ဒဂုန်တာရာ၏
ငြိမ်းချမ်းရေးပန်ကြားလွှာ(၄)
’’ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေပဲ
ရပ်ဆိုင်းထား မည်ဖြစ်ပါသည်’’ ဟု စက်တင်ဘာ ၃၀ ရက်က နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်က လွှတ်တော်ဥက္ကဌများထံ လိပ်မူ၍ပေးပို့သော သ၀ဏ်လွှာ၌
ဖော်ပြကြေညာခဲ့ရာ နွေဦးအလာတွင် တွန်ကျူးသော ဥသြတေးသံကဲ့သို့
ချိုမြသာယာပါသည်။
ယင်းသို့ ကြေညာခြင်းအတွက် သမ္မတဦးသိန်းစိန်အား
"ကျးဇူးကမ္ဘာ’’ပြောကြားလိုပါသည်။
သမ္မတကြီး၏ကြေညာချက်နှင့်အညီ ဤမြစ်ဆုံဆည်နှင့် အခြားအန္တရာယ်များသော
ဆည်များ၊ လုပ်ငန်းများကိုလည်း အပြီးအပြတ်ရပ်စဲနိုင်ပါစေဟု ဆုတောင်းပါသည်။
သမ္မတကြီး၏သ၀ဏ်လွှာတွင် ဥပဒေပြင်ပသို့ရောက်ရှိနေသည့်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ထာဝရငြိမ်းချမ်းရေးရရှိရန်
ဆက်သွယ်ကမ်းလှမ်းဖိတ်ခေါ်ဆောင်ရွက် နေသည်ဟုလည်း ဖော်ပြထားရာ၊
လွတ်လပ်ရေးသက်တမ်းနှင့်အတူ နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာမြင့်အောင်
ဒုက္ခပေးနေသည့် ပြည်တွင်းစစ်မီးတောက်များကို ပြည်သူအကျိုးနှင့်အညီ အပြီး
ငြိမ်းသတ်နိုင်ပါစေဟု ဆန္ဒပြုရပါသည်။ သူမနာ- ကိုယ်မနာ- ပြည်သူမနာ
ငြိမ်းချမ်းရေးဖူးပွင့်လာပါစေ။
အလားတူပင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနှင့် ပြည်သူ့အတွက်
စီးပွား၊ လူမှု၊ ပညာ၊ ကျန်းမာ တည်ဆောက်ရေးတို့ကိုလည်း
ဆောင်ရွက်အောင်မြင်ပါစေဟု ဆန္ဒပြုရပါသည်။
နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် မိုင်တစ်သောင်းခရီးရှည်ကြီးတွင်
လှပသောပထမ ဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီဟု ၀မ်းမြောက်ရပါ၏။
ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသော
တိုင်းရင်းသားများအပါအ၀င် မြန်မာပြည်သူတို့နှင့် ကောင်းအတူ ဆိုးအတူ၊
အေးအတူ ပူအမျှ၊ ဒိုးတူပေါင်းဖက်၊ ခိုင်ခိုင်မြဲမြဲ လက်တွဲ ချီတက်ပါက
မဖြေရှင်းနိုင်စရာ ဘာမျှမရှိပါ။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မင်္ဂလာသြဘာကဗျာကို လက်ဆောင်ပေးလိုက်ပါ၏။
ရေဇလာ ယမုန်ပြာလဲ့လဲ့ ချောင်းတွင်မှ
ရွှေကြာပဒုံ အညှာ တနွဲ့နွဲ့ ပြောင်းချိန်ပေါ့
‘’ဇေယာဘုံ’’ သာတဲ့ကျောင်းဆီက
ကောင်းအတိတ်နှင့်
ကြောင်းနိမိတ်ထွေရာ စောလိုက်တော့
(အို….မယ်စန္ဒာရဲ့)ဒေါင်းပရိတ်တော်ကြောင့်
ကောင်းဟိတ် ဇေယျာသော။
(အင်္ဂလန်သွား ဒယ်ဒီဂိတ်ဘွဲ့ကဗျာ မဟာလေးချိုးကြီး၊ ၁၉၁၉)
ဒဂုန်တာရာ
သာမိုင်းခမ်း၊ အောင်ပန်းမြို့။ရှမ်းရဌ (၃-၁၀-၂၀၁၁)
No comments:
Post a Comment