မြန်မာအစိုးရ ပြုပြင် ပြောင်းလဲရေးလုပ်သမျှ အမေရိကန် တုံ့ပြန်သွားမည်။
မြန်မာနိုင်ငံမှာ  အားရစရာကောင်းတဲ့ အခြေအနေတချို့ကို တွေ့မြင်နေရပေမဲ့လည်း  ပြုပြင်ပြောင်းလဲမှုတွေ အကောင်အထည် ဖော်နေပြီလို့ ပြောဖို့အတွက်ကတော့  အချိန်စောသေးတယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ  လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ် (Kurt Campbell) က  ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရအနေနဲ့ ဒီထက်ပိုပြီး  အပြုသဘောဆောင် ရေရှည် တည်တံ့တဲ့ ခြေလှမ်းတွေ လှမ်းနိုင်ခဲ့မယ်ဆိုရင်  အမေရိကန်ပြည်ထောင်စုကလည်း အလားတူ တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ အာရှဆိုင်ရာ  မူဝါဒနဲ့ပတ်သက်လို့ ၀န်ကြီး ကမ့်ဘဲလ်က ဒီကနေ့ ထိုင်းနိုင်ငံ  ဘန်ကောက်မြို့မှာ ပြောဆိုသွားတာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်မြို့ရောက်  ဗွီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
  အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ်ဟာ အမေရိကန်  ပြည်ထောင်စုရဲ့ အာရှနိုင်ငံများနဲ့ ထိတွေ့ ဆက်ဆံရေးဆိုတဲ့ ခေါင်းစဉ်နဲ့  ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကောင်း တက္ကသိုလ်မှာ ဒီကနေ့  မိန့်ခွန်းပြောဆိုရင်း မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုနဲ့ပတ်သက်ပြီး အခုလို မှတ်ချက်ချ ပြောဆိုသွားတာ ဖြစ်ပါတယ်။
“မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေ လှမ်းလာတာနဲ့အမျှ  အမေရိကန် ပြည်ထောင်စုအနေနဲ့ အလားတူ ခြေလှမ်းနဲ့တုံ့ပြန်ဖို့ ပြင်ထားပြီး  ဖြစ်ပါတယ်။ အမေရိကန် အုပ်ချုပ်မှုအစိုးရပိုင်းနဲ့ ဥပဒေပြု လွှတ်တော်နဲ့ပါ  မြန်မာ့အရေးကို တိုင်ပင် နှီးနှောနေကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ  ဒီထက်မက လုပ်စရာတွေ အများကြီး ကျန်နေဆဲဖြစ်တယ်လို့ ယူဆပါတယ်။ အမေရိကန်  ပြည်ထောင်စုအနေနဲ့ အစဉ်တစိုက် စိုးရိမ်မကင်း ဖြစ်နေရတဲ့အချက်တွေ အများကြီး  ရှိနေပါသေးတယ်။ တချိန်တည်းမှာပဲ မြန်မာပြည်တွင်း သိသိသာသာ အပြုသဘောဆောင်တဲ့  ခြေလှမ်းတွေ မကြာမီ တွေ့ရတော့မယ်ဆိုတဲ့ လက္ခဏာတွေကိုလည်း ထင်ဟပ်နေတာ  တွေ့ရပါတယ်။ မြန်မာပြည်ရဲ့ အနာဂတ် တိုးတက်ရေးအတွက်လည်း အမေရိကန်  ပြည်ထောင်စုက အားပေးထောက်ခံသွားမှာ ဖြစ်ပါတယ်။”
မြန်မာပြည်တွင်း  ဖြစ်ထွန်းတိုးတက်မှုတွေကို အမေရိကန်ပြည်ထောင်စုက အနီးကပ် စောင့်ကြည့်နေတဲ့  အကြောင်းကိုလည်း မစ္စတာ ကာ့တ် ကမ့်ဘဲလ် က အခုလို ပြောဆိုသွားပါတယ်။
“မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှုတိုင်းကို ကျနော်တို့  ဂရုတစိုက် စောင့်ကြည့်နေပါတယ်။ ရေကာတာ တည်ဆောက်ရေးစီမံကိန်း  ဆိုင်းငံ့လိုက်တာကအစ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး  ပြောဆိုတာမျိုး၊ လွှတ်တော်တွေမှာ ကိစ္စရပ် တစ်ခုချင်းစီအလိုက် အခြေအတင်  ဆွေးနွေးတာမျိုး အဆုံး မျက်ခြေမပြတ် အကဲခတ် စောင့်ကြည့်နေပါတယ်။”
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ပြီးခဲ့တဲ့လတုန်းက ကုလသမဂ္ဂ  အထွေထွေညီလာခံ တက်ရောက်စဉ် အမေရိကန် ထိပ်တန်း သံတမန်တွေနဲ့  တွေ့ဆုံခဲ့ပါတယ်။ အဲဒီတုန်းက ဦးဝဏ္ဏမောင်လွင်က မြန်မာအစိုးရဟာ  ပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည် ဖော်နေပြီဖြစ်တာကြောင့်မိုလို့  အမေရိကန် ပြည်ထောင်စုက တားဆီးပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးပါလို့  မေတ္တာရပ်ခံခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာပြည်ရဲ့ လက်ရှိ  ပြုပြင်ပြောင်းလဲရေးအပေါ် သုံးသပ်ချက်ကိုတော့ အမေရိကန် လက်ထောက်  နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ဘဲလ်က အခုလို ရှင်းပြပါတယ်။
“မြန်မာပြည်ရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ ရေရှည်  တည်တံ့မှာလား၊ တိုးတက်မှုရှိမှာလား ဆိုတာကို အမေရိကန်ပြည်ထောင်စုက  စောင့်ကြည့် နိဒါန်းပျိုးတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ နှစ်တွေနဲ့ချီ  စောင့်ကြည့်လာခဲ့တဲ့ အခြေအနေဟာ ရေရှည် တည်တံ့မယ့် တိုးတက်မယ့် လက္ခဏာတွေ  ဟုတ်မဟုတ် ဆိုတာကို ဦးဆောင် ကြားဝင် စေ့စပ်ပေးနေသူတွေကတဆင့်  အမေရိကန်ပြည်ထောင်စုက သိရှိရလို့ ရှင်းရှင်းလင်းလင်း နားလည်ထားပါတယ်။  ဒါတွေဟာ လျှို့ဝှက်ထားတဲ့အရာတွေလည်း မဟုတ်ပါဘူး။ တကယ် အမှန် တိုးတက်မှု  ရှိမရှိ ဆိုတာကလည်း နိုးနိုးကြားကြားနဲ့ အမေရိကန်ပြည်ထောင်စုက  စောင့်ကြည့်နေပါတယ်။”
အရင်တုန်းက မြန်မာပြည်ရဲ့ အခြေအနေနဲ့  အခုလက်ရှိ နိုင်ငံရေးအခြေအနေ မတူတော့ဘူး ဆိုတာကိုတော့ အမေရိကန်ပြည်ထောင်စု  အနေနဲ့ အသိအမှတ်ပြု လက်ခံပေမဲ့ တကယ့် ကန့်လန့်ကာနောက်ကွယ်က  မြန်မာ့နိုင်ငံရေး ကတော့ အကဲခတ်ရတာ ခက်ခဲလှပါတယ်လို့ မစ္စတာ ကမ့်ဘဲလ်က  အခုလို မှတ်ချက်ချပါတယ်။
“ကန့်လန့်ကာနောက်ကွယ်မှာ ဘာတွေဖြစ်နေသလဲ  ဆိုတာ ကျနော်တို့အတွက် ပဟေဠိဖြစ်နေဆဲပါ။ အခု မြန်မာသမ္မတ ဦးသိန်းစိန်ကို  အရင်တုန်းက စစ်အစိုးရလက်ထက် ၀န်ကြီးချုပ်ဘ၀နဲ့ ကျနော် တွေ့ဆုံခဲ့ဖူးပါတယ်။  ခဏပဲ တွေ့ခဲ့ရလို့ အကဲဖြတ်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ သူ့ကိုတွေ့ဖူးတဲ့သူ  အတော်များများကတော့ သူဟာ တကယ့်ကို လေးလေးနက်နက် ဦးဆောင်စေ့စပ်ပေးတဲ့  သူတစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ချကြပါတယ်။ ထိတွေ့ဆက်ဆံရာမှာလည်း  အရင်ကနဲ့မတူ တမူကွဲပြားတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။”
အရှေ့အာရှနဲ့  ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ်က  မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တိုးတက်အောင်  အရှိန်အဟုန်မြှင့်ဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရမယ်။  တိုင်းရင်းသား ဒေသတွေမှာ အင်အားသုံး နှိပ်ကွက်နေတာတွေကို ရပ်စဲပြီး  နိုင်ငံရေးအရ အဖြေရှာဖို့ လိုတယ်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့  ဆုံးဖြတ်ချက်တွေကို လိုက်နာပြီး မြောက်ကိုရီးယားနဲ့ နျူကလီးယားအစီအစဉ်  ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်တာ စတဲ့ ခြေလှမ်းတွေကို လှမ်းပြဖို့  လိုတယ်လို့လည်း မှတ်ချက်ချ ပြောဆိုသွားပါတယ်။
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment