မြန်မာအစိုးရက ရွေးကောက်ပွဲ ဥပဒေတွေကို ပြင်ဆင်ဖို့ မကြာသေးခင်ကပဲ   စီစဉ်လာတာကြောင့် တရားဝင် နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခံထားရတဲ့ အဓိက   အတိုက်အခံ နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်   (NLD) ပါတီဟာ ပါတီမှတ်ပုံတင်ဖို့ ဖြစ်နိုင်ချေတွေ ပိုပြီးတော့   နီးစပ်လာနေပါပြီ။
သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၀၈  ခုနှစ်ဖွဲ့စည်းပုံထဲမှာ  ပါဝင်တဲ့ ပါတီမှတ်ပုံတင်ခြင်း ဥပဒေတချို့ကို  တရားဝင်  ပြင်ဆင်ပြဌာန်းပြီးသွားရင်တော့ NLD ဗဟိုအလုပ်အမှုဆောင်  အဖွဲ့ဝင်တွေအနေနဲ့  မှတ်ပုံတင်မယ် မတင်ဘူးဆိုတာကို ဆုံးဖြတ်မှာဖြစ်တယ်လို့  ဆိုပါတယ်။  ဒီအကြောင်းနဲ့ပတ်သက်လို့ ပါတီ တာဝန်ရှိသူဦးဥာဏ်ဝင်းက အောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။
 “ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့  ဥပဒေတွေ ပြုပြင်ပြောင်းလဲနေတယ်။ အဲဒီ  ပြုပြင်ပြောင်းလဲနေတဲ့အပေါ်မှာ  မူတည်ပြီးတော့ ပြန်လည်မှတ်ပုံတင်ဖို့ကို  အဖွဲ့ချုပ်က စဉ်းစားမယ်။  ကျနော့်အမြင်ကတော့ ပါတီမှတ်ပုံတင်ဖို့  ဖြစ်နိုင်ချေရှိတယ်။ သို့သော်လည်း  အဲဒါဟာ ပါတီရဲ့  သဘောတူညီမှုနဲ့မှဖြစ်မှာပါ။”
လို့ပြောကြားသွားပေမဲ့ ဘယ်အချိန်မှာ ပါတီမှတ်ပုံပြန်တင်ဖြစ်မယ် ဆိုတာနဲ့ပတ်သက်လို့တော့ တိတိကျကျပြောကြားသွားခြင်း မရှိပါဘူး။ 
 NLD ပါတီဟာ ၂၀၀၈   ဖွဲ့စည်းပုံထဲမှာ ပါဝင်တဲ့ ထောင်ဒဏ်ကျခံနေရသူများဟာ နိုင်ငံရေးပါတီဝင်   မဖြစ်ရဆိုတဲ့ ကန့်သတ်ချက်ကြောင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်   ပါတီမှတ်ပုံတင်ရမယ် ဆိုတာကို ငြင်းဆန်ပြီး မှတ်ပုံမတင်ဘဲ ယ္ခုအထိ ရပ်တည်လာခဲ့တာပါ။ ဒါကြောင့် အဲ့ဒီအချိန်ကအစိုးရက NLD   အပါအ၀င် မှတ်ပုံတင်ခြင်းမရှိတဲ့ နိုင်ငံရေးပါတီ များကို   တရားဝင် နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့  မကြာသေးခင်ကပဲ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်  နှစ်ရပ်စလုံးကနေ  နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေ အပါအ၀င်  အချက်တချို့ကိုပြင်ဆင်ထားတဲ့  ဥပဒေမူကြမ်းကို အတည်ပြုလိုက်ပြီး  လွှတ်တော်တွေက အတည်ပြုခဲ့တဲ့  ဒီပြင်ဆင်ချက် ဥပဒေမူကြမ်းကို  သမ္မတဦးသိန်းစိန်ကနေ  လက်မှတ်ရေးထိုးပြီးရင်တော့ တရားဝင်ဥပဒေတစ်ရပ်အနေနဲ့   ထွက်ပေါ်လာမှာဖြစ်ပါတယ်။
No comments:
Post a Comment