်လည်း ယင်းသတင်း  အပေါ် စိတ်ဝင်စားမှု မြင့်တက်လျက် ရှိသည်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည့်  ထုတ်ပြန်ချက်ကို နိုင်ငံတော် သမ္မတကြီး၏ အောက်တိုဘာလ အတွင်း သွားရောက်မည့်  အိန္ဒိယ ခရီးစဉ် မတိုင်ခင် ထုတ်ပြန်ဖွယ် ရှိကြောင်းလည်း ပြည်တွင်း  နိုင်ငံရေး အသိုင်းအဝိုင်းက ခန့်မှန်း ပြောကြားသည်။အကျဉ်းသားများ  လွတ်ငြိမ်းချမ်းသာခွင့်ကို မဝေးတော့သော အနာဂတ်တွင် ခွင့်ပြုပေးတော့မည်  ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့တွင် ကျင်းပနေသည့်  ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးဝဏ္ဏမောင်လွင်က စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကတိပြု ပြောကြားသည်။ဩဂုတ်လ ၂၆  ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်  အစည်းအဝေးငါးရက်မြောက်နေ့ တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက  လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များကို အချိန်အခါပေါ် ကြည့်ပြီး ဆက်လက်  ထုတ်ပြန်ပေးရန် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို  တင်ပြထားကြောင်း ပြောကြားခဲ့သည်။အဆိုပါ အစည်းအဝေးတွင် ရွေးကောက်ခံ  လွှတ်တော် ကိုယ်စားလှယ်များက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွတ်တော်  ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းသော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်  အမိန့်များ ဆက်လက် ထုတ်ပြန်ရေးအတွက် နိုင်ငံတော်သမ္မတကို ဤလွှတ်တော်က  မေတ္တာရပ်ခံရန် အဆိုကို ထောက်ခံဆွေးနွေး တင်ပြခဲ့ကြပြီး ယင်းအဆိုကို ပြည်သူ့  လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ လွှတ်တော်က သဘောတူသဖြင့် ပြည်သူ့လွှတ်တော်က  ယင်းအဆိုကို အတည်ပြုခဲ့သည်။
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment