“လူဆိုတာ ရောက်တဲ့နေရာ အရေးမကြီးဘူး၊ ကျင့်တဲ့ တရားပဲ အရေးကြီးတယ်” ဟူ၍  ကျိုင်းတုံထောင်တွင်း ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသည့် ၈၈  ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က မွေးနေ့ အမှာစကား အဖြစ်  ပြောဆိုလိုက်သည်။
အင်္ဂါနေ့တွင် ကျရောက်သည့် အသက် ၄၉ နှစ်ပြည့်  မွေးနေ့ အထိမ်းအမှတ်အဖြစ် အင်းစိန်မြို့နယ် သမိုင်း မြို့မ ပရိယတ္တိ  စာသင်တိုက်တွင် ကျင်းပခဲ့ရာ ယင်းကဲ့သို့  ထောင်တွင်းမှ အမှာစကားပေး ပို့  ပြော ဆိုခဲ့ခြင်း ဖြစ်သည်။ 
“သူက အမှတ်တရနေနဲ့  ရေးပေးလိုက်တာပေါ့နော်။ ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာက  အရေးမကြီးဘူးပေါ့နော်။ ကိုယ့်ရဲ့ကျင့်ကြံမှု၊ ကိုယ့်ရဲ့ နေထိုင်မှု ဒါကို  ရည်ညွန်းချင်တယ်လို့ ကျမ ထင်တာပေါ့နော်” ဟု ညီမဖြစ်သူ မမီမီလွင်က မဇ္ဈိမကို  ပြောသည်။ 

အကျဉ်းကျနေသည့်  မွေးနေ့ရှင် ကိုယ်စား ကိုမင်းကိုနိုင်၏ မိသားစုဝင်များက မွေးနေ့ ဆုတောင်း  ရွတ်ဆိုနေသည်ကို သမိုင်းမြို့မကျောင်းတွင် တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
ကိုမင်းကိုနိုင်မှာ  ၂ဝဝ၇ ခုနှစ် လောင်စာဆီဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုဖြင့်  ယင်းနှစ် သြဂုတ်လ ၂၁ ရက်နေ့က ဖမ်းဆီးခံရကာ ထောင်ကျခံနေရခြင်း ဖြစ်ပြီး  မကြာသေးခင်က သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့်တွင်လည်း လစ်လျူရှု  ခံထားရသူတဦး ဖြစ်သည်။ 
နံနက် ၈ နာရီမှစတင်ခဲ့သည့်  မွေးနေ့ပွဲသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား  ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင် အပါအဝင် မကြာမီက  ပြန်လည် လွတ်မြောက်လာသည့် လူရွှင်တော် ဇာဂနာနှင့် အလုပ်သမား အခွင့်အရေး  လှုပ်ရှားသူ မစုစုနွေးတို့လည်း တက်ရောက်ခဲ့သည်။  ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်  သံရုံးမှ သံအမတ်များလည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသား ခေါင်းဆောင်များ၊  ရွေးကောက်ပွဲဝင် ပါတီများ၊ မျိုးဆက်သစ်လူငယ်များ စုစုပေါင်း  လူဦးရေ ၂၀၀၀  ခန့် တက်ရောက်ခဲ့သည်။ 
“အမြဲတမ်း ဒီလိုမျိုး မွေးနေ့ရှင်  မပါဘဲနဲ့ ကျင်းပနေရတဲ့ မွေးနေ့ပေါင်းများစွာ အတွက်တော့ ကျမတို့စိတ်ထဲမှာ  ခံစားမှု ကတော့ ပြောမပြတတ်အောင် ဖြစ်နေရတာပေါ့ရှင်။ လာမယ့်နှစ်မှာတော့  သူနဲ့အတူတူ ကျင်းပချင်တာပေါ့နော်။ ဒါပေမဲ့ နှစ်တိုင်း နှစ်တိုင်းတော့  မျှော်ကြတာပေါ့။ မရှိတော့လဲ မရှိသလို ကျင်းပနေရတာပါပဲရှင်” ဟု မမီမီလွင်က  ဆိုသည်။
“ကိုယ်တကိုယ်တည်း အတွက် လုပ်တဲ့ပွဲ မဖြစ်စေချင်ဘူး၊  အားလုံးအတွက် အမှတ်တရ ဖြစ်စေချင်တယ်” ဟုလည်း ကိုမင်းကိုနိုင်က  မွေးနေ့စကားလက်ဆောင် ပါးလိုက်သေးကြောင်း သိရသည်။ 
ကိုမင်းကိုနိုင်မှာ  ၁၉၈၈ လူထု အရေးတော်ပုံတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ - ဗကသ  ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရကာ ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် ၁၉၈၉ ခုနှစ်  မတ်လအတွင်း ဖမ်းဆီးခံရကာ ၂၀၀၄ ခုနှစ်တွင်ပြန် လည် လွတ်မြောက် လာခဲ့သည်။ 
ယင်းနောက်  ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ထပ်မံ ထိန်းသိမ်းခံရကာ ၂ဝဝ၇ ခုနှစ်  ဇန်နဝါရီ တွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီး လောင်စာဆီဈေးနှုန်း  ကျဆင်းရေးလှုပ်ရှားမှုကြောင့် ထပ်မံ အဖမ်းခံ ခဲ့ရခြင်း ဖြစ်သည်။ 
အကျဉ်းကျခံ  ကျောင်းသားခေါင်းဆောင်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် မိုးပျံပူပေါင်းနှင့်  ချိုးငှက်များလွှတ်ကာ အကျဉ်းသားအားလုံး လွတ်မြောက်လာရေးအတွက်  ဆုတောင်းခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ စွယ်စုံအနုပညာရှင်  ကိုဇာဂနာနှင့် ၈၈ မျိုးဆက်ကျောင်းသူ မဖြိုးဖြိုးအောင်တို့က အမှတ်တရ  စကားများ ပြောကြား ခဲ့သည်။ 
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး  အကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒပြုကြောင်းနှင့် “အဂတိ လေးပါးကနေ  ကင်းလွတ်ပြီးတော့မှ လုပ်ဆောင်ကြမယ်ဆိုရင် အကောင်းဆုံးဖြစ် မယ်”ဟု  ပြော ဆိုခဲ့ကြောင်း မွေးနေ့ပွဲ ဖြစ်မြောက်ရေး တာဝန်ခံ ၈၈ မျိုးဆက်ကျောင်းသား  ကိုမြတ်သူက ပြောသည်။ 
ယင်းအပြင် ယုံကြည်ချက်ကြောင့်  အကျဉ်းကျခံနေရသူများ၏ မိသားစုများက မကြာခင်က လွတ်မြောက်လာပြီး မွေးနေ့ပွဲ  တက်ရောက်လာသူ နိုင်ငံရေးအကျဉ်းသား ၁ဝဝ ကျော်ကိုလည်း တယောက်လျှင် ၅,ဝဝဝ  နှုန်း ဖြင့် ကူညီပေးခဲ့သည်။ ပွဲတွင် မွေးနေ့ဂုဏ်ပြု  တေးသီချင်းသီဆိုခြင်းနှင့် ကဗျာရွတ်ပြိုင်ပွဲများလည်း ထည့်သွင်း  ကျင်းပခဲ့သည်။ 
“အကျဉ်းထောင်တွေကို စာကြည့်တိုက် သဘောမျိုး  လုပ်ဖို့ အတွက်ပေါ့နော်။ စာအုပ်တိုက် ၄၂ တိုက်ကနေပြီးတော့မှ လှူဒါန်းထားတဲ့  စာအုပ်တွေကို ထောင် ၄၂ ထောင်ကို ခွဲပြီးတော့မှ လှူဒါန်းပေးတဲ့ အစီအစဉ်လဲ  ပါတယ်” ဟု ကိုမြတ်သူက ပြောသည်။ ယင်းစာအုပ်များမှာ တန်ဖိုးအားဖြင့် ၂၇  သိန်းကျော်ဖိုး ရှိသည်။ 
မွေးနေ့ပွဲတွင် ကိုမင်းကိုနိုင်  ပုံတူ ပန်းချီကား ၂၀ ကျော်ကိုလည်း ပြသခဲ့ပြီး ပွဲပြီးချိန်တွင်  ပွဲတက်ရောက် သူများ ယူဆောင်သွားမှုကြောင့် သုံးချပ်သာ ပြန်ရလိုက်သည်ဟု  သိရသည်။ 
“အပြန်မှာ အဲဒီပန်ချီကား သုံးချပ်ပဲ ပြန်ရတော့တယ်။  ယူသွားကြတဲ့သူတွေက ကိုမင်းကိုနိုင်ကို ချစ်လို့ပါ ဆိုပြီးတော့  တောင်းယူသွားကြတာ။ ကျနော့်ကိုတော့ မဟုတ်ဘူး။ နီးစပ်ရာ  တောင်းယူသွားကြတာပေါ့။ ကျနော် အတော်နှမြော တယ်ဗျာ” ဟု ပန်းချီဆွဲထားသူ  ကိုမျိုးရန်နောင်သိန်းက ပြန်ပြောပြသည်။ 
၂ဝဝ၇ ခုနှစ်တွင်  ပြန်လည် ဖွဲ့စည်းခဲ့သည့် ဗကသများ အဖွဲ့ချုပ်မှလည်း မွေးနေ့ပွဲသို့   မွေးနေ့သဝဏ် လွှာ ပေးပို့ခဲ့ကာ “ယနေ့အချိန်ထိ ရှင်သန်လှုပ်ရှားနေသော ဗကသများ  အဖွဲ့ချုပ်၏ သမိုင်းတခေ တ်ကို ပြန် လည် ဖွင့်လှစ်ပေးခဲ့သည့်  ကိုမင်းကိုနိုင်အား မိမိတို့ ကျောင်း သူ၊ ကျောင်းသားများက လေးလေးနက်နက်  ဂုဏ်ပြု ဦးညွတ်ပါသည်” ဟု သဝဏ်လွှာတွင် ပါရှိသည်။ 
အလားတူ  မွေးနေ့ အထိမ်းအမှတ်ပွဲများကို ရန်ကုန်တွင် သာမက ကချင်နှင့် ကရင်ပြည်နယ်၊  စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်း ချောက်နှင့် ရေနံချောင်းမြို့နယ်  တို့တွင်လည်း NLD ကွန်ယက် အဖွဲ့ဝင်များက ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။  
“ကျနော်တို့  ကြားတဲ့ သတင်းအရ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှုက  သုံးကြိမ် ရှိမယ်ပေါ့။ ပထမဦးဆုံး အကြိမ် လွတ်မြောက်မှုမှာ ကိုမင်းကိုနိုင်  ပါမလာဘူး၊ ကိုဇာဂနာတို့ ပါလာတယ်။ ကိုမင်းကိုနိုင် တို့ကိုတော့  နောက်ဆုံးအကြိမ်မှာ ပါလာမယ်လို့ ကျနော်ကြားထားတာ ရှိတယ်။ ဆိုတော့  လွတ်စေချင်တာပေါ့ဗျာ” ဟု ၈၈ မျိုးဆက် ကျောင်းသားတဦး ဖြစ်သူ  ကိုမျိုးရန်နောင်သိန်းက ဆိုသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီရောက်  ဒီမိုကရေစီ အင်အားစုများ ကလည်း ကိုမင်းကိုနိုင် မွေးနေ့ အထိမ်းအမှတ်အဖြစ်  အောက်တိုဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ  အမျိုးသမီးရေးရာနှင့် အခွင့်အရေးများ ဆိုင်ရာအဖွဲ့ (WRWAB) ရုံး၌   ပြုလုပ်ရာတွင် သံဃာတော်များအား ဆွမ်းကပ်ခြင်းနှင့် နိုင်ငံရေး အကျဉ်းသား  အားလုံး လွတ်မြောက်ရေး အတွက် ဘာသာစုံ ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။
No comments:
Post a Comment