လုပ်ဆောင်စရာများစွာ  ရှိနေသေးသည့်တိုင် မြန်မာအစိုးရ အဖွဲ့သည်  ပြုပြင်ပြောင်းလဲရေး  သမားများနှင့် သဘောထားကြီးသူများ ဖြစ်ကြောင်း  အမေရိကန် သမ္မတ အိုဘားမား  အစိုးရက အသိအမှတ်ပြု ပြောဆိုလိုက်သည်။
“မြန်မာအစိုးရဟာ   ပြုပြင်ပြောင်းလဲရေးသမားတွေ၊ စိတ်သဘောထား ကြီးကြီးထားသူတွေ   ပိုမိုပါဝင်လာပြီး ကျမတို့နဲ့ အလုပ်တွဲလုပ်နိုင်တဲ့အတွက်   ကျေနပ်ဝမ်းမြောက်စရာ ဖြစ်ပါတယ်။ တကယ်လို့သာ ဆီးရီးယားနိုင်ငံလို   အခြေအနေမျိုးသာဆိုရင် တမျိုးတမည်ဖြစ်ကုန်မှာပါ” ဟု   အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား   နုလန်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဆီးရီးယားနိုင်ငံတွင်   သမ္မတ ဘာရှားအာဆတ်က လူထုအုံကြွမှုကို အကြမ်းဖက်နှိမ် နင်းနေပြီး   သေ ဆုံးသူပေါင်း ၂၆၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း၊ သမ္မတ ဘာရှားအာ ဆတ်အစိုးရက   နိုင်ငံ တကာ ၏ ပြစ် တင်ဝေဖန်မှု့များကို လျစ်လျူရှုလျက်ရှိကြောင်း သတင်းများအရ   သိရသည်။
“မြန်မာပြည်မှာ ပြောင်းလဲလာတဲ့ ပထမဆုံးတချက်ကတော့   အတိုက်အခံတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိနေတဲ့ အစိုးရခေါင်းဆောင်တွေ   တက်လာတာပါပဲ” ဟု ဗစ်တိုးရီးယား နုလန်းက သတင်းထောက်များ၏ အမေးကို   ဖြေကြားသည်။
သို့သော် မြန်မာပြည်တွင် ဆက်လက်လုပ်ဆောင်စရာ  များစွာ  ကျန်နေဆဲဖြစ်ကြောင်း၊ အစိုးရသစ်သည် ယခင်စစ်အစိုးနှင့်စာလျှင်   ဒေါ်အောင်ဆန်းစုကြည်၊ လူမှုအဖွဲ့အစည်းများနှင့် ထိတွေ့လုပ်ဆောင်ရန်   ပိုမိုအခြေအနေ ပေးလာကြောင်း၊ ပြည်သူများက သဘောမတူသောကြောင့် မြစ်ဆုံဆည်   စီမံကိန်း ဆိုင်းငံ့ထားလိုက်ခြင်းကဲ့သို့သော အစိုးရ၏ လုပ်ဆောင်မှုကို   အားပေးကြောင်း ဆက်လက်ပြောသည်။
နယူးယောက်တွင် အမေရိကန်   နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်းနှင့်   အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခရစ်ရှနာတို့နှင့်လည်း မြန်မာ့အရေး   ပြောဆိုဆွေးနွေးခဲ့ကြောင်းလည်း ဗစ်တိုးရီးယား နုလန်းကဆိုသည်။
ရပ်ဆိုင်းလိုက်သော   မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ မကြာသေးမီကလည်း အထက်လွှတ်တော်အမတ်   ဂျွန်မက်ကိန်းက မြန်မာအစိုးရကို ချီးကျူးပြောဆိုခဲ့သေးသည်။
မြန်မာပြည်ဆိုင်ရာ   အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ်က နယူးယောက်တိုင်းမ်သတင်းစာသို့   “မြန်မာအစိုးရက လုပ်ကိုင်ဆောင်ရွက်လာရင် ကျနော်တို့ဘက်ကလည်း ပြန်လည်   တုန့်ပြန် လုပ်ဆောင်မှာပါ။ ပြုပြင်ပြောင်းလဲရေးကို သူတို့က   ခြေတလှမ်းလှမ်းရင် ကျနော်တို့ဘက်ကလည်း ထောက်ခံအားပေးပါမယ်” ပြောထားသည်။
မစ္စတာ   ဒဲရက် မစ်ချယ်သည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ ၅ ရက်ကြာ   သွားရောက်လည်ပတ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ် အတွင်းကလည်း နယူးယောက်တွင်   မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်   တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
No comments:
Post a Comment