ထောင်မှ လွတ်မြောက်လာသူ ဟာသပညာရှင်လည်းဖြစ် ကဗျာဆရာလည်း ဖြစ်သူ ဇာဂနာအပေါ်  အစိုးရမှ တားမြစ် ပိတ်ပင်ထားမှုများအားလုံး ရုပ်သိမ်းပေးရန် နိုင်ငံတကာရှိ  စာပေနှင့် သတင်းသမား များ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက်  လှုပ်ရှားသည့် လန်ဒန်အခြေစိုက် PEN International က
တောင်းဆိုလိုက်သည်။
တောင်းဆိုလိုက်သည်။
“ဇာဂနာ အပေါ် ချုပ်ချယ်မှုများသည် လူ့အခွင့်အရေး ပုဒ်မ ၁၉ ပါ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ချိုးဖောက်ခြင်း  ဖြစ်၍ တားမြစ်မှုများအားလုံး ရုပ်သိမ်းပေးရန် တောင်းဆိုသည်” ဟု  လန်ဒန်အခြေစိုက် PEN International ၏ အောက်တိုဘာ ၁၂ ရက်နေ့စွဲပါ  ထုတ်ပြန်ချက်က ဆိုသည်။

ထောင်မှ လွတ်မြောက်လာပြီး ဖုန်းတလုံး ဖြင့်အလုပ်ရှုပ်နေသော ကိုဇာဂနာကို တွေ့ရစဉ် (ဓါတ်ပုံမဇ္ဈိမ)
ဇာဂနာမှာ  စစ်အစိုးရ လုပ်ရပ်များကို ထိထိမိမိ သရော်သည့် နိုင်ငံရေး  ပြက်လုံးများကြောင့် အနုပညာ လှုပ်ရှားမှုများ ကို ထုတ်လွှင့်၊ ဖော်ပြခြင်း  မပြုရန် ပြန်ကြားရေး ဝန်ကြီးဌာနက ၂၀၀၆ ခုနှစ်တွင် တရားဝင် စာထုတ်ကာ  ပိတ်ပင်ခဲ့ သည်။ ယင်းအပြင် နာဂစ်မုန်တိုင်း ဒုက္ခသည်များကို ကူညီနေစဉ် ၂၀၀၈  ခုနှစ်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃၅နှစ် ချခံခဲ့ရသည်။
မြစ်ကြီးနားထောင်မှ  ပြန်လည် လွတ်မြောက်လာသည့် ကိုဇာဂနာက ပြည်တွင်းထုတ် ဂျာနယ်များတွင် မိမိ၏  ဓာတ်ပုံ အား ပြန်လည် ဖော်ပြလာသော်လည်း အနုပညာ ဆက်လုပ်ခွင့် ရ၊ မရနှင့်  ပတ်သက်၍ မသိရသေးကြောင်း ပြောဆို သည်။
“ ကျနော့်ပုံကို ဘယ်ဂျာနယ် ဘယ်စာစောင်မှ မထည့်ရဘူး၊ အသံတောင် မသုံးရဘူးဆိုပြီး အမိန့် ထုတ်ထားတယ်။ထောင်က  ထွက်လာတဲ့ အခါကျတော့ ကျနော့်ပုံကို ဂျာနယ်တွေမှာ မျက်နှာဖုံးတွေနဲ့  ထွက်လာကော၊ အဲဒါတွေက ပြီးသွားလား၊ မပြီးသေးဘူးလားဆိုတာ ကျနော်မသိဘူး” ဟု  ဇာဂနာက မဇ္ဈိမကို ပြောသည်။
ကဗျာဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာ၊  သရုပ်ဆောင် လုပ်ငန်းများတွင် နာမည်ကျော်သည့်  စွယ်စုံရ ဟာသပညာရှင် ဇာဂနာ  (ခေါ်) ကိုသူရမှာ အနုပညာ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့် ရ၊ မရ  မသိရသေးသော်လည်း လွတ်လာပြီး ရက်ပိုင်းအတွင်း စီးပွားရေး ကြော်ငြာများ  ရိုက်ကူး၊ သရုပ်ဆောင်ရန် ကမ်းလှမ်းမှုများ ရှိနေသည်ဟု သိရသည်။
ဇာဂနာ အနေဖြင့် ရုပ်ရှင်၊ ဗီဒီယိုနှင့် စီးပွားရေး ကြော်ငြာများ ရိုက်ကူးပါက  ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်လွှင့်ခွင့်ပေး၊မပေးကိုမူ မသိရသေးကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ပြောသည်။
“  အခုထိတော့ ခွင့်ပြုတယ် ဆိုတာမျိုး ဆက်သွယ် မလာသေးဘူး၊ ရုပ်ရှင်  ဆင်ဆာအဖွဲ့ကို တင်တော့မှ ဇာတ်လမ်း စိစစ်ရေးက ပယ်မလား၊ ပိတ်မလား အဲဒါကိုပဲ  ကြည့်ပြီးမှပဲ လုပ်ခွင့်ရ၊ မရ သိရမယ်" ဟု မြန်မာနိုင်ငံ ရုပ်ရှင်  အစည်းအရုံး ဒုဥက္ကဋ္ဌ တဦးက ဆိုသည်။
ပြန်ကြားဝန်ကြီးဌာနက  ရုပ်ရှင်လောကရှိ အနုပညာရှင်များနှင့် ပတ်သက်သည့် အမိန့်ထုတ်ပြန်ချက်များကို  ရုပ်ရှင် အစည်းအရုံးမှ တဆင့် ပေးပို့ အကြောင်းကြားလေ့ရှိရာ ဇာဂနာ၏ အနုပညာ  အလုပ်များ ခွင့်ပြုရေးမှာ “ဝန်ကြီးပေါ် မူတည်တယ်၊ ပေါ်လစီကိုး” ဟု သူက  ဆိုသည်။
မြန်မာ့ရုပ်ရှင် ဆင်ဆာအဖွဲ့ကို  ပြန်ကြားရေး ဝန်ကြီးဌာနမှ  အာဏာပိုင်များ ဦးစီးသည့် မြန်မာ့ ရုပ်ရှင်လုပ်ငန်းနှင့် ရုပ်ရှင်  အစည်းအရုံးမှ တတ်သိ ပညာရှင်တို့ဖြင့်  ပါဝင် ဖွဲ့စည်းထားပြီး အစိုးရကို  ထိခိုက်မည်ဟု ယူဆသည့် စကား လုံးများ (ဒိုင်ယာလော့ခ်)၊ ဇာတ်လမ်း  ဇာတ်ကွက်များကို ဖြတ်တောက် ပြင်ဆင်ခိုင်းသလို ဇာတ်ကား ထုတ်ခွင့် မပြုခြင်း၊  အနုပညာရှင်များကို ဇာတ်ကား ရိုက်ခွင့်ပိတ်ပင်ခြင်းများဖြင့်  အရေးယူလေ့ရှိသည်။
ဟာသ အနုပညာရှင် ဇာဂနာ အပါအဝင် ပိတ်ပင်ခံထားရသည့်  အနုပညာရှင်များမှာ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ကျော်သူ၊ လူရွှင်တော်  ဦးပါပါလေး၊ ဦးလူမော်၊ ဦးလူဇော်တို့လည်း ပါဝင်သည်။
“ဗိုလ်ချုပ်ကျော်ဆန်းတို့  ဘယ်လို ဆုံးဖြတ်မလဲ မသိသေးဘူး။ ကိုသူရကိုတော့ ထောင်ထဲ ထည့်ပြီးတော့  အပြစ်ပေး လိုက်တယ်။ ကျနော့်ကို ကျတော့ အပြင်လွှတ်ထားပြီး အနုပညာ  လုပ်ခွင့်မပေးဘူး။” ဟု နာရေး ကူညီမှုများ လုပ်ကိုင်နေသည့် ရုပ်ရှင်မင်းသား ကျော်သူက ပြောသည်။
ကျော်သူမှာ  ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှုတွင် လမ်းလျှောက် ဆန္ဒပြသည့်  သံဃာတော်များ အား ဆွမ်းကပ်ရာတွင် ဇာဂနာနှင့်အတူ လှုပ်ရှားခဲ့သူ ဖြစ်သည်။
No comments:
Post a Comment