Showing posts with label သတင်းရင်း(မဇ္စိုမ). Show all posts
Showing posts with label သတင်းရင်း(မဇ္စိုမ). Show all posts

Friday, February 1, 2013

စီး-ကူး အငှါးယာဉ်များ ပေါက်ဈေး၏ ၆၀ ရာခိုင်နှုန်းဖြင့် အရစ်ကျပေး ရောင်းချမည်။

Monday, January 28, 2013

အငှါးယာဉ်မောင်းဘဝမှ ယာဉ်ပိုင်ရှင်ဘဝသို့ ရောက်ရှိစေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် အငှါးယာဉ်များအား ပေါက်ဈေး၏ ၆၀ ရာခိုင်နှုန်းအား အရစ်ကျ စနစ်ဖြင့် ရောင်းချပေးရန်
ရှိကြောင်း ဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦးက ဆိုသည်။

“စီး-ကူး ဌာန- အငှါးယာဉ်လုပ်ငန်းမှ အငှါးယာဉ်မောင်းတွေကို သူတို့ လက်ရှိမောင်းနေတဲ့ ယာဉ်တွေကို လက်ရှိပေါက်ဈေးရဲ့ ၆၀ ရာခိုင်နှုန်းကို အရစ်ကျစနစ်နဲ့ ပေးသွင်းဖို့ စီစဉ်နေပါတယ်။ အတည်ဖြစ်ရင် ချက်ချင်းထုတ်ပြန်မှာပါ” ဟု ပြောသည်။

ယခင်က ဌာနနှင့် ယာဉ်မောင်းကိုယ်စားလှယ်များ ညှိနှိုင်းထားသည်မှာ လက်ရှိပေါက်ဈေး၏ ၆၀ ရာခိုင်နှုန်းကို ယာဉ်မောင်းများက တခါတည်း ပေးချေရန် ညှိနှိုင်းခဲ့သည်ဟု ဆိုသည်။

“အခုကျတော့ ယာဉ်မောင်းတွေ အဆင်ပြေသက်သာစေရန်အတွက် သင့်တော်တဲ့ ဈေးနှုန်းနဲ့ ပေးချေနိုင်အောင် ဆောင်ရွက်ပေးတာပါ” ဟု  ၎င်းက ဆက်ပြောသည်။

"ဝ"တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား။

ဇန်နဝါရီလ ၂၉ ရက် ၂၀၁၃ ခုနှစ်။

 ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်းပြန်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့် က ပြော သည်။

ဇန်နဝါရီလ ၂၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းရှိ UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် နှစ်ဖက် တွေ့ဆုံမှုကို UWSA က ကြားဝင် ကူညီပေးမည့် အဆိုပြုချက်အပေါ် လက်ခံကြောင်း KIO ဘက်မှ စာပြန်လာခြင်း ဖြစ်သည်။

“KIO တို့ဘက်ကနေ ပြန်ဆက်သွယ်လာပါတယ်။ ပန်ဆန်းမှာ လာတွေ့ဖို့ သူတို့ သဘောတူပါတယ် ဆိုပြီးတော့ ဒီနေ့နေ့လည်လောက်က သတင်းပို့လာတယ်။ အစိုးရဘက်က ဒီမှာဆွေးနွေးဖို့ လက်ခံတယ်ဆိုတာ ကျနော်တို့ဆီ ပို့လိုက်ပါ ပြီ။ ဆိုတော့ အစိုးရဘက်ကိုလည်း အခုပဲ သတင်းပို့နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီဘက်မှလည်း KIO မှ လက်ခံပါက ၎င်းတို့လည်း လက်ခံနိုင်ကြောင်း သဘောထား ပေးပို့ထားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း အနေနှင့် KIO ဘက်မှ လက်ခံပါက တွေ့ဆုံရန်ရှိကြောင်းလည်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္ဈိမကို အင်္ဂါနေ့ နေ့လည်ပိုင်းက ဖြေကြား ထားပြီးဖြစ်သည်။

မြန်နိုင်ငံ ငြိမ်းချမ်းရေးဘက် ဦးတည်နေသော်လည်း KIO နှင့် အစိုးရအကြား တိုက်ပွဲများ မရပ်စဲဘဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသဖြင့် ယခုကဲ့သို့ ကြားဝင်ကူညီခွင့်ရသဖြင့် တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ဦးအောင်မြင့်က ပြောသည်။

“နှစ်ဖက်စလုံးက ယုံကြည်မှု နည်းနေတယ်၊ စစ်ကြောင့် ဒုက္ခသည်တွေလည်း သောင်းနဲ့ ချီရှိနေပြီ။ အခြေအနေက မကောင်းဘူး။ ဒါကြောင့် နှစ်ဖက် တွေ့ဆုံနိုင်အောင်၊ အခုအချိန်မှာ ကချင်ကို အစိုးရက လာပါဆိုရင်လည်း ဘယ်သွားမလဲ။ ဒါကြောင့် ကျနော်တို့qီမှာ ဖြစ်နိုင်မလား။ ဖြစ်နိုင်ရင် ပန်ဆန်းမှာလာပြီး တွေ့ဆုံပါ။ ကျနော်တို့ ကူညီပံ့ပိုးပေးပါ့မယ်ဆိုတဲ့ ဆန္ဒမျိုးပါ” ဟု ၁၉၈၉ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲထားသည့် UWSA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့် က မဇ္စျိမကို ပြောသည်။

မည်သည့်နေ့ တွေ့ဆုံမည်ကို ညှိနှိုင်းနေဆဲ ဖြစ်ပြီး ထိုသို့တွေ့ဆုံနိုင်ရေး အတွက် KIO သို့ မဇ္ဈိမက ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် ပြတ်တောက်နေသည်။

Tuesday, January 17, 2012

မြန်မာ့ ရေ ဖြန့်ဝေထိန်းချုပ်မှု ဈေးကွက် ထိုင်းကုမ္ပဏီ ဝင်ရောက်ရန် စီစဉ် ။

ထိုင်း အင်ဂျင်နီးယားရင်း ကုမ္ပဏီ တခုဖြစ်သည့် Hydrotek က မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အားနည်းကာ ကြီးထွားလာနိုင်ချေ ရှိသည့် ရေထိန်းချုပ် စီမံမှုနှင့် ပတ်သက်သည့် စီးပွါးရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် စီစဉ်ထားကြောင်း ပြောခဲ့သည်။

အမှုဆောင် အရာရှိချုပ် ဖြစ်သူ Slib Soongswang က ဘန်ကောက် အခြေစိုက် The Nation သတင်းစာသို့
ပြောကြားရာတွင် ကုမ္ပဏီအနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ က ထိုင်းနိုင်ငံ အခြေအနေနှင့် ဆင်တူနေသည့်မြန်မာနိုင်ငံနှင့် လာအို နိုင်ငံများအား အထူးအာရုံစိုက်ကာ ဝင်ရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။

မြန်မာနိုင်ငံရှိ စက်ရုံ အများတွင် သင့်လျော်သည့် ရေဆိုးထုတ်စနစ် မရှိဘဲဖြစ်နေပြီး စက်မှုကဏ္ဍ ကြီးထွားလာသည့်နိုင်ငံတခု အနေဖြင့် ယေဘုယျအားဖြင့် ပိုက်လိုင်းမှ ရေပေးဝေမှု စနစ်တွင် အားနည်းလျက်ရှိကြောင်း Slib က ဆိုခဲ့သည်။

Slib က The Nation သတင်းစာသို့ ပြောကြားရာတွင် ရေညစ်များ စွန့်ပစ်မှုနှင့် ပတ်သတ်၍ စက်ရုံများအပေါ် ကန့်သတ်သည့် ဥပဒေ တရပ်ကို လအနည်းငယ်အတွင်း ပြဋ္ဌာန်းရန် မြန်မာအစိုးရ အနေဖြင့် စီစဉ်လျက်ရှိကြောင်း ဆိုခဲ့သည်။

လွန်ခဲ့သည့် အပတ်က မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ အကြီးအကဲနှင့် တွေ့ဆုံခဲ့ကြောင်း Slib က ဆိုသည်။

မြန်မာနိုင်ငံအတွင်း ရေပေးဝေမှုသည် ထုထည် ၅၁၁,၀၀၀ ကုဗမီတာ ပမာဏ ရှိပြီး သန်းခြောက်ဆယ် လူဦးရေ၏ခြောက်ဆယ် ရာခိုင်နှုန်းခန့်ကို ပေးဝေနေကြောင်း သူကဆိုသည်။ ရေဆိုးစနစ်နှင့် ပတ်သတ်၍ တနေ့လျှင် ၁၂,၃၆၀ ကုဗမီတာ လုပ်ဆောင်နေကြောင်းနှင့် မြန်မာနိုင်ငံတွင်း စက်ရုံများ၏ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်း သည် ရေဆိုးရေညစ်ထုတ် စနစ် တပ်ဆင်ထားခြင်း မရှိကြောင်းလည်း သိရသည်။

Hydrotek ကုမ္ပဏီသည် ရေပေးဝေမှု စနစ်နှင့် ရေဆိုးရေညစ်ထုတ် စနစ်တို့နှင့် ပတ်သတ်သည့် ဈေးကွက် အခြေအနေများကို သုတသေန ပြုလုပ်ရန် မြန်မာပညာရှင်များကိုလည်း ငှားရမ်းထားကြောင်း သိရသည်။ ကုမ္ပဏီအနေဖြင့် မကြာသေးခင်က ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံး တရုံး ဖွင့်လှစ်ထားကြောင်းလည်း သိရသည်။

ထိုင်း ရေထိန်းချုပ်မှု ဈေးကွက်အနေဖြင့် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် ပိုမိုကြီးထွားလာစေရန် ခန့်မှန်းထားပြီး
လောလောဆယ် ဈေးကွက် တန်ဖိုးမှာ ထိုင်းဘတ် ၅ ဘီလီယံ ခန့် ရှိကြောင်း ကုမ္ပဏီက ဆိုသည်။

သောက်သုံးရေ ဖြန့်ဝေမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကဆွေးနွေးခဲ့ကြကြောင်း မဇ္ဈိမ သတင်းဌာနတွင် ဖော်ပြခဲ့သည်။ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဦးကျော်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆင်ခြေဖုံး ဒေသများသို့ ပေးဝေဖြန့်ဖြူးနေသည့် သောက်သုံးရေ ပမာဏသည် လုံလောက်မှု မရှိကြောင်းနှင့် ပိုမို ဖြန့်ဝေပေးရန် မြို့တော်စည်ပင်သာယာရေး ကော်မတီအား တိုက်တွန်းခဲ့သည်။

“ကျနော်တို့ မြို့နယ်က လူအများစုဟာ ဆင်းရဲကြပါတယ်။ ရေရရှိဖို့ သူတို့တွေဟာ ညဥ့်နက်သည်အထိ မအိပ်ဘဲစောင့်နေရလေ့ ရှိပါတယ်။ ရေမလုံလောက်မှုကြောင့် ကျန်းမာရေး ပြဿနာတွေလည်း ရှိနေပါတယ်” ဟု ဦးကျော် က တိုင်းလွှတ်တော်တွင် ပြောကြားခဲ့သည်။

ဦးကျော်၏ အဆိုပြုချက်နှင့် ပတ်သတ်၍ ရန်ကုန်မြို့တော်ဝန်က ပြောကြားရာတွင် ရန်ကုန်တွင် နေ့စဉ် ရေ ဂါလံပေါင်း ၁၆၀ သန်းကို ပေးဝေနေလျက် ရှိပြီး ပိုမိုဖြန့်ဝေပေးရန် အတွက်လည်း အစီအစဉ်များ ရှိသည်ဟု ဆိုခဲ့သည်။

“အမတ်တွေအားလုံး အာရုံစိုက်ပြီး နားထောင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဆိုပြုချက်ကို မဲခွဲဆုံးဖြတ်တဲ့ အခါမှာတော့ အမတ် ၂၄ ယောက်တည်းကပဲ ထောက်ခံခဲ့ကြပါတယ်။ စစ်ဘက်လွှတ်တော် ကိုယ်စားလှယ်များနဲ့ ကြံ့ဖွံ့ ကိုယ်စားလှယ်များက ဆန့်ကျင်ခဲ့ကြပါတယ်” ဟု သတင်းထောက် တဦးက မဇ္ဈိမသို့ ပြောခဲ့သည်။

ရန်ကုန် မြို့တော်ဝန် လှမြင့်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် မြို့နယ် ၃၃မြို့နယ် အတွက် ချိုးဖြူ၊ လှော်ကား၊ ဖူးကြီးနှင့် ငမိုးရိပ် ရေလှောင်ကန်များမှ ဖြန့်ဝေပေးလျက် ရှိနေကြောင်းနှင့် မြေအောက်ရေများကိုလည်း စက်ရေတွင်းများမှ တဆင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း ဆိုခဲ့သည်။

Thursday, December 15, 2011

ဒေါက်တာမြတ်ဉာဏစိုး NLD နှင့်ပေါင်းရန် NDF မှ နုတ်ထွက် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခွဲထွက်များဖြင့် တည်ထောင်ထားသည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF မှ အထက်လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ လက်ရှိပါတီမှ နုတ်ထွက်၍ NLD နှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နုတ်ထွက်ရခြင်းမှာ ပါတီတွင်း ပြဿနာရှိ၍ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွန်မှုအတိုင်းဆောင်ရွက်လိုခြင်းကြောင့်ဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပါတီသို့ နုတ်ထွက်စာ တင်ခဲ့ကာ ကြာသပတေးနေ့တွင် မိခင်ပါတီက နုတ်ထွက်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။

“အန်တီစုဟာ အမျိုးသားခေါင်းဆောင် ဖြစ်နေပါတယ်။ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာရော၊ အန်တီစုရဲ့ လျှောက်လှမ်း မှုတွေ၊ ဦးဆောင်မှုစွမ်းရည်တွေကြောင့် ဒီမိုကရေစီကို လိုလားတဲ့သူတွေက ဝန်းရံရမယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် အန်တီစုရဲ့ လမ်းညွန်မှုကို ခံယူပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလို ဆုံးဖြတ်ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။” ဟု NDF ပါတီ ရန်ကုန်တိုင်း ဗဟိုဦးစီးအဖွဲ့ အတွင်းရေးမှူးလည်းဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက မဇ္ဈိမကို ပြောသည်။

Myat-Nyar-Na-Soe
NDF မှ အထက်လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ လက်ရှိပါတီမှ နုတ်ထွက်၍ NLD နှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရ (ဓါတ်ပုံ မဇ္ဈိမ)

ဒေါက်တာမြတ်ဉာဏစိုးမှာ ၂၀၁၀ ရွေးကောက်ပွဲ၌ NDF ပါတီကိုယ်စားပြုအဖြစ် ရန်ကုန်တိုင်း မဲဆန္ဒနယ် ၄ တွင် ဝင်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ရပြီး လက်ရှိတွင် အထက်လွှတ်တော်၏ ဥပဒေကြမ်း ကော်မ တီဝင် လည်း ဖြစ်သည်။

NLD ပါတီမှ ပါတီဝင်ခွင့် လျှောက်လွှာ စတင်ထုတ်ပေးပါက ပါတီဝင်အဖြစ် လျှောက်ထားသွားမည်ဖြစ်ကာ သာမန် ပါတီဝင်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဒေါက်တာမြတ်ဉာဏစိုးက ဒီမိုကရက်တစ်အင်အားစု တခုတည်းသာ ရှိသင့်သည်ဟုလည်း ရှုမြင်သည်။

“NLD ကမှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မဝင်ဘူး NLD ဆိုတဲ့ သင်္ဘောကြီးကတော့ မြုပ်နေပြီ။ NDF ဆိုတဲ့ အသက် ကယ်လှေလေးက ထွက်လာတယ်။ အခုအချိန်မှာတော့ NLD ဟာ အန်တီစုရဲ့ ဦးဆောင်မှုနဲ့ ခုတ်မောင်း နေပါပြီ ဒီ့အတွက်ကြောင့် ကျနော်တို့ဟာ အသက်ကယ် လှေလေးကနေပြီးတော့ သင်္ဘောကြီးပေါ် ပြန်တက်တာ။” ဟုဒေါက်တာမြတ်ဉာဏစိုးက ဆိုသည်။

အလားတူ အမျိုးသားဒီမိုကရေစီပါတီသစ် - NNLD ဒုဥက္ကဋ္ဌဖြစ်သူ လသာမြို့နယ် လွှတ်တော်အမတ် ဦးကြည်မြင့်မှာလည်း ယခုလ ခြောက်ရက်နေ့က ပါတီမှ နုတ်ထွက်ခဲ့ပြီး မိခင်ပါတီဟောင်းဖြစ်သည့် NLD နှင့် ပြန်လည် ပူးပေါင်း သွားမည်ဟု သိရသည်။

ဦးကြည်မြင့်မှာ ၁၉၉ဝ ရွေးကောက်ပွဲ၌ NLD ကိုယ်စားပြု၍ လသာမဲဆန္ဒနယ်တွင် အနိုင်ရခဲ့သူဖြစ်ပြီး၊ ၂ဝ၁ဝရွေးကောက်ပွဲတွင် NLD မှတ်ပုံမတင်သည့်အတွက် NDF ပါတီအဖြစ် ခွဲထွက်ကာ လသာမြို့နယ်၌ ဝင်ရောက် ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သူ ဖြစ်သည်။ ယင်းနောက် NDF ပါတီတွင်း ပြဿနာများကြောင့် NNLD ပါတီသို့ ခွဲထွက်ခဲ့သူ ဖြစ်သည်။

“ကျနော်က ခြွင်းချက်မရှိ အကြွင်းမဲ့ NLD ကို ပြန်သွားချင်ပါတယ်။ အဲဒီသဘောနဲ့ မိခင် NLD ကို ပြန်လာတာပါ။ အမဒေါ်အောင်ဆန်းစုကြည်က အစ အသစ်ပြန်ဝင်ကြမှာဆိုတော့ အဲဒီအချိန်ကျရင် လသာမြို့နယ်မှာ ကျနော် ပြန်ဝင်ရုံပဲ ရှိပါတယ်။” ဟု ဦးကြည်မြင့်က မဇ္ဈိမကို ပြောသည်။

တရားဝင် မှတ်ပုံတင်ခွင့်ရပြီဖြစ်သည့် NLD မှာ လာမည့်အပတ်အတွင်း ပြည်ထောင်စု ကော်မရှင်သို့ သွားရောက်လျှောက်ထားမည်ဖြစ်ပြီး မှတ်ပုံတင်ရပြီဆိုပါက ပါတီဝင်ဟောင်းများအပြင် ပါတီဝင်လိုသူ မည်သူမဆို ပါတီဝင် အဖြစ် ပြန်လည်လျှောက်ထားရမည် ဖြစ်သည်။

လျှောက်ထားသူများကိုလည်း စိစစ်လက်ခံသွားမည်ဖြစ်ကာ ပါတီဝင် ၁ဝ သိန်း လက်ခံမည်ဟု ပါတီပြောခွင့် ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

NDF ပါတီ၏ မူဝါဒရေးရာကော်မတီခေါင်းဆောင် ဦးခင်မောင်ဆွေက မိမိတို့အနေဖြင့် NLD ပါတီမှတ်ပုံတင် ခြင်းကို ကြိုဆိုကြောင်းနှင့် ပူးပေါင်းလိုပါက ငြင်းဆန်ရန်မရှိကြောင်း မဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းခန်းတခု၌ ဖြေကြားခဲ့ဖူးသည်။

အမျိုးသားဒီမိုကရေစီပါတီသစ် NNLD အနေဖြင့် NLD နှင့် ပြန်လည်ပူးပေါင်းရေးမှာ NLD ခေါင်းဆောင် များပေါ်တွင်သာ မူတည်နေပြီး လွှတ်တော်တွင်း၊ ပြင် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပူးပေါင်း ဆောင်ရွက် လို သည့် ဆန္ဒရှိကြောင်း သိရသည်။

“လောလောဆယ်မှာတော့ အဖွဲ့ချုပ်နဲ့ ပြန်လည်ပေါင်းစည်းရေးဟာ မဖြစ်နိုင်သေးဘူးလို့ မြင်ပါတယ်။ ဒါပေမဲ့ ရေရှည် မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် လွှတ်တော်တွင်းမှာ ဖြစ်စေ၊ လွှတ်တော်ပြင်ပမှာဖြစ်စေ တူညီသော လုပ်ငန်းများတွင် ဒီမိုကရေစီအင်အားစုအချင်းအချင်း ပူးပေါင်းညှိနှိုင်းသွားဖို့ရှိပါတယ်” ဟု NNLD ပါတီခေါင်းဆောင် ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်မှာ ယခင်က NLD ခေါင်းဆောင်ဟောင်းတဦးဖြစ်ပြီး ၂ဝ၁ဝ တွင် NDF ပါတီကို ခွဲထွက်တည်ထောင်ခဲ့သည်။ ယင်းနောက် NNLD ပါတီကို ထပ်မံတည်ထောင်ခဲ့သူ ဖြစ်သည်။

Wednesday, November 30, 2011

ကလင်တန်ရဲ့ နေ့လည်စာ။

နေပြည်တော်သို့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ရောက်ရှိလာသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီက လင်တန်၏ ခရီးစဉ်၏  ဒုတိယမြောက်နေ့ သမ္မတအိမ်တော်တွင် တည်ခင်း ဧည့်ခံမည့် နေ့လည်စာ အစားအ သောက်များကို ဖေါ်ပြလိုက်သည်။

တရုတ်အစားအစာ အများစုဖြစ်သော “ဂဏန်းကြွပ်ကြော်၊ ကြက်တောင်ပံ အစာသွပ်ကြော်၊ ငါးရှဥ့်ကြော်၊ ပြောင်းဖူး ဟင်းချို၊ ထိုင်ဝမ် မုန့်ညှင်းခရုဆီ၊ ကျောက်ငါးပေါင်းနှင့် ပဲငံပြာရည်၊ ပင်လယ်ခရုနှင့် ခရုဆီ၊ ဂျပန်တို့ဟူး ကညွတ်နှင့် မဟူရာမှိုနက်၊ ပင်လယ်စာနှင့် ခေါက်ဆွဲကြော်၊ ကြက်ဥ ပဲသီးထမင်းကြော်၊ ရာသီပေါ်သီးစုံ၊ လက်ဖက်ရည်နှင့်ကော်ဖီ” တို့ ဖြစ်သည်။

အထူးလေယာဉ်ဖြင့် ရောက်လာသော ဝန်ကြီးကလင်တန်အတွက် အစားအသောက်များကို ဧဒင်စီးပွားရေး အုပ်စု ပိုင်ရှင် ဦးချစ်ခိုင် ပိုင်ဆိုင်သော သင်္ဂဟ ဟိုတယ်မှ ချက်ပြုတ်ခြင်းဖြစ်ပြီး သမ္မတအိမ်တော်တွင် တည်ခင်း ဧည့်ခံမှာ ဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောသည်။ သင်္ဂဟ ဟိုတည်သည် နေပြည်တော် ဟိုတည်ဇုန်အတွင်း တည်ရှိ သည်။

အဆိုပါ အစားအသာက်များကို စီစဉ်ရန်အတွက် သင်္ဂဟ ဟိုတယ် စားသောက်စီမံရာဌာနသို့ နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA ကကြိုတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

United States of America စာတန်းကပ်ထားသော အထူးလေယာဉ်ဖြင့် လိုက်ပါလာသည့် မစ္စကလင်တန်နှင့် အတူ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲလ်နှင့် မိုက်ကယ်ပေါ့စနာတို့လည်း လိုက်ပါလာရာ မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမျိုးမြင့်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။

မစ္စကလင်တန်သည် ကြာသပတေးနေ့မှာ  မြန်မာသမတဦးသိန်းစိန်နှင့် တွေ့ဆုံမှာဖြစ်သလို အထက် အောက် လွှတ်တော်များက ဥက္ကဋ္ဌများဖြစ်သော ဦးသူရရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့နှင့် တွေ့ဆုံမှာဖြစ်သည်။

Friday, November 25, 2011

အထက်လွှတ်တော်အမတ်ဦးခင်ရွေ၏ ပြောကြားမှု့ကို ကန့်ကွက်ကြောင်း လွှတ်တော်ကို စာပို့ ။

အမျိုးသား လွှတ်တော်အမတ် ဦးခင်ရွှေ၏ မီဒီယာများအပေါ်ပြောကြားမှုကို ကန့်ကွက်ကြောင်း သတင်းစာဆရာ ၂၀၀ ကျော်က စုပေါင်း လက်မှတ်ရေးထိုး၍ ပြည်ထောင်စု လွှတ်တော်နာယကထံ   ပေးပို့လိုက်ကြသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌  ပြည်တွင်းမီဒီယာများ၏ ရေးသားဖေါ်ပြချက်များ အပေါ် ဦးခင်ရွှေမှ ပြစ်တင် ပြောဆိုခဲ့သည့်အတွက် သတင်းစာဆရာများမှကန့်ကွက်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါကန့်ကွက်စာကို  (၂၅.၁၁.၂၀၁၁)သောကြာနေ့ နေ့လယ်ပိုင်းက ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“သတင်းမီဒီယာသမားတွေကို တော်တော်ကြီးကို အရည်အချင်း မရှိဘူး။ အောက်တန်းကျတယ်။ အဲဒီလို ဝေဖန်ပြီးတော့ ရှုတ်ချတဲ့ သဘောဖြစ်တဲ့ အခါကျတော့ ကျနော်တို့က ပြန်ပြီးတော့ ချေပဖို့တော့ လိုတယ်။ ပြန်ရှင်းဖို့တော့ လိုတယ်” ဟု လက်မှတ်ရေးထိုး ကန့်ကွက်ရာတွင် ပါဝင်သည့် ဝါရင့်သတင်းစာဆရာ မောင်ဝံသက မဇ္ဈိမကို ပြော သည်။
Journal
သတင်းစာ ရှင်းလင်းပွဲ၌ ပြည်တွင်းမီဒီယာများ၏ လုပ်ရပ်များ အပေါ် ဦးခင်ရွှေမှ ပြစ်တင် ပြောဆိုခဲ့သည့်အတွက် ကန့်ကွက်စာကို ပြည်ထောင်စု လွှတ်တော်နာယက ထံပေးပို့ (ဓါတ်ပုံ မဇ္ဈိမ)

“ပြည်ပမီဒီယာက မကောင်းမြင်တာရေးဖို့က သူ့တာဝန်။ သူ့အလုပ် သူလုပ်တာ။ အဲဒါကို ပြည်တွင်းက သတင်း အဖွဲ့ကပါ လိုက်ပြီးတော့ မကောင်းမြင်ရေးမှ ဂျာနယ် ရောင်းရမယ်ဆိုတဲ့ အိုင်ဒီယာ မျိုးရှိနေရင်တော့ အတွေးတွေ လွဲနေပြီ၊ မှားနေပြီ” ဟု ဦးခင်ရွှေ၏ ပြောဆိုခဲ့မှုကိုလည်း  ကန့်ကွက်စာတွင် ကိုးကားဖော်ပြထားသည်။

လက်မှတ်များကို နိုဝင်ဘာလ ၂၂ ရက်နေ့မှ စတင် ကောက်ယူခဲ့ခြင်း ဖြစ်ကာ ရန်ကုန် အခြေစိုက် ဂျာနယ် ၃၉စောင်၊ မဂ္ဂဇင်း ၉ စောင်နှင့်  မီဒီယာ အသီးသီးမှ ဝါရင့်သတင်းစာဆရာများ၊ အယ်ဒီတာများနှင့် သတင်းထောက် ၂၂၅ ဦးက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ကန့်ကွက်စာနှင့် အတူ သတင်းစာ ရှင်းလင်းပွဲအတွင်း ဦးခင်ရွှေ၏ ပြောကြားခဲ့မှု အသံဖိုင်အား စီဒီဖြင့် တွဲ၍ ပေးပို့ခဲ့ ကြသည်။ကန့်ကွက်စာ ပေးပို့မှုနှင့် ပတ်သက်၍ ကာယကံရှင်ဖြစ်သူ ဦးခင်ရွှေကို ဖုန်းဖြင့် ဆက်သွယ်ရာတွင် မရခဲ့ပေ။

ဦးခင်ရွှေက သတင်းသမားများအား လူကြီးမင်းဟု ခေါ်ဆိုကာ  ဆီဒိုးနားဟိုတယ်သို့ခေါ်၍ ကျွေးမွေးသည့် အပြင် စာအုပ်များပင် ပေးခဲ့သော်လည်း  အာဆီယံ-ဂျပန် စီးပွားရေးပွဲသတင်းကိုမူ မီဒီယာများက ဖော်ပြမပေးသည့် အတွက် အပြစ်တင် ပြောဆိုခဲ့သည်။

ဂျပန်မှ လူ ၆၀ ကျော်နှင့် အာဆီယံမှ လူ ၁၀၀ ကျော် ပါဝင်ခဲ့သည့်အတွက် ရေးသားသင့်သည့် ကိစ္စဖြစ်သော်လည်း မရေးသားသည့်အတွက်  ပြောဆိုရခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ယခုကဲ့သို့ ကန့်ကွက်ခြင်းမှာ အထက်အာဏာပိုင်များ သိစေရန်သာ ရည်ရွယ်ခြင်းဖြစ်ပြီး တစုံတရာ အရေးယူလိုစေခြင်း မဟုတ်ကြောင်း၊ သတင်းသမား အနေဖြင့် သတင်းအလုပ်ကို လုပ်ကိုင်ခြင်းသာ ဖြစ်၍ အပြန်အလှန် လေးစားမှု ဖြစ်သင့်ကြောင်း သတင်းသမားများက တောင်းဆိုထားသည်။

မိမိတို့အနေဖြင့် အပြုသဘော ဝေဖန်အကြံပြုမှုများကို ကြိုဆိုမည် ဖြစ်သော်လည်း ယခုကဲ့သို့ ကျင့်ဝတ်နှင့် အတတ် ပညာဆိုင်ရာကိုမူ တဦးတည်း အမြင်ဖြင့် လက်လွှတ်စပယ် ပြောဆိုမှုကိုမူ လက်မခံနိုင်ကြောင်း  ကန့်ကွက်စာတွင်ဖော်ပြထားသည်။

“သတင်းအရင်းအမြစ်နဲ့ သတင်းမီဒီယာသမားနဲ့ ဆက်ဆံတာ ဒါ  အပြန်အလှန် လေးစားသမှုနဲ့ ဆက်ဆံရတာပဲ။ ကျနော်တို့ကလည်း ပေးတာယူ၊ ကျွေးတာ စားပြီးတော့ ရေးခိုင်းတာ ရေးရတဲ့ အလုပ်မျိုးတော့ ဘယ် လုပ်ချင်ကြ ပါ့မလဲ။ အဲဒီလိုလည်း ခံယူချက် မရှိပါဘူး။ သူက အဲဒီလို ခံယူတယ် ထင်ပြီးတော့ ကလေးတွေကို ကျွေးသလို၊ပေးသလို သဘောမျိုး ရှိနေတယ်ဆိုရင်လည်း ဒါ ကျနော်တို့က ပြန်ပြီးတော့ မှန်မှန်ကန်ကန် မြင်အောင် ပြန်ကြိုးစား ရတာပေါ့” ဟု ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ဆိုသည်။

ဝေဖန်သူ အချို့ကတော့ မီဒီယာလောကတွင်း ကျင့်ဝတ်နှင့် မညီသူ တချို့လည်း ရှိနေသည်ဟုဆိုကာ “ မီဒီယာ သမား အချို့က ပေးတာ စားနေတာတွေ ရှိတယ်။ သူတို့ကိုလည်း အရေးယူသင့်တယ်။ ဂျာနယ်တိုက် အချို့မှာရှိတဲ့ ကျင့်ဝတ်မသိတဲ့ သတင်းထောက်တွေကိုပါ ပြောသင့်တယ်” ဟု အယ်ဒီတာတဦးက ပြောသည်။

ကန့်ကွက်မှုများ ထွက်ပေါ်လာပြီးနောက် မီဒီယာကျင့်ဝတ်ဆိုင်ရာ သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲ တခုကို ဒီဇင်ဘာ ၁ ရက်မှစ၍ ၃ ရက်ကြာ ကျင်းပရန် သတင်းသမားများက စီစဉ်နေကြသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်းရှိ သတင်းသမားများဖြင့် ဖွဲ့စည်းထားသည့် Myanmar Journalist Network မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကာ သင်တန်းဆရာအဖြစ် ဦးရဲနိုင်မိုးနှင့် ပြည်တွင်းမီဒီယာများမှ သုံးဦးက လာရောက်ဟောပြောမှာဖြစ်သည်။  တရက်လျှင် သင်တန်းသား ၂၅ ဦးသာ လက်ခံသွားမည်ဟု သိရသည်။

NLD ပထမဆုံးအသုတ် ပါတီဝင် ၁၀ သိန်း လက်ခံမည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အသစ်ပြန်လည်ဖွဲ့စည်းတော့မည်ဖြစ်ရာ ပထမဆုံး အသုတ်အဖြစ် ပါတီဝင် ၁၀ သိန်း လက်ခံရန် ပြင်ဆင်ထားသည်ဟု NLD ဖွဲ့စည်းထူထောင်သူများက ပြောသည်။

ပါတီဝင် လျှောက်လွှာပုံစံများကို ပုံနှိပ်ရန် ပြင်ဆင်နေပြီဖြစ်ကာ လာမည့်အပတ်အတွင်း တိုင်းနှင့် ပြည်နယ် အားလုံးသို့ ဖြန့်ဝေသွားရန်ရှိသည်ဟု ပါတီထူထောင်ရာတွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်မေဝင်းမြင့်က ပြောသည်။ လက်ရှိ ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်မှအစ ပါတီဝင်လိုသူများအားလုံး လျှောက်လွှာတင်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ဒေါ်မေဝင်းမြင့်က ပြောသည်။

"လျှောက်လွှာတင်တယ်ဆိုတာ အန်တီတို့က အဟောင်းကို လုပ်တာမဟုတ်ဘူး၊ အန်တီတို့ကအစဒေါ်စုတို့က အစ ပါတီ လျှောက်လွှာအသစ်ကို ပြန်တင်ပြီးတော့ အန်တီတို့လျှောက်ရမှာ။" ဟု မဇ္ဈိမကိုပြောသည်။
dhome4
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတတေးသံရှင် ၅၀ ကျော်တို့ NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းများ ရေးစပ် သီကုံးသွားနိုင်ရေး တိုင်ပင်ဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ပါတီဝင်လျှောက်လွှာပုံစံတွင် အသက်၊ ပညာအရည်အချင်း လူမျိုး၊ ဘာသာနှင့် နေရပ်လိပ်စာတို့ပါဝင် မည်ဟု လည်း ပါတီထူထောင်သူတဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးက ပြောသည်။ NLD ၏ လူမှုရေးလုပ်ငန်း များတွင် ပါဝင်ကူညီနေသူ တဦးဖြစ်သည့် ကဗျာဆရာ ကိုငြိမ်းသစ်က ပါတီဝင်များ၏ အရည်အချင်းသည် ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့်ပင် လုံလောက်သည်ဟု သုံးသပ်သည်။

"သတ်မှတ်ထားတဲ့ အရည်အချင်းတော့ မရှိပါဘူး၊ တက်ကြွစွာ ရိုးသားစွာ ဒီမိုကရေစီအရေးမှာ ပူးပေါင်း ပါဝင်မယ် ဆိုရင်ပဲ လုံလောက်ပါပြီ။ အဲဒီလောက်ဆိုရင်တော့ မည်သူမဆို ဝင်ခွင့်ရမှာပါပဲ။" ဟု ကိုငြိမ်း သစ်က မဇ္ဈိမကိုပြောသည်။

ပါတီဝင်လိုသူများအနေဖြင့် လျှောက်လွှာပြန်တင်ရမည် ဖြစ်သော်လည်း ပါတီဝင်ဟောင်းနှင့် ပါတီဝင်သစ် ခွဲခြားမည် မဟုတ်ဘဲ ပါတီဝင်အသစ်များသည်လည်း သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပါက လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဖြစ်ခွင့်ရှိသည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကိုပြောသည်။

ကိုယ်စားလှယ်လောင်းများကို ဒေသံခံ၊ တိုင်းရင်းသား၊ အမျိုးသမီးနှင့် ပညာအရည်အချင်းတို့ကိုကြည့်ကာ ဦးစားပေး ရွေးချယ်မည်ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။

NLD အနေဖြင့် လက်ရှိအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေပြီဖြစ်ကာ ပြည်နယ်နှင့် တိုင်းရွေးကောက်ပွဲအောင်နိုင်ရေး ကော်မရှင်များ ဖွဲ့စည်းရန်ပြင်ဆင်နေပြီဟု NLD တည်ထောင်သူများက ပြောသည်။

သောကြာနေ့တွင်လည်း NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သီချင်းများစပ်ဆိုရေးသားသွားနိုင်ရန် အနုပညာရှင် ၅ဝ ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြသေးသည်။ တေးရေးဆရာ တဦးဖြစ် သည့်ကိုရဲလွင်က NLD အတွက် အကူအညီပေးသွားမည်ဟုလည်း မဇ္ဈိမကိုပြောသည်။

"ကျနော်ကတော့ NLD ပါတီဝင်မဟုတ်ပါဘူး၊ ဒါပေမယ့် အမေစုကို ကူညီမှာပဲလေ၊ သူ့ကိုတော့ ကျနော်က ယုံကြည်တာပဲ၊ သူကိုယ်တိုင်က လုပ်ပေးပါဆိုရင်တော့ ဖြစ်အောင်လုပ်ပေးမှာပဲ။" ဟု ကိုရဲလွင်ကပြောသည်။

Monday, November 21, 2011

NLD အမှတ်တံဆိပ် ပြောင်းလဲ အသုံးပြုမည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အမှတ်တံဆိပ်ဖြစ်သော ခမောက်ပုံကို ပါတီပြန်လည် မှတ်ပုံတင်ရာ၌ အသုံးပြုတော့မည် မဟုတ်ကြောင်း သိရသည်။

“ဘာကိုပြောင်းမယ်ဆိုတာ စိတ်ကူးမရှိသေးဘူး။ ဒါပေမယ့် ခမောက်တံဆိပ် လိုဂို ကတော့ ကျနော်တို့ သုံးမှာ မဟုတ်တော့ဘူး၊ ဝိဝါဒ ဖြစ်စရာတွေရှိနေလို့။” ဟု NLD၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။ပါတီတံဆိပ် ပြောင်းမည်ဖြစ်သော်လည်း ပါတီအလံအား ပြောင်းလဲရန် မရှိဟုဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မှတ်ပုံတင်ထားသည့် အခြားပါတီတခုက ခမောက်တံဆိပ် အသုံးပြုထားသဖြင့် NLD ပါတီ၏ အမှတ်တံဆိပ်ကို အခြားတံဆိပ်ဖြင့် ပြောင်းလဲ မှတ်ပုံတင်ရန်  စီစဉ်နေခြင်းဟုလည်း သိရသည်။
NLDlogo


ပါတီ၏ အမှတ်တံဆိပ် ပြောင်းရန်နှင့် ပါတီမှတ်ပုံတင်ရေး လုပ်ငန်းစဉ်များအတွက် လာမည့် သီတင်းပတ်အတွင်း ဗဟိုအလုပ်မှုဆောင်များ အစည်းအဝေး ကျင်းပမည် ဖြစ်သည်။ ပါတီ ပြန်လည်မှတ်ပုံတင်ကာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် NLD၏ ဗဟိုကော်မတီဝင်များက ဆုံးဖြတ် ခဲ့ကြသည်။

NLD သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၉၃ ပါတီအနက် ခမောက်ကို ရွေးကောက်ပွဲ ဝင် သင်္ကေတအဖြစ် အသုံးပြုသည့် တခုတည်းသော ပါတီဖြစ်သည်။ ထို့ပြင် နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းခဲ့သည့် ပါတီသက်တမ်းတလျှောက်တွင်လည်း ခမောက်တံဆိပ်ကို အစဉ်တစိုက် အသုံးပြုခဲ့သည်။

သို့သော် ၂၀၁၀ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့်  ရွေးကောက်ပွဲတွင် NLD ပါတီ ခေါင်းဆောင်ဟောင်းများ ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF)က ခမောက်ပုံအား ပါတီ အမှတ်တံဆိပ် အဖြစ် အသုံးပြုသဖြင့် NLDက ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်ရာ ရှုံးနိမ့်ခဲ့သည်။

ပါတီ၏ အမည်၊ အလံနှင့် အမှတ်တံဆိပ်တို့ကို ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ရာတွင် မှတ်ပုံတင်ပြီးသည့် အခြားပါတီတခု၏ အမည်၊ အလံ၊ အမှတ်တံဆိပ်တို့နှင့် တူညီလျှင် သို့မဟုတ် ဆင်တူရိုးမှား ဖြစ်နေလျှင် ကွဲပြားစေ ရန် ကော်မရှင်က ညွှန်ကြားရမည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

Sunday, November 20, 2011

ပြန်ကြားရေးက နေပြည်တော်တိုင်းမ်ဂျာနယ် ထုတ်ဝေ။

အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ စာပေဗိမာန် စာအုပ်တိုက်မှ နေပြည်တော်တိုင်မ်း ဟု အမည်ပေးထားသည့် အပတ်စဉ်ထုတ် ဂျာနယ်သစ် တစောင်ကို သောကြာနေ့တွင် စတင် ထုတ်ဝေဖြန့်ချိ လိုက်ပြီ ဖြစ်သည်။

ဂျာနယ်တွင် အစိုးရဆောင်ရွက်ချက်များကို ဦးစားပေး ဖေါ်ပြထားသည်ဟု အဆိုပါ ဂျာနယ်၏ အမည်မဖေါ်လိုသူ အယ်ဒီတာတဦးက ပြောသည်။

“အစိုးရ လုပ်ဆောင်နေတာတွေ၊ အစိုးရ ဖော်ဆောင်နေတာတွေကို ဒီဂျာနယ်ကနေ တဆင့် ပြည်သူလူထုကြားထဲ
ရောက်အောင် ဖော်ပြချင်တဲ့ သဘောတွေ့ရပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဂျာနယ်မှာ ပြန်ကြားရေးဝန်ကြီးရဲ့ အင်တာဗျူးတွေက ဖော်ပြခွင့် ရနေတယ်။ တခြားဂျာနယ်မှာ မပါဘူး။”ဟု မဇ္စျိမကို ပြောသည်။

ပထမဆုံးအကြိမ် ထုတ်ဝေသည့် ဂျာနယ်တွင် The Wall Street ဂျာနယ်မှ ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် အရှေ့တောင်အာရှ ဌာခွဲ၏ ဒေသဆိုင်ရာ အကြီးအကဲ မစ္စတာ ဂျွန်ပတ်ထရစ်ဘာတွန် Mr John Patrick Barta တို့၏ အင်တာဗျူးကို အချပ်ပိုအဖြစ် ငါးမျက်နှာစာ ထည့်ခွင့် ရရှိသည်။
Naypyidawpic
အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနအောက် စာပေဗိမာန်က နေပြည်တော်တိုင်မ်းဟု အမည် ပေးထားသော အပတ်စဉ် ထုတ်ဂျာနယ်သစ် စတင် ထုတ်ဝေဖြန့်ချိ (ဓါတ်ပုံ မဇ္ဈိမ)

ယခုလ ၂၀ ရက်နေ့ ကျရောက်မည့် ၉၁ ကြိမ် အမျိုးသားနေ့ အထိမ်းအမှတ် ထုတ်ဝေသဖြင့် အမျိုးသားနေ့နှင့် ပတ်သက်သည့် အထူးဆောင်းပါးများ ထည့်သွင်း ဖော်ပြထားသည်ဟုလည်း ပြည်တွင်းမှ အယ်ဒီတာ တဦးက
ပြောသည်။

မြန်မာဘုရင်များထဲမှ သီပေါမင်း၏ မျိုးဆက်တော် ဘုရားလေး၏သမီး ဒေါ်ဒေဝီသန့်ဇင်ကို သီပေါ်မင်း ပါတော်မူနေ့၊ နယ်ချဲ့ဆန့်ကျင်ရေးနေ့ အကြောင်း အမေးအဖြေ ကဏ္ဍကို အထူးကဏ္ဍအဖြစ် ထည့်သွင်း ဖော်ပြထားသည်ဟု သူက ဆက်ပြောသည်။

“ဦးနေဝင်း လက်ထက်မှာ ပိတ်ထားတာတွေ ပြန်ဖော်ထုတ်ဖို့ ပြောထားတာတွေ တွေ့ရတယ်။”ဟု သူက မဇ္စျိမကို
ပြောသည်။

ထို့ပြင်သတင်း၊ ဆောင်းပါး၊ ကဗျာ နိုင်ငံတကာရေးရာ ဘာသာပြန်၊ သုံးသပ်ချက်၊ အနုပညာသတင်း စသည့် ကဏ္ဍများ ပါဝင်သည်။ သို့သော် ယနေ့ ဖြန့်ချိလိုက်သော အမျိုးသားနေ့ အထိမ်းအမှတ်နေ့တွင် ဖြန့်ချိလိုက်သဖြင့် အမျိုးသားနေ့ အထူးပြုသတင်းများ ဖော်ပြထားသည်ဟု သိရသည်။

ဂျာနယ်၏ မူဝါဒရေးရာနှင့် ပတ်သက်၍ “ပေါ်လစီမူကလည်း မူအရတော့ တတ်နိုင်သလောက် သတင်းဂျာနယ်တွေ အတိုင်းပဲ လုပ်တာပါ။”ဟု လည်း အမည်မဖော်လိုသူ အယ်ဒီတာအဖွဲ့ဝင်က ပြောသည်။

နေပြည်တော်တိုင်မ်းဂျာနယ် အယ်ဒီတာအဖွဲ့ကို စာတည်းချုပ်အဖြစ် စာပေဗိမာန်မှ စာတည်းမှူးချုပ် ဦးမျိုးထွန်းနှင့် ရန်ကုန်မီဒီယာအုပ်စုတွင် လုပ်ခဲ့ဖူးသူ  အယ်ဒီတာ ကိုစောလင်းအောင်က တာဝန်ခံ အယ်ဒီတာအဖြစ် တာဝန်ယူ သွားမည် ဖြစ်သည်။

ရုံးချုပ်ကို စာပေဗိမာန် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၃၇ လမ်းနှင့် ကုန်သည်လမ်းထောင့်တွင် ဖွင့်လှစ် ထားသည်။ ဝန်ထမ်းများမှာ ရန်ကုန်မြို့ရှိ ဂျာနယ်များမှ သတင်းစာဆရာများဖြစ်ပြီး စုစုပေါင်း ၂၅ ဦး ထားရှိသည်။

နေပြည်တော်တိုင်မ်း ဂျာနယ်ကို ပုံမှန်အားဖြင့် တနင်္ဂနွေနေ့တိုင်း ဖြန့်ချိသွားမည် ဖြစ်သော်လည်း ပထမဆုံး အကြိမ် အဖြစ် အမျိုးသားနေ့မတိုင်မီ သောကြာနေ့တွင် ဖြန့်ချိလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုဂျာနယ်၏ မတည်ငွေကို ပြန်ကြားရေး ဝန်ကြီးဌာနအောက် စာပေဗိမာန်မှ ထုတ်ယူသုံးစွဲမှာ ဖြစ်သည်။ သို့သော် အခြားဂျာနယ်များနည်းတူ ပြန်ကြားရေးဝန်ကြီး ဌာနအောက်ရှိ ဆင်ဆာတည်းဖြတ်ရေး အဖွဲ့ကို စာမူတင် ဖြတ်သန်း ပြီးမှ ဖြန့်ချိခွင့် ရမည်ဖြစ်ကာ တစောင်လျှင် ကျပ် ၅၀၀ ဖြင့်ရောင်းချနေသည်။ စောင်ရေ မည်မျှ ဖြန့်ချိသည်ကိုမူ
ပြောဆိုခြင်း မရှိပေ။

၁၉၃၇ ခုနှစ် ဗြိတိသျှ ကိုလိုနီခေတ်က ဦးထွန်းရွှေနှင့် လူငယ်တစုက နဂါးနီစာပေတိုက်ကို ထူထောင်ခဲ့ပြီး နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး စာပေများကို ထုတ်ဝေဖြန့်ချိနိုင်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် နဂါးနီ စာပေတိုက်ကို စာပေဗိမာန်အဖြစ် ပြောင်းလဲခဲ့သည်။ အစိုးရ ခေတ်အဆက်ဆက် ထိန်းချုပ်ခဲ့ပြီး လက်ရှိ အရပ်သား အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနအောက်တွင် ရှိသည်။

လက်ရှိတွင် အစိုးရအာဘော် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေသော မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ တို့ရှိပြီး သတင်းစာစောင်ရေ သုံးသိန်းကျော် ဖြန့်ဝေနေပြီး မြဝတီ သတင်းစာကိုလည်း နေ့စဉ် ဖြန့်ဝေလျက်ရှိသည်။

ရန်ကုန်မြို့တွင် အပတ်စဉ်ထုတ် ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်း၁၇၆ စောင်ရှိရာမှ ၈၂ စောင်ကို ပြီးခဲ့သည့် ဇွန်လက ထုတ်တင်စနစ်သို့ ပြောင်းလဲခဲ့ပြီးလက်ရှိ ဂျာနယ်ပေါင်း ၉၄ စောင်မှာ ဆင်ဆာဘုတ် အဖွဲ့ကို ဖြတ်သန်းပြီးမှ ထုတ်ဝေဖြန့်ချိရသည်။

Wednesday, November 9, 2011

ဦးဝင်းတင်ကို “သူရသတ္တိ” ရွှေတံဆိပ်ဆု ချီးမြှင့်မည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင်အား ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် တိုင်းပြည်အတွက် အနစ်နာခံ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ မကွေး ပရိယတ္တိကျောင်းတိုက် ဆရာတော်မှ “သူရသတ္တိ” ရွှေတံဆိပ်ဆု ပေးအပ်မည်ဟု သိရသည်။

ပြည်တွင်းတွင် ပထမဦးဆုံးအကြိမ် ပေးအပ်ခံရမည့် “သူရသတ္တိ” ရွှေတံဆိပ်ဆုမှာ ရင်ထိုးအမျိုးအစားဖြစ်ပြီး အလေး ချိန် တကျပ်သားရှိ ရွှေပြားပေါ်တွင် “သူရသတ္တိ” ဟူသော စကားလုံးနှင့် “ခွပ်ဒေါင်းပုံ” ပါဝင်သည်။ ယင်းဆုကိုလည်း ဆရာတော်တဦးတည်းမှ အကုန်အကျခံသော ဆုတံဆိပ်ကို နိုဝင်ဘာ ၁၂ ရက်နေ့တွင် ပေးအပ်မှာ ဖြစ်သည်။
အခမ်းအနားကို ကျောင်းတိုက်တည်ရှိရာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ၁ ရပ်ကွက်၊ အနော်ရထာလမ်းတွင် ကျင်းပ မည်ဖြစ်ကာ တဆက်တည်းပင် စက်တင်ဘာ သံဃာ့ အရေးအခင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် သံဃာတော်များအား ပြန်လည် သိက္ခာထပ်ပွဲကို ပူးတွဲကျင်းပမည် ဖြစ်သည်။

“ဒီမိုကရေစီသွားတဲ့ နေရာမှာ အကွေ့အကောက်၊ အတိမ်းအစောင်း၊ အကြောက်အရွံ့မရှိပဲနဲ့ ဦးဝင်းတင်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရဲရဲဝင့်ဝင့်ဖြင့် ရင်ဆိုင်သွားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဦးဝင်းတင်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်” ဟု မကွေး ပရိယတ္တိကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက မဇ္ဈိမကို မိန့်သည်။

“ခွပ်ဒေါင်းဆိုတဲ့ သဘောတရားက မဟုတ်ရင် ဘယ်သူ့ကိုမှ မခံဘူး။ သူက အကုန်လုံး ခွပ်ပြီးတော့ သတ်မယ်ဆိုတဲ့ သဘောတရားကို ဆောင်တယ်။ မဟုတ်တဲ့နေရာမှာ ခွပ်ဒေါင်းဟာ သူ့အပေါ်မှာ ကျရောက်လာတဲ့ အန္တရာယ် မှန်သမျှကို အကုန်လုံး တိုက်ခိုက်နိုင်တဲ့ စွမ်းရည်သတ္တိ ရှိပါတယ်။ ဦးဝင်းတင်ကလည်း အဲဒီလို ခွပ်ဒေါင်းရုပ်နဲ့ ခွပ်ဒေါင်း စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်မို့လို့” ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

အသက် ၈၁ နှစ်အရွယ် ဦးဝင်းတင်မှာ သတင်းစာသမား ဘဝမှပင် တိုင်းပြည်နှင့် ပြည်သူ့အကျိုးအတွက် တစိုက် မက်မက် လုပ်ဆောင်ခဲ့သည့် အပြင် နိုင်ငံရေးသမားဘဝတွင်လည်း ဒီမိုကရေစီ ပေါ်ထွန်းရေး အတွက် NLD နှင့်အတူ စိုက်လိုက်မက်တပ် လုပ်ဆောင်ခဲ့သည်။

အတိုက်အခံနိုင်ငံရေး လှုပ်ရှားမှုကြောင့် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ဖမ်းဆီးခံခဲ့ရကာ ၁၉ နှစ်ကျော်ကြာပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

“အန်ကယ် ဦးဝင်းတင်က တကယ့်ကို ယုံမှားသံသယ မရှိကောင်းတဲ့ တကယ့်ဒီမိုကရက်တစ် တယောက် ဖြစ်တယ်။ ပုဂ္ဂိုလ်ရေး ဘဝအရပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီရေး ခံယူချက်အရပဲ ဖြစ်ဖြစ် လူထုနဲ့ တသားတည်း ရှိပြီးတော့ ဒီကနေ့ အချိန်အထိ မားမားမတ်မတ် ရပ်တည်နေတဲ့အတွက် သူဟာ ဒီဆုနဲ့ ပတ်သက်ပြီး ထိုက်တန်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်” ဟု နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက် တာဝန်ခံ ကိုအောင်ဇော်ထွန်းက မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်မှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့မှ ပေးအပ်သည့် Guillermo Cano ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးဆု - Guillermo Cano World Press Freedom Prize၊ ကမ္ဘာ့သတင်းစာများ အသင်း၏ လွတ်လပ်ရေး အတွက် ရွှေကလောင်ဆု - Newspapers' Golden Pen of Freedom နှင့် နယ်စည်းမခြား သတင်းထောက်များဆု - Winner of Reporters Without Border များ ချီးမြှင့် ခံထားရသူလည်း ဖြစ်သည်။

ဆုပေးပွဲကို တခမ်းတနားဖြင့် မလုပ်ပေးစေလိုကြောင်း ဦးဝင်းတင်က အကြောင်းပြန်ခဲ့သည်ဟု သွားရောက် အကြောင်းကြားခဲ့သူ ကိုအောင်ဇော်ထွန်းက ပြန်ပြောပြသည်။

သိက္ခာထပ်ပွဲကို နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်၊ အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့နှင့် ဒီမိုကရေစီ အင်အားစုများက စုပေါင်းပြုလုပ်ခြင်းဖြစ်ကာ လက်ရှိတွင် သိက္ခာထပ်မည့် သံဃာတော် ၂၄ ပါး ရှိပြီဟု သိရသည်။ ယင်းအပြင် ပွဲသို့ လာရောက်မယ့် အကျဉ်းကျခံ မိသားစုများအတွက် စာအုပ်စာတမ်းနှင့် အခြားထောက်ပံ့ရေး ပစ္စည်းများကို ကူညီသွားမည် ဖြစ်သည်။

Tuesday, November 8, 2011

ဒေါ်စုကို ကယ်တင်ဖို့ ကြိုးစားတဲ့ “ပင့်ကူနီ” စစ်ဆင်ရေး။

၁၉၉၁ ခုနှစ်တွင်းက နေအိမ်အကျယ်ချုပ်ကျခံနေရသည့် အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည် အား ကယ်တင်ရန်အတွက် “ပင့်ကူနီ” အမည်ရ စစ်ဆင်ရေးတရပ်အား လျှို့ဝှက် ရေးဆွဲခဲ့ပြီး စင်ပြိုင်အစိုးရ ထူထောင်ရန်အတွက် ကြိုးစားခဲ့ကြသည်။

စစ်ဆင်ရေးတွင် ထိုင်း-မြန်မာနယ်စပ်အနီး တောထဲတွင် အခြေစိုက်သော ကျောင်းသားတပ်မတော် ABSDF တပ်ဖွဲ့ဝင်အချို့နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များ ပါဝင်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆင်ရေး ဥက္ကဋ္ဌဖြစ်ခဲ့သူက မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းမည့် စင်ပြိုင်အစိုးရအနေဖြင့် အာဏာရှင်စစ်တပ်ထံမှ စစ်သားများအား စည်းရုံးသိမ်းသွင်းရန် မျှော်လင့်ခဲ့ကြ သည့် အပြင် အာဏာချိန်ခွင်လျှာ ပြောင်းလဲရေးကိုလည်း မျှော်လင့်ခဲ့သည်။ သို့သော်လည်း ယင်းစီမံကိန်းမှာ ပေါက် ကြား သွားသည့်အတွက် စစ်ဆင်ရေးတွင် ပါဝင်ခဲ့သူများ အဖမ်းခံခဲ့ရသည်။

“ကျနော်တို့ ယုံကြည်တဲ့ခေါင်းဆောင်က သူတို့လက်ထဲမှာ ရှိနေတဲ့အတွက် ဓားစာခံထားပြီးတော့ ကျနော်တို့က လုပ်ရတဲ့ သဘော ဖြစ်နေတယ်။ အကယ်၍များ အန်တီက သဘောတူခဲ့ရင် အန်တီ့ကို လွတ်မြောက်တဲ့ နယ်မြေ တနေရာမှာ ထားပြီးတော့ အစိုးရဖွဲ့ပြီးတော့ ကျနော်တို့က တရားဝင် နောက်ဖွဲ့တဲ့ အစိုးရတပ်အဖြစ် သစ္စာခံပြီး ရပ်တည်ကြဖို့။” ဟု “ပင့်ကူနီ” စစ်ဆင်ရေးဥက္ကဋ္ဌဖြစ်သူ ကိုမင်းဟန်က ပြန်ပြောင်းပြောပြသည်။

သို့သော် စစ်ဆင်ရေးမှာ အကောင်အထည် မပေါ်မီမှာပင် ပြိုကျခဲ့သည်။ စစ်ဆင်ရေး ဥက္ကဋ္ဌဖြစ်သူ ကိုမင်းဟန်မှာ လည်း ၁၉၉၁ ခုနှစ်တွင် ဖမ်းဆီးခံရကာ သေဒဏ် အပြစ်ပေးခံခဲ့ရသည်။ သို့သော် ယခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့က သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာချိန် တွင် ငြိမ်းချမ်းစွာဖြင့် သူဖြစ်ချင်သည့် စာပေထုတ်လုပ်မှု လုပ်ငန်းများနှင့် မီဒီယာသမား တယောက် အဖြစ်သာအေးချမ်းစွာ နေထိုင်သွားလိုတော့သည်။

“ပင့်ကူနီ” အထူးလျှို့ဝှက်စစ်ဆင်ရေးတွင် ကရင်အစည်းအရုံး KNU မှ ခေါင်းဆောင်တဦးဖြစ်သူ စောဗိုလ်မြနှင့်ကချင်လွတ် မြောက်ရေးအဖွဲ့ KIA မှ ဥက္ကဋ္ဌဖြစ်ခဲ့သူ ဗိုလ်ချုပ် ဘရန်ဆိုင်းတို့ လည်း ပါဝင်ခဲ့ကြောင်း ကိုမင်းဟန်ကအခိုင်အမာ ပြောဆိုသည်။ ယင်းအချိန်က ဒေါ်အောင်ဆန်းစုကြည် မှာ စစ်အစိုးရ၏ အရေးပေါ် လုံခြုံရေး ဥပဒေဖြင့် ၁၉၈၉  ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့မှစ၍ ဖမ်းဆီးခံထားရချိန် ဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်ကကော လက်ခံမှာလား၊ လက်မခံဘူးလား ဆိုသည်ကိုတော့ မည်သူမျှ မသိရှိဘဲဖြစ်နေသည်။  သို့အတွက် စစ်ဆင်ရေး ရေးဆွဲသူများက ရန်ကုန်မြို့ရှိ  အင်းစိန်ထောင်၊ အစိုးရနှင့် ဆက်စပ် လုပ်ကိုင်နေသည့် စီးပွားရေး ကုမ္ပဏီများအား ဦးစွာဖောက်ခွဲ၍ အစိုးရမှ သတင်းစာ ရှင်းလင်းပွဲ ဖြစ်ပေါ်စေရန် ဖန်တီးရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့် ကျောင်းသားများထံ ဒေါ်အောင်ဆန်းစုကြည်က တစုံတရာ သတင်း စကား ပါးလာလိမ့်မည်ဟု ယုံကြည်နေကြသည်။

“အဓိက ပြဿနာက ဘာလဲဆိုတော့ အန်တီက ကျနော်တို့ လုပ်ရပ်ကို သဘောတူမှာလား၊ မတူဘူးလား။ အန်တီ့ သဘောထား ဘယ်လို ရှိသလဲ ဆိုတာကျတော့ ဘယ်သူကမှ တာဝန် မယူရဲဘူးလေ။ မယူရဲတဲ့ အခါကျတော့ ကျနော် က အန်တီ့ဆီက သတင်းတခု ထွက်လာအောင် စီမံကိန်း တခုကို ရေးဆွဲမယ်ဆိုတဲ့ သဘောပါ။” ဟု ကိုမင်းဟန်က ဆိုသည်။

“ကျနော်တို့က အချိန် ပြန်ယူပြီး စောင့်မှာကိုး။ စောင့်တဲ့အချိန်မှာ အန်တီ့သဘောထားက ဘာမှမပြောဘူး၊ ဒါမှမဟုတ် Yes လို့ ယူဆရတဲ့ အခြေအနေ တရပ်ကို မီးမောင်းထိုးပြမယ်ဆိုရင် ကျနော်တို့က နောက်ထပ် စစ်ဆင်ရေး တရပ်နဲ့ အဲဒီကို ဝင်တော့မှာ။” ဟု ပြောဆိုသည်။

ဖောက်ခွဲရေးအတွက် ကိုမင်းဟန်နှင့်အတူ ဗိုလ်တိုးလင်း (ခ) သီဟတို့နှစ်ဦးမှာ KNU အခြေစိုက်ရာ ကရင်ပြည်နယ် မာနယ်ပလောစခန်းမှ ရန်ကုန်မြို့သို့ ဆင်းလာခဲ့ခြင်း ဖြစ်သည်။ ဖောက်ခွဲရေးသင်တန်းလည်း တက်ခဲ့ဖူးပြီးလောင်ချာ၊ ရှေ့ထွက်မိုင်းအပါအဝင် အခြားလက်နက်များ အသုံးပြုနည်းများလည်း သင်ယူခဲ့သည်။

စစ်ဆင်ရေး ဥက္ကဋ္ဌဖြစ်သူ ကိုမင်းဟန်မှာ ရှစ်လေးလုံးအရေးအခင်းမတိုင်ခင်က စာပေလောကသား တဦးဖြစ်ကာ ဂီတကောင်စီမှ ထုတ်ဝေသည့် “ဂီတပဒေသာမဂ္ဂဇင်း” တွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ယင်းမဂ္ဂဇင်းကို ယမုန်နာစာအုပ်တိုက်မှ ထုတ်ဝေခြင်းဖြစ်ကာ ပိုင်ရှင်မှာ ၎င်း၏ ဖခင် ဖြစ်သည်။ ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ကျ ခဲ့သည့်အတွက် တက္ကသိုလ်ဝင်တန်းဖြင့် ကျောင်းထွက်ကာ ၁၉၈၆ မှစ၍ စာပေလောကထဲ ဝင်လာသူ ဖြစ်သည်။

ယင်း၏ စာပေလွတ်လပ်ခွင့်နှင့် ပတ်သက်၍ “သူက တက်တက်ကြွကြွရှိတယ်။ တချို့အပိုင်းတွေမှာတော့ ကြမ်းကြမ်းတမ်းတမ်းလေးပေါ့။ သူက မျက်မှန်အထူကြီးတပ်ရတာဗျ။ သူက ပါဝါအဝေးကြည့်၊ အနီးကြည့် မဟုတ်ဘူး။ အဲဒီလို မျက်မှန်ကြီးနဲ့ လူကောင်က ထွားထွားပဲ။” ဟု ကိုမင်းဟန်နှင့် ကျောင်းသား ဘဝကတည်းက ရင်းနှီးခဲ့သူ ကိုသက်ဦးက ပြန်ပြောပြသည်။

သူက ဆက်ပြီး “သူက ထောင်ထဲမှာ အာဏာပိုင်တွေကို Fight တယ်။ သတင်း အချက်အလက်တွေကို စုဆောင်း တယ်။ စာပေနဲ့ ပတ်သက်တဲ့ဟာတွေကို ထောင်ထဲမှာ လုပ်တယ်။ ဒါ သူ့ရဲ့ ထောင်ထဲမှာ လုပ်တဲ့ အပိုင်းလေးတွေပေါ့။ ထွက်ထွက်လာချင်းကတည်းကလည်း ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အပိုင်းကို စိတ်ဆန္ဒ အရမ်းပြင်းပြနေတယ်။” ဟု ဆိုသည်။

အာဏာရှင် ဆန့်ကျင်ရေး ၁၉၈၈ ခုနှစ်အပြီး၊ ၁၉၉၀ ပြည့်နှစ်တွင် ပထမဆုံး လွတ်လပ်သော ပါတီစုံ အထွေထွေရွေးကောက်ပွဲကျင်းပရာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD မှ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် မဲအပြတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ရလဒ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပြီး အမတ်များမှာ အခြေခံ ဥပဒေရေးဆွဲရာတွင်သာ ပါဝင် လုပ်ကိုင်ရမည်ဟု ဆိုခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် အဖမ်းအဆီးများလည်း ပိုက်စိတ်တိုက် လာခဲ့ရာက  NLD အမတ် တချို့က ကြားဖြတ် အစိုးရသစ် ထူထောင်ရန် အတွက် ကြိုးပမ်းခဲ့ကြသည်။

“အန်တီ ကျနော်တို့နဲ့အတူ အတူတကွ လိုက်ခဲ့မယ် ဆိုရင်တော့ နိုင်ငံရေး အခြေအနေက တမျိုး ပြောင်းလဲသွားမှာပေါ့။” ဟု “ပင့်ကူနီ” စစ်ဆင်ရေးခေါင်းဆောင် ကိုမင်းဟန်က ပြန်ပြောပြသည်။

စစ်ဆင်ရေးက မစမီမှာပင် ပေါက်ကြားသွားခဲ့ပြီး အဖမ်းခံရကာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကိုမင်းဟန် အပါအဝင် ၁၅ ဦးမှာ နိုင်ငံတော် ပုန်ကန်မှုဖြင့် အပြစ်ပေးခံရသည်။  ကိုမင်းဟန် အပါအဝင် ငါးဦးမှာ သေဒဏ်နှင့် ကျန် ၁ဝ ဦးမှာ တသက်တကျွန်းအဖြစ် ပြစ်ဒဏ်ကျခဲ့သည်။   သို့သော် သေဒဏ် ကျသူများမှာ ၁၉၉၄ ခုနှစ်တွင် ကျွန်းဒဏ်သို့ ပြောင်းလဲခဲ့ရာမှ ယခုအချိန်မှ ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

ဖောက်ခွဲရေးပစ္စည်းများ လက်လွှဲရယူရန်အတွက် ပြင်ဆင်ထားချိန်ဖြစ်ကာ ရန်ကုန်မြို့ တာမွေမြို့နယ် ၁၆၅ လမ်းရှိ ကိုမင်းဟန်၏ နေအိမ်သို့ ကွန်မန်ဒိုတပ်သား ငါးဦးနှင့် လမ်းထိပ် တဘက်တချက်စီတွင် စစ်ကားတစီးစီဖြင့် ပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“အဲဒီတုန်းက ကျနော်တို့အိမ်မှာ ဘာလက်နက်မှ ရှိမနေဘူး။ ကျနော်တို့က လူတွေချည်းပဲ မိတာ။ ဒါပေမဲ့လည်း သူတို့ကလည်း ထင်တာက ဆောင်ထားလိမ့်မယ်လို့ ထင်တယ်။ အဲဒါနဲ့ အိမ်ကို လာဝိုင်း တယ်ပေါ့။ အဲဒီအချိန် ကျနော်က ထမင်းစားနေတုန်း။ ထမင်းစားတဲ့အချိန်မှာပဲ ကျနော့်အနားကို လာပြီးတော့ ပစ္စတိုနဲ့ တေ့ပြီး ကျနော့်ကို ဖမ်းသွားတာ။” ဟု  ကိုမင်းဟန်က ပြန်ပြောပြသည်။

သူကဆက်ပြီး “ကျနော် ထောင်ထဲရောက်သွားပြီးမှတော့ ကျနော်တို့ ကြားရတာပေါ့။ အန်တီက Message တခု ပေး တယ်။ အဲဒါ ဘာလဲဆိုတော့ အန်တီတို့ လာတွေ့တဲ့ အတွင်းထဲက လူတယောက်နဲ့ မှာလိုက်တယ်။ အဲဒီမှာ အန်တီက ပြောတယ်လို့ ပြောတယ်။ ကျောင်းသားတွေ ကျမကို ကယ်ဖို့ ကြိုးစားနေတယ်။ ကျမ ဒုက္ခ မရောက်ပါဘူးလို့ အန်တီ က ပြောလိုက်တယ်။ အဲဒီလို မက်ဆော့ခ်မျိုးပေါ့ဗျာ။ အဲဒီဟာသာ အမှန်ဆိုရင် အန်တီကို ကယ်ဖို့ စီမံကိန်းက ကျနော် တို့ ဖျက်လိုက်ပြီ၊ သေချာတယ်။” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်ဖို့ သို့မဟုတ် နိုင်ငံအပြင် လွတ်လပ်ရာကို ခေါ်ဆောင်ဖို့ ကြိုးစားတာကတော့ ယခုတကြိမ်တည်းသာ မဟုတ်ပေ။ နောက် ဆယ်စုနှစ် နှစ်ခုနီးပါးတွင်လည်း အလားတူ ကြိုးပမ်းမှု ဖြစ်ပေါ်ခဲ့သေး သည်။

အသက် (၅၄) နှစ်အရွယ် အမေရိကန်နိုင်ငံသာ ဂျွန်ဝီလျံ ယက်ထောဆိုသူမှာ ၂၀၀၉  ခုနှစ် မေလ ၃ ရက်နေ့တွင် ငါးလီတာဝင် ရေသန့်ဘူးအား အသုံးပြု၍ အင်းလျားကန်ကို ဖြတ်ကူးကာ နေအိမ်ဝင်းအတွင်း ဝင်ရောက်ခဲ့ခြင်း ဖြစ် သည်။ နေအိမ်တွင် သုံးရက်ကြာနေထိုင်ပြီး ပြန်အထွက် ရေပြင်တွင် ရဲကတွေ့ရှိရာက ဖမ်းဆီးမိခဲ့သည်။

၎င်းနှင့် အတူ နိုင်ငံကူးလက်မှတ်တခု၊ အနက်ရောင် ကျောပိုးအိတ်တလုံး၊ ဓာတ်မီးတလက်၊ ခေါက်ပလာယာ တလက်၊ Canon ကင်မရာ တလုံး၊ အမေရိကန်ဒေါ် ၁၀၀ တန် နှစ်ရွက်နှင့် မြန်မာငွေကျပ် ၁၀၀၀ တန် ၉၃ ရွက်တို့ကို ပါ တပါတည်း ဖမ်းမိခဲ့သည်။ ဂျွန်ယက်ထောမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ရစဉ်အတွင်း အစ္စလာမ် အမျိုးသမီးများ ဝတ်ဆင်သည့် မျက်နှာအုပ် ဝတ်စုံနှစ်ထည်နှင့် နေကာမျက်မှန်များ ပေးအပ်ခဲ့ကြောင်း၊ ယင်းပစ္စည်း များကို ဝတ်ဆင်မည်ဆိုပါက မည်သူမှန်း မှတ်မိနိုင်တော့မည် မဟုတ်ကြောင်း ၂ဝဝ၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက ပြောကြားခဲ့သည်။

ယင်းအပြင် ယက်ထောမှာ ဆင်းရဲသူတဦး ဖြစ်သည့် အတွက် မြန်မာနိုင်ငံသို့ လာရောက်ရန် ကုန်ကျမှုများကိုလည်း နောက် ကွယ်မှ ကူညီပံ့ပိုးပေးသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ ရှိနိုင်ကြောင်း ရဲချုပ် ခင်ရီက ပြောဆိုသည်။ သို့သော် ယက်ထောကမူ မိမိအနေဖြင့် ယခုကဲ့သို့ ဝင်ရောက်လာရ ခြင်းမှာ “အကြမ်းဖက်အုပ်စု တခုမှ ဒေါ်စုကို အသက်အန္တရာယ် ပြုတော့မည် ဖြစ်ကြောင်း အာရုံထဲတွင် ပေါ်နေသည့် အတွက် ဘုရားသခင်က စေလွှတ်ခြင်း” ဖြစ်ကြောင်း တရားရုံးတွင် ပြောဆိုခဲ့သည်။

ယင်းကဲ့သို့ ဂျွန်ယက်ထော ဝင်ရောက်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလို သူကို ကူညီမှု ပုဒ်မ ၂၂/၁၀၉ အရ ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်ဖြင့် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ သို့ လျှော့ချပေးခဲ့သည်။

ABSDF ၏ “ပင့်ကူနီစစ်ဆင်ရေး” မှာ ဒေါ်အောင်ဆန်းစုကြည် ကယ်တင်ရေး အတွက် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေး တရပ်သာ ဖြစ်သော်လည်း ယင်းကာလက အာဏာလက်စောင်းထက်သည့် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်အား လုပ်ကြံမည့် အစီအစဉ်အဖြစ်လည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဧရာဝတီ သတင်းဌာန၏  အင်တာနက် စာမျက်နှာတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် “The Would-Be assassin who couldn't kill” ဆောင်းပါး၌ “၁၉၉၀ နှစ်ဦးပိုင်တွင်း ABSDF မှ စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ အား လုပ်ကြံသတ်ဖြတ်ရန် “သိမ်းငှက်” စစ်ဆင်ရေးဖြင့် စီစဉ်ခဲ့ဖူးကြောင်း၊ ၁၉၉၁ ခုနှစ်တွင်လည်း ကိုမင်းဟန်နှင့် ရဲဘော်တချို့မှာ အလားတူ လုပ်ကြံရေး အစီအစဉ်မျိုးကို အခြား စစ်ဆင်ရေးတရပ် အနေဖြင့် လုပ်ဆောင်ခဲ့ကြောင်း”အောက်တိုဘာလ ၁၀ ရက်တွင် ဖော်ပြထားသည်။

သို့သော် မိမိတို့၏ စစ်ဆင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ရေးသာဖြစ်ပြီး အစိုးရထိပ်ပိုင်း ခေါင်းဆောင် များအား လုပ်ကြံရန် မဟုတ်ကြောင်း၊ စစ်ဆင်ရေးများမှာ အထူးလျှို့ဝှက်ဖြစ်၍ မိမိနှင့်သက်ဆိုင်သည့် စစ်ဆင်ရေးကို သာသိကြောင်း “ပင့်ကူနီ”  ဥက္ကဋ္ဌ ကိုမင်းဟန်က ဆိုသည်။

“ကျနော်တို့ဆီမှာ ထုတ်ဝေမယ့် Statement တခု ရှိတယ်ဗျ။ အဲဒီမှာ အချက်ငါးချက် ပါတယ်။ အင်းစိန်ထောင်၊ အစိုးရနဲ့ ဆက်ဆံနေတဲ့ ကုမ္ဗဏီတွေ အဲဒီဟာတွေကို တိုက်ခိုက်မယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်မယ် ဆိုတာ ပါသွားတဲ့အတွက် အဲဒီ ဗိုလ်ခင်ညွန့်တို့ လိုင်းနဲ့ ကျနော်တို့က စစ်ချက်ထဲမှာကို မရှိဘူး။ စစ်ကြောရေး ဝင်တဲ့ကာလမှာလည်း သူတို့က အဲဒီလိုင်းနဲ့ မမေးဘူး။” ဟု စစ်ကြောရေးစခန်းတွင် စစ်မေးခဲ့မှုများနှင့် ပတ်သက်၍ ကိုမင်းဟန်က ပြန်ပြောပြသည်။

ယင်းကာလက ABSDF ၏ ဥက္ကဋ္ဌဖြစ်သူ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ကလည်း “အဲဒီတုန်းက ကျနော် ABSDF မှာ တာဝန်ယူနေတယ်။ ခင်ဗျားပြောတဲ့ ခုနကရဲဘော်ကို တာဝန်ပေးပြီးတော့ ဗိုလ်ချုပ်ခင်ညွန့်ကို Target ထားပြီး လုပ်ကြံတာတို့ ဘာတို့ကတော့ အဲဒီ Project တော့ ကျနော် မကြားဖူးဘူး။ သိလည်း မသိဘူး ဖြစ်နေတယ်။ အဲဒီလိုမျိုးတော့ မရှိခဲ့ဘူး အမှန်အတိုင်းပြောရရင်။” ဟု မဇ္ဈိမကို ပြောသည်။

ABSDF အနေဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် စစ်အစိုးရအနေဖြင့် အာဏာ စွန့်သွားမည်ဟု မယုံကြည်ကြောင်း၊ တယောက်မရှိလျှင် တယောက် တက်လာမည်သာ ဖြစ်သည့်အတွက် ယင်းလမ်းစဉ်ကို အသုံးမချခဲ့ဟု သိရသည်။

“ပင့်ကူနီ” စစ်ဆင်ရေးကို ၁၉၉၀ နိုဝင်ဘာလမှ စတင်၍ ပြင်ဆင်ခဲ့ခြင်းဖြစ်ကာ ကိုမိုးသီးဇွန် အနေဖြင့် ABSDF ဥက္ကဋ္ဌ ရာထူးအား လွှဲပြောင်းယူချိန် ဖြစ်သည်။ ၎င်းမှာ တပ်အား ထိန်းသိမ်းရန်နှင့် နေရာချထားရေးအတွက် အလုပ်များနေ သည့် အချိန်ဖြစ်ကာ စစ်ဆင်ရေးအား တိုင်းရင်းသား ခေါင်းဆောင်တချို့နှင့် ABSDF အောက်ခြေ အဆင့်များမှ ပူးတွဲ လုပ်ခဲ့ခြင်းသာ ဖြစ်သည်။

စစ်ဆင်ရေး ဥက္ကဋ္ဌဖြစ်သူ ကိုမင်းဟန်မှာ စစ်ဆင်ရေး ပြင်ဆင်ချိန် နှစ်လတာ ကာလအတွင်း ဥက္ကဋ္ဌဖြစ်သူ ကိုမိုးသီးဇွန်နှင့် တကြိမ်သာ တွေ့ဆုံခွင့်ရခဲ့ပြီး စစ်ဆင်ရေးကိစ္စနှင့် ပြောခွင့်မရခဲ့ကြောင်း၊ စစ်ဆင်ရေး အစဦး အနေဖြင့် ဖောက်ခွဲရေး လုပ်ငန်းစဉ် အပြီး ဒေါ်အောင်ဆန်းစုကြည်ထံမှ သတင်းစကား ရမှသာလျှင် အသေးစိတ် တိုင်ပင်ရန် စီစဉ်ခဲ့ကြောင်း ကိုမင်းဟန်က ပြောဆိုသည်။

၁၉၉၁ ခုနှစ်ကာလအတွင်းက ABSDF အပါအဝင် မြန်မာအဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တပ်ပေါင်းစု - National Democratic Front  တို့ ပေါင်းစည်းထားသည့် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်ကြီး (မဒတ) DAB အတွင်း စင်ပြိုင် အစိုးရဖွဲ့ရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများလည်း ရှိခဲ့သည်။ ယင်း DAB အဖွဲ့မှာ ၁၉၈၈ နိုဝင်ဘာလ ၁ ရက်နေ့တွင် ABSDF တည်ထောင်အပြီး မကြာခင်တွင် ပေါ်ပေါက်လာသည့် မဟာမိတ် အဖွဲ့ကြီးလည်း ဖြစ်သည်။

“အထူးသဖြင့် ကိုမိုးသီးဇွန်တို့ ဘာတို့စသဖြင့် တပ်ပေါင်းစုမှာ ဆွေးနွေးကြတာ ရှိတယ်။ ဆွေးနွေးကြတဲ့ နေရာမှာ အဓိက အရေးကြီးတာကတော့ DAB ပေါ့။ DAB မှာ KNU အပါအဝင် တချို့ခေါင်းဆောင်တွေက သူတို့ဟာ သူတို့ တောထဲမှာပဲ စင်ပြိုင် အစိုးရဖွဲ့ကြမယ်ဆိုတဲ့ စဉ်းစားချက်တွေ ရှိပါတယ်။ ရှိတဲ့အခါကျတော့ နောက်ပိတ်ဆုံး ထူးခြားချက်တွေ၊ အခြေခံ ဥပဒေမူကြမ်းတွေ၊ တံဆိပ်တုံးတွေ ဘာတွေ အကုန်လုပ်ပြီးသား။” ဟု ယင်းကာလက မာနယ်ပလောတွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ABSDF ကျောင်းသား ကိုအောင်သူငြိမ်းက မဇ္ဈိမကို ပြောသည်။

၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အား မကျေနပ်သည့် ဒေါက်တာ စိန်ဝင်းအပါအဝင် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် တချို့ ကလည်း စင်ပြိုင် အစိုးရ တည်ထောင်ရန် အတွက် အောက်တို ဘာလ ၁ ရက်နေ့တွင် မန္တလေးတွင် လျှို့ဝှက်ဆွေးနွေးကြကာ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် KNU နှင့် DAB ဌာနချုပ်ဖြစ်သည့် မာနယ်ပလော၌အဝေးရောက်ညွန့်ပေါင်း အစိုးရ NCGUB ကို ဖွဲ့စည်းခဲ့ကြသည်။ “အဲဒီအချိန်မှာတင် ဒေါက်တာ စိန်ဝင်းတို့၊ အထဲက ရွေးကောက်ပွဲ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေ ရောက်လာတော့ ဒါတွေ အားလုံး သူတို့ကို ပေးလိုက်တယ်။
ပေးလိုက်ပြီးတော့ သူတို့ကို စင်ပြိုင်အစိုးရ ဖွဲ့ပေးလိုက်တယ်ပေါ့ဗျာ။” ဟု ABSDF ၏ ဘုရားသုံးဆူဒေသ
နိုင်ငံရေးမှူးလည်း ဖြစ်ခဲ့သူ ကိုအောင်သူငြိမ်းက NCGUB ဖွဲ့စည်းခဲ့ပုံနှင့် ပတ်သက်၍ ပြန်ပြောပြသည်။ ယင်းကာလကမြန်မာ့ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အား ခေါင်းဆောင်တင်၍ စင်ပြိုင် အစိုးရဖွဲ့မှသာလျှင် အပြောင်းအလဲများ ဖြစ်လာမည်ဟု “ပင့်ကူနီ” စစ်ဆင်ရေးသမားများက ယုံကြည်ထားကြ သည်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့် စစ်အစိုးရကြား ထိပ်တိုက် ဖြစ်လာမည်ဆိုပါက ဒီမိုကရေစီ လိုလားသူ တပ်မတော်သားများ ဘက်ပြောင်းလာမယ့်အတွက် ယင်းစစ်ဆင်ရေးအတွက် အလေးတယူ လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။

“အစိုးရနောက်တရပ်ရှိမှ ဒီအစိုးရကို သစ္စာမခံဘူး၊ နောက်အစိုးရကို သစ္စာခံမယ်လို့ ဖြစ်မှာပေါ့။ ကျနော်တို့ က ပလက်ဖောင်းတခု ခင်းပေးရတာပေါ့ဗျာ။ ကျနော်တို့ ယုံကြည်ထားတာက အစိုးရသစ်တရပ် ပေါ်ပေါက်လာရင် တပ်မတော်ထဲမှာလည်း ဒီမိုကရေစီလိုလားတဲ့ ရဲဘော်တွေကလည်း ကျနော်တို့နဲ့ ပူးပေါင်းလာကြလိမ့်မယ်။ အဲဒီလိုမျိုး ယုံကြည်တာကိုး။ အဲဒါကြောင့် အဲဒါကို တော်တော် အလေးအနက် သဘောထားတာပေါ့ဗျာ။” ဟု စစ်ဆင်ရေးဥက္ကဋ္ဌ ဖြစ်သူ ကိုမင်းဟန်က ဆိုသည်။

သူက ဆက်ပြီး ယင်းကာလက NCGUB ခေါ် စင်ပြိုင်အစိုးရ ဖွဲ့စည်းရန် အတွက် ပြည်တွင်းရှိ လွှတ်တော်အမတ်များ စီစဉ်နေခြင်းကိုလည်း မသိကြောင်းပြောသည်။ ယနေ့အချိန်တွင်မူ “ပင့်ကူနီ” စစ်ဆင်ရေး ကဲ့သို့သော လုပ်ငန်းမျိုး  မိမိအနေဖြင့် မပြုလုပ်လိုတော့ကြောင်း၊ ထောင်တွင်း နှစ် ၂၀ ကျော်ကျခဲ့သည့်အတွက် တပ်သဘောအရ ပင်စင်စားနေပြီ ဖြစ်သည့်အတွက် ABSDF မှ ပင်စင်ယူလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ခရိုင် ပြောက်ကျား တာဝန်ခံက ခံယူထား သည်။

“ဘယ်လို အချိန်ကာလမျိုးမှာ ပြန်ဖြစ်လာနိုင်သလဲ ဆိုတော့ အေးအေးချမ်းချမ်း ဆွေးနွေးလို့ နေရဲ့သားနဲ့မှ လပြည့်နေ့က လွတ်လာတဲ့ ရှစ်လေးလုံး အုပ်စုတွေပေါ့ဗျာ။ အဲဒါမျိုးတွေ ပြန်ပြီး အဖမ်းခံလိုက်ရပြီဆိုရင်တော့ တမျိုးပေါ့ဗျာ။ အဲဒါဆိုရင်တော့ ဘာမှ ပြောစမရာ မရှိတော့ဘူး။”  ဟု “ပင့်ကူနီ” စစ်ဆင်ရေးဥက္ကဋ္ဌက ဆိုသည်။

လွတ်မြောက်လာချိန်တွင် ငယ်စဉ်ကပင် မျှော်လင့်ခဲ့သည့် ယမုန်နာ စာပေ ပြန်လည် ထူထောင်ရန်နှင့် ဂျာနယ် တစောင် ထုတ်ဝေနိုင်ရေး အတွက် လုပ်ဆောင်သွားမည်ဟု သူက ဆုံးဖြတ်ချက် ချထားသည်။

“ကျနော့်စိတ်ထဲမှာ နိုင်ငံရေးအရ လွတ်လပ်တဲ့ဂျာနယ်တစောင် လုံးဝထုတ်ချင်တာ။ ကျနော် ဒီ Field ထဲကို ဝင်လာရ တဲ့အကြောင်းအရကလည်း အဲဒီစာပေလွတ်လပ်မှု ရှိဖို့ပဲ။ အဲဒါကို ကျနော် သိပ်အဓိကထားတာ၊ တော်တော်လည်းမြတ်နိုးတယ်ပေါ့။” ဟု ကိုမင်းဟန်က ဆိုသည်။

သူကဆက်ပြီး “ဂျာနယ်လစ်တယောက်အနေနဲ့ ဆောင်းပါးရေးသူ၊ ဂျာနယ်ထုတ်ဝေသူ၊ စာရေးဆရာ၊ အဲဒီလိုမျိုး ကျနော်က ရပ်တည်ချင်တာဗျ။ တကယ့် ကျနော့်ရဲ့ ရင်ထဲမှာ ရှိတဲ့ အနာဂတ်ပေါ့ဗျာ။” ဟု ပြောသည်။

Monday, November 7, 2011

မောလ်ဒိုက်-မြန်မာ သန်း ၈၀၀ ရေနံမှောင်ခိုမှု

အိန္ဒိယ သမုဒ္ဒရာကြီးထဲက မောလ်ဒိုက် ကျွန်းနိုင်ငံငယ်လေးရဲ့ အမျိုးသား လုံခြုံရေးကော်တီ အစည်းအ ဝေးခန်းမှာ မေးခွန်းထုတ်၊ စွဲချက်တင်သံတွေ ကျယ်ကျယ်လောင်လောင်နဲ့ အလွန် ပွဲစည်လှပါ တယ်။ လွှတ်တော်အမတ် တဦးကို စစ်ဆေးမှု လုပ်နေတာပါ။
 
‘ဒေါ်လာ သန်း ၈၀၀ ဖိုး တရားမဝင် ရေနံမှောင်ခိုမှု’ လို့ ပြောကြတဲ့ နက်ရှိုင်းရှုတ်ထွေးလှတဲ့ ခြစားမှုကြီးပါပဲ။ ဒီအမှုကြီးက ကြာလှဆို အရင် အာဏာရှင် ဂေယွန်း အစိုးရ လက်ထက်က ဖြစ်ပျက်သွားခဲ့တာပါ။
 
မေးခွန်းအထုတ်ခံနေရတဲ့ ပါလီမန်အမတ် အဗ္ဒူလာ ယာမင်းဟာ မောလ်ဒိုက်ကို နှစ် ၃၀ အုပ်ချုပ်သွားတဲ့ အာဏာ ရှင် ဂေယွန်းရဲ့ ညီဝမ်းကွဲဖြစ်ပြီး နိုင်ငံတော် ကုန်သွယ်ရေးအဖွဲ့ STO မှာ ဥက္ကဋ္ဌလုပ်စဉ်က မြန်မာ စစ်ခေါင်းဆောင်တွေကို ရေနံတရားမဝင် ရောင်းခဲ့တယ်လို့ အစွပ်စွဲခံနေရပါတယ်။ အခုတော့ သူဟာ ဂေယွန်းဖွဲ့ထားတဲ့ PPP ပါတီရဲ့ ပါလီမန်ခေါင်းဆောင်တဦး ဖြစ်နေပါတယ်။
 
ဒီနှစ် ဖေဖော်ဝါရီလက အိန္ဒိယနိုင်ငံထုတ် The Week မဂ္ဂဇင်းပါ မျက်နှာဖုံး ဆောင်းပါးတပုဒ်ကနေ စတင် ဖော်ထုတ် လိုက်လို့ ဒီအမှု ပေါ်လာရတာပါ။ လနဲ့ချီ စုံစမ်းလေ့လာပြီးမှ ဒီအမှုမှာ ယာမင်းဟာ အခရာပဲလို့ ဖော်ထုတ်တင်ပြ လိုက်တဲ့ ဆောင်းပါးရှင် Sumon K. Chakrabarti က ‘အာရှရဲ့ သက်ဆိုးရှည် အာဏာရှင်ကြီး အစစ်ခံရပြီ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးခဲ့တာပါ။
 
လာဘ်စားမှုနဲ့ စွပ်စွဲခံနေရပြီး နေအိမ်အချုပ်ကျခံနေရတဲ့ အတိုက်အခံ ခေါင်းဆောင် အဗ္ဗဒူလာ ယာမင်းအဗ္ဗဒူဂေယွန်းက သူရဲ့အိမ်အပြင်ဘက်မှာ မီဒီယာတွေကို ပြောကြားနေစဉ်။
မောလ်ဒိုက်နဲ့မြန်မာ နှစ်နိုင်ငံဆိုင်ရာ ဒီလျို့ဝှက်ချက်ကြီးဟာ ဟိုးအဝေး စင်္ကာပူနိုင်ငံမှာ နှစ်ကာလရှည်စွာ တိတ်ဆိတ် ကိန်းဝပ်နေခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကျမှ နိုင်ငံတော်စာရင်းစစ်ချုပ်ကြီးက အာဏာရှင်ဟောင်းကြီး
ဂေယွန်းမိသားစုနဲ့ အပေါင်းအပါတွေရဲ့ သိုဝှက်ထားတဲ့ ပိုင်ဆိုင်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ နိုင်ငံတကာ စာရင်းစစ် အဖွဲ့တခု ဖြစ်တဲ့ Grant Thornton LLP ကို တရားဝင် အကူအညီ တောင်းခဲ့ပါတယ်။
 
လပေါင်းများစွာ စုံစမ်းလေ့လာပြီး ရရှိချက်တွေထဲမှာ အာဏာရှင်ဟောင်း ဂေယွန်းတို့ ဆွေမျိုးအုပ်စုကို စွဲချက်
ပြင်းပြင်း တင်လိုက်ရုံတင် မကဘဲ မြန်မာအာဏာရှင်တွေနဲ့ ဘယ်လောက် ကိုင်းနဲ့ ကျွန်းသဖွယ် မှီတွယ်နေကြတယ်ဆိုတာကိုပါ ဖော်ပြထားပါတယ်။
 
ဂေယွန်းနဲ့ သူ့ညီ ယာမင်းတို့ဟာ ၁၉၉၇ ဒီဇင်္ဘာ ၂၀ ကတည်းက မြန်မာ စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီနဲ့ ချိတ်မိ ထားပါတယ်။ ဒါ့အပြင် စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း (အခု အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်၊ ကြံ့ဖွံ့ အမတ်) တို့၊ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ လူယုံ ကမ္ဘောဇဘဏ်ပိုင် ဆရာကျောင်း ခေါ် ဦးအောင်ကိုဝင်းတို့နဲ့လည်း ရင်းနှီးပါတယ်။ ဒါတင်ကသေးလားဆို မြန်မာပြည်ရဲ့ အချမ်းသာဆုံး စာရင်းဝင် (ဘိန်းဘုရင် လော်စစ်ဟန်ရဲ့သား) စတီဖင်လောတို့ မောင်နှံနဲ့ပါ အလွမ်းသင့်ပါကြောင်းလည်းပါရဲ့။
 
“စင်္ကာပူကနေ မောလ်ဒိုက်အတွက်ရယ်ဆိုပြီး ရေနံသင်္ဘောတွေ ထွက်ထွက်လာလိုက်တာ ဒီကို တခါမှ ရောက်မလာ ပါဘူး။ ကျုပ်တို့နိုင်ငံက သေးသေးလေးရယ်။ ရေနံ သုံးတာကလည်း နည်းနည်းပါ။ လက်စသတ်တော့ STO ဟာ OPEC ကနေ ရေနံတွေ အများကြီး ဝယ်ဝယ်ပြီး မြန်မာကို မှောင်ခို ရောင်းတာကိုး” လို့ လျို့ဝှက်စုံစမ်းရေး အစီရင်ခံစာကို ဖတ်ခွင့်ရတဲ့ ဝန်ကြီးတယောက်က တအံ့တသြ ပြောပါတယ်။


ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး

စင်္ကာပူရဲရဲ့ ရာဇဝတ်စုံစမ်းမှုအရ အသေအချာသိထားတာကတော့ “စင်းလုံးငှါး သင်္ဘောကြီးတွေနဲ့ မောလ်ဒိုက် အတွက်ရယ်လို့ ရေနံတွေ သယ်ဆောင်ပြီး လမ်းလွှဲကာ မှောင်ခိုဈေးကွက်မှာ ဧရာမ အမြတ်အစွန်း နဲ့ ရောင်းချနေကြတာ နှစ်ပေါင်း ကြာလှပါပြီ” လို့ ပြောပါတယ်။
 
မောလ်ဒိုက် STO ရဲ့ လက်အောက်ခံ စင်္ကာပူ STO ဟာ ဒီဇယ်နဲ့ဆက်စပ် ကုန်တွေကို မော်လ်ဒိုက်ကိုယ်စား ဝယ်ယူခွင့် ပြုထားခဲ့ရာကနေ ၂၀၀၂ လောက်မှာ မြို့တော်မာလီမှာရှိတဲ့ STO နဲ့ မြန်မာနိုင်ငံ ကိုပါ ရောင်းချခွင့် ရလာခဲ့ပါတယ်။
 
နိုင်ငံတကာက အပိတ်ဆို့ခံထားရတဲ့ မြန်မာအစိုးရဟာ ကိုယ့်ရေနံအပြင် မောလ်ဒိုက်လို နိုင်ငံက ရေနံကိုပါ မှောင်ခို ဝယ်ယူပြီး တခြား အာရှနိုင်ငံတွေကို ပြန်လည် ရောင်းချရတယ်လို့ ဆောင်းပါးရှင်ကရေးထားပါတယ်။
 
မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပေးရတဲ့ MocomTrading Pte Ltd ဆိုတာ မလေးရှား ကော်ပိုရေးရှင်းကြီးတခုဖြစ်တဲ့ Mocom Corporation Sdn Bhd နဲ့ STO စင်္ကာပူတို့က မြန်မာနိုင်ငံကို ရေနံရောင်းဖို့ အတွက် ၂၀၀၄ မှာ ဖက်စပ် တည်ထောင်ထားတာပါ။
 
အဲဒီ Mocom Trading ရဲ့ ဒေါ်လာတသန်းကို မူလမတည်ထားတဲ့ ရှယ်ယာဝင် လေးဦးထဲမှာ မြန်မာနိုင်ငံသား ဦးမြင့်လွင် (ခ) Kamal Bin Rashid ဆိုသူလည်း ပါပါတယ်။ Mocom ဟာ Daewoo တို့၊ Petrocom တို့၊ Hyundai တို့လိုပဲ မြန်မာနိုင်ငံကို တန်ဒါစနစ်နဲ့ ရေနံတင်ပို့ခွင့် ရှိတဲ့အတွက် STO စင်္ကာပူနဲ့ ဖက်စပ်လုပ်ကိုင်ဖို့ စာချုပ် ချုပ်ဆို ခဲ့ပါတယ်။ စာချုပ်အရ မြန်မာနိုင်ငံကို ရေနံတင်ပို့တဲ့ အမြတ်ငွေထဲက ၄ဝ% လောက်ကို STO စင်္ကာပူက ပွဲခ ရပါတယ်။
 
စိတ်ဝင်စားစရာ ကောင်းတာက ဒီပွဲခကို ဦးမြင့်လွင်ရဲ့ ကိုယ်ပိုင် စင်္ကာပူဘဏ် စာအုပ်ထဲကို လွှဲပေးရတာဖြစ်ပြီး ကုမ္ပဏီ လယ်ဂျာထဲမှာတော့ Mocom စင်္ကာပူကို ပေးတယ်လို့ ဖော်ပြထားပါတယ်။
 
နောက်ပြီး ဖက်စပ်လုပ်ကြတဲ့ STO စင်္ကာပူ နဲ့ Mocom တို့ရဲ့ Myanmar Petrochemical Enterprises ကို ပို့တဲ့ ကုန်ပို့လွှာမှာ ပါတဲ့အချက်တွေက အားလုံးဆင်တူနေပေမယ့် ဆီတစည် ဈေးနှုန်းဖော်ပြရာမှာကျ ကွာခြားနေပါ တယ်။ အမှန်တကယ် ရောင်းရငွေနဲ့ ဖော်ပြငွေ ဒေါ်လာ ငါးသန်းခွဲကျော် ကွာခြားနေတာပါ။
 
Mocom ဒါရိုက်တာ တဦးဖြစ်တဲ့ Muneez ရှင်းပြတာက ဒီငွေကို မြန်မာက ချက်လက်မှတ်နဲ့ အလုံးလိုက် ပေးချေတာဖြစ်ပြီး ဒီလိုပေးခြေနိုင်ဖို့အတွက် လုပ်ရတဲ့ဖြစ်စဉ်မှာ မြန်မာအစိုးရနဲ့ အဆက်အသွယ် လုပ်ရပါတယ်လို့ ပြောပါတယ်။
 
“မြန်မာကို ပို့ရတာတွေ အများစုဟာ တတိယ လုပ်ဖော်ကိုင်ဖက် third party ဆီကို ပို့ပေးရလေ့ရှိပါတယ်” လို့လည်း အမည်မဖော်လိုတဲ့ စင်္ကာပူရဲအရာရှိတဦးက ဆိုပါတယ်။
 
ဒီလိုပေးချေတယ်ဆိုတာလည်း မှတ်တမ်းမှတ်ရာ မပြနိုင်သလို ကွာခြားနေတဲ့ ငွေပမာဏဟာ လယ်ဂျာ နှစ်ချုပ် စာရင်းမှာတော့ ဘယ်လိုများ ကိုက်ညီသွားလဲဆိုတာ မရှင်းဘူးလို့ စုံစမ်းရေးအစီရင်ခံစာက ဆိုပါတယ်။


ဦးအောင်သောင်း

Mocom ဒါရိုက်တာတွေ ဖြစ်ကြတဲ့ Muneez, Ashan နဲ့ Sana တို့ကိုတော့ အမျိုးသား လုံခြုံရေးကော်မတီက စစ်ဆေးမေးမြန်းနေတာနှစ်ပါတ်လောက် ကြာပါပြီ။
 
အခု အစစ်ခံနေရတဲ့ ယာမင်းဟာ သူ့အကို ဂေယွန်းလက်ထက်က ကုန်သွယ်ရေး ဝန်ကြီးအဖြစ် နှစ်အတော်ကြာ ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပြီး STO ဥက္ကဋ္ဌလုပ်စဉ်က လက်အောက်ခံ ကုမ္ပဏီတွေရဲ့ လုပ်ငန်း အကောင်အထည်ဖော်တဲ့ အသေးစိတ် စီမံခန့်ခွဲမှုတွေမှာ သူမပါကြောင်း ငြင်းဆိုထားပါတယ်။
 
“ကျနော်တို့ နိုင်ငံတော်ဘဏ္ဍာကို အရင်အာဏာရှင်စနစ်က ဘယ်လောက် ပြောင်သလင်းခါအောင် လုပ်ပစ်ခဲ့တယ် ဆိုတာ ကျနော်တို့မှာ အသေးစိတ် ရှိပါတယ်။ မယုံမရှိနဲ့ အခုအမှုက ရေခဲတောင်ကြီးရဲ့ရေပေါ် ပေါ်နေတဲ့ အစွန်းလေး ရှိသေးတာရယ်” လို့ လက်ရှိသမ္မတရဲ့ တရားဝင် ပြောရေး ဆိုခွင့်ရှိသူ မဒ်ဖူဟဲရ်က အခိုင်အမာ ဆိုပါတယ်။
 
၁၉၇၈ ကစလို့ အမ္ဗဒူဂေယွန်းက တဦးတည်း အာဏာရှင်အဖြစ်နဲ့ အုပ်ချုပ်လာခဲ့ရာကနေ ၂ဝဝ၈ မှာ အခြေခံ ဥပဒေ သစ်နဲ့ သမ္မတရွေးကောက်ပွဲမှာ မိုဟာမဒ်နာရှစ် အရွေးခံရပါတယ်။ ညင်သာစွာ အသွင်ကူးပြောင်းလာတယ်လို့ ဆိုရင်လည်း ရပါတယ်။
 
ဒီအခြေခံဥပဒေ ပုဒ်မ ၉၉ အရ “မည်သူမဆို အဆင့်ခေါ်ခံရပါက ကျမ်းကျိမ်သက်သေထွက်ဆိုရန် သို့မဟုတ် အထောက်အထား စာရွက်စာတမ်း ပြဆိုရန် (ပါလီမန်ရဲ့ အမျိုးသားလုံခြုံရေးကော်မတီ)ရှေ့မှောက် လာရောက် အစစ်ခံရမယ်” လို့ ပါရှိတာကြောင့် အာဏာရှင်ဟောင်းကြီးများ အခုလို အစစ်ခံနေရတာပါ။
 
မောလ်ဒိုက်လို ဟန်းနီးမွန်း ခရီးသွားလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းလောက်သာ လုပ်ကွက်ရှိတဲ့နိုင်ငံမှာ ဒီအမှုဟာ ရေခဲပြင်ပေါ်က အစွန်းထွက်နေတာလေးပဲဆိုရင် ဒီအမှုမှာ ပါဝင် ပတ်သက်နေတဲ့ မြန်မာ အာဏာရှင်ကြီးများရဲ့ တရားမဝင် ငွေရှာမှုတွေကရော ရေအောက်မှာ ဘယ်လောက် ကြီးကြီးမားမား မြုပ်နေဆဲဖြစ်မလဲ။
 
မြန်မာနိုင်ငံမှာ ခြစားမှု၊ လာဘ်စားမှု အကြောင်းပြချက်နဲ့ အရင် နဝတ စစ်ကောင်စီ လက်ထက် ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘတို့မှအစ နအဖ လက်ထက် ဗိုလ်ခင်ညွန့်တို့ စစ်ထောက်လှမ်းရေးအုပ်စုအလယ် အခု ဦးသိန်းစိန် လက်ထက် ဗိုလ်မှူးချုပ်ထွန်းသန်း၊ ဗိုလ်ချုပ်တင်ငွေတို့အဆုံး ဖြုတ်ခဲ့၊ ထုတ်ခဲ့၊ အရေးယူခဲ့တာတွေ ရှိပါတယ်။
သို့သော် ဒီလိုလုပ်တိုင်း ပြည်သူ့ရှေ့မှောက် တရားဥပဒေကြောင်းအရ စစ်ဆေးစီရင် အပစ်ပေးတာတွေ မဟုတ်ခဲ့ ပါဘူး။
 
နောက်ပြီး ဒီလိုအရေးယူခံလိုက်ရသူတွေဟာ သူ့ခေတ်သူ့အခါက တာဝန်ထမ်းဆောင်ဆဲ စစ်ခေါင်းဆောင်တွေဖြစ်တာကြောင့် တကယ်တမ်း ဘာအကြောင်းကြောင့် အရေးယူခံရတယ်ဆိုတဲ့ နောက်ကွယ်က အကြောင်း အချက်တွေလည်း ပြည်သူတွေ သိခွင့်မရခဲ့ပါဘူး။
 
မောလ်ဒိုက်မှာ ဒီမိုကရက်တစ် ပါလီမန်က အာဏာရှင်ဟောင်းတွေရဲ့ တရားမဝင် ငွေရှာမှုကို ဗီဒီယိုမှတ်တမ်း ထဲမှာ တွေ့မြင်လိုက်ရသလို လက်ညှိုးငေါက်ငေါက်ထိုး စွဲချက်တင်နေကြတဲ့ မြင်ကွင်းဟာဖြင့် မြန်မာပြည်နေပြည် တော် လွှတ်တော် အစည်းအဝေးကြီးနဲ့တော့ ကွာချင်တိုင်း ကွာလှပါတယ်။
 
မောလ်ဒိုက် ဒီမိုကရက်ပါတီရဲ့ အဆိုပြုချက်အရ အမျိုးသားလုံခြုံရေးကော်မတီက သြဂုတ်လဆန်းကတည်းက စတင်စစ်ဆေးနေတဲ့ ဒီအမှုကြီးဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် ထည့်သွင်းစဉ်းစားစရာ နမူနာကောင်းတခုတော့ ဖြစ်လာမှာပါပဲ။

Wednesday, November 2, 2011

နောက်ချန် သီးလေးသီး အဖွဲ့သားများ ပြန်ရက်သတ်မှတ်။

ပြည်တော် မပြန်သေးသည့် သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့ဝင်များဖြစ်သည့် လူရွှင်တော် ကြယ်သီး၊ ပန်းသီးနှင့် မင်းသမီး မြစံပယ်ငုံတို့ နိုဝင်ဘာလ ၂၇ ရက်နေ့၌ ပြန်တော်ပြန်မည် ဖြစ်ကြောင်း သိရသည်။

“သံရုံးကို သွားတွေ့လို့ရှိရင်  ရက်တွေဘာတွေ ပြောင်းသွားဖို့တွေ ဖြစ်လာနိုင်လား၊ ဘာလား စိတ်ပူ တယ်လေ။ အဲဒါကြောင့် ကျနော်တို့က ဆုံးဖြတ်ထားတာကတော့ အဲဒါ ဆုံးဖြတ်ထားတယ်။ ပြေတယ်ဆိုရင် ပြန်ဖြစ်မယ်” ဟု လူရွှင်တော် ကြယ်သီးက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲ့ဆောက်မြို့၌ နှုတ်ဆက်ပွဲအနေဖြင့် နောက်ဆုံးကပြမည်ဖြစ်ကာ ယင်းပွဲပြီးပါက သံရုံးသို့ တရားဝင်ဆက်သွယ်သွားမည် ဖြစ်ကာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း မျှော်လင့်နေသည်။

ပြန်ရန်အတွက် စီစဉ်ရခြင်းမှာ အောက်တိုဘာလ ၁၂ ရက်နေ့က ပြန်လည်လွတ်မြောက်လာသည့် ကိုသူရ (ခ) ဇာဂနာ၏ ပြန်လည်ခေါ်ယူမှုကြောင့်ဖြစ်ကာ အနုပညာလုပ်ငန်းများ ဆက်လက်လုပ်ကိုင်သွားမည် ဖြစ်သည်။

“ကိုသူရ ပြန်ခေါ်လို့ပါ။ ကိုသူရ ပြန်လွတ်လာပြီးနောက် လုပ်စရာပွဲတွေ ရှိတယ်လေ။ နောက်တခုက ကိုသူရက သူလုပ်တဲ့ အလုပ်တွေက ကျနော်တို့ထက် ကြီးမားတဲ့ဟာတွေ ရှိမယ်ဗျ။ အဲဒါတွေ ကျနော်တို့ ပါဝင်ပြီးတော့ လုပ်မယ်” ဟု လူရွှင်တော်ကြယ်သီးက ဆိုသည်။

ဇာဂနာမှာ အကျဉ်းထောင်မှ လွတ်မြောက်ပြီးပြီးချင်း နိုင်ငံရေး အကျဉ်းသားများအတွက် ထောင်ဝင်စာတွေ့ ကူညီပေးမှုများ ပြုလုပ်လျက် ရှိသည်။

ပြန်သွားမည် ဆိုပါက အနုပညာ လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်မည် ဖြစ်သော်လည်း လွတ်လပ်ခွင့် ရ၊ မရ ကိုမူ စောင့်ကြည့်ရဦးမည်ဟု ကိုကြယ်သီးက ပြောဆိုသည်။

သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့မှာ လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးနှင့် မင်းသမီး ချောစုမျိုးတို့မှာ စက်တင်ဘာလ ၁၁ ရက်နေ့က မြန်မာပြည်သို့ ပြန်သွားပြီ ဖြစ်သည်။

Sunday, October 30, 2011

အဆောက်အဦးပြိုကျ တဦးသေဆုံး။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် လွတ်လပ်ရေး ရပ်ကွက်အတွင်းရှိနှစ်ထပ်တိုက်တလုံး၏ နောက်ဖေး ဆောင် (၂၉.၁၀.၂၀၁၁)စနေနေ့ ညပိုင်းက ပြိုကျခဲ့ရာ တဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိ သွားသည်။

လေးခန်းတွဲ နှစ်ထပ်တိုက်အဆောက်အဦး၏ ညာဘက်ခြမ်း အပေါ်ထပ် ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုခန်း တွဲဆက်ထားသည့် နောက်ဖေးဆောင် ည ကိုးနာရီခွဲ ဝန်းကျင်အချိန်တွင် ပြိုကျခဲ့ခြင်းကြောင့် မြေညီထပ်တွင်နေထိုင်သည့် အမျိုးသားတဦး သေဆုံးခဲ့ပြီး နေအိမ်အပေါ်ထပ်တွင် နေထိုင်သည့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

၁၉၆၄ ခုနှစ်က ဆောက်လုပ်ထားသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၉၆ လမ်း၊ အိမ်အမှတ် (၂၆) ရှိ အဆိုပါ အဆောက်အဦးကို ရန်ကုန်မြို့တော်စည်ပင်က သက်တမ်းရင့် အန္တရာယ်ရှိ အဆောက်အဦအဖြစ် သတ်မှတ်ထားပြီး လူနေထိုင်ခြင်း မပြုရန် တားမြစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ဦးခေါင်းခွံကြေမွ ဒဏ်ရာဖြင့် သေဆုံးနေသည့် မြေညီထပ်တွင် နေထိုင်သူ ဦးသောင်း (၄၉နှစ်) ၏ ရုပ်အလောင်းကို ည ၁၂ နာရီအချိန်တွင် အဆောက်အဦး အပျက်အစီးပုံများ၏ အောက်မှ တူးဖော်တွေ့ရှိခဲ့သည်။


တိုက်ပြိုကျသည့်နေရာသို့ မီးသတ်ကယ်ဆယ်ရေး၊ ကြက်ခြေနီ များ လာရောက်ခဲ့ကြသည်။ ဓါတ်ပုံ (မဇ္ဈိမ)

Tuesday, October 18, 2011

“ကျင့်တဲ့တရားပဲ အရေးကြီးတယ်” ဟု မင်းကိုနိုင် မွေးနေ့ အမှာစကားပြော။

“လူဆိုတာ ရောက်တဲ့နေရာ အရေးမကြီးဘူး၊ ကျင့်တဲ့ တရားပဲ အရေးကြီးတယ်” ဟူ၍ ကျိုင်းတုံထောင်တွင်း ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသည့် ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က မွေးနေ့ အမှာစကား အဖြစ် ပြောဆိုလိုက်သည်။

အင်္ဂါနေ့တွင် ကျရောက်သည့် အသက် ၄၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အင်းစိန်မြို့နယ် သမိုင်း မြို့မ ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့ရာ ယင်းကဲ့သို့  ထောင်တွင်းမှ အမှာစကားပေး ပို့ ပြော ဆိုခဲ့ခြင်း ဖြစ်သည်။ 

“သူက အမှတ်တရနေနဲ့ ရေးပေးလိုက်တာပေါ့နော်။ ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာက အရေးမကြီးဘူးပေါ့နော်။ ကိုယ့်ရဲ့ကျင့်ကြံမှု၊ ကိုယ့်ရဲ့ နေထိုင်မှု ဒါကို ရည်ညွန်းချင်တယ်လို့ ကျမ ထင်တာပေါ့နော်” ဟု ညီမဖြစ်သူ မမီမီလွင်က မဇ္ဈိမကို ပြောသည်။ 


အကျဉ်းကျနေသည့် မွေးနေ့ရှင် ကိုယ်စား ကိုမင်းကိုနိုင်၏ မိသားစုဝင်များက မွေးနေ့ ဆုတောင်း ရွတ်ဆိုနေသည်ကို သမိုင်းမြို့မကျောင်းတွင် တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ကိုမင်းကိုနိုင်မှာ ၂ဝဝ၇ ခုနှစ် လောင်စာဆီဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုဖြင့် ယင်းနှစ် သြဂုတ်လ ၂၁ ရက်နေ့က ဖမ်းဆီးခံရကာ ထောင်ကျခံနေရခြင်း ဖြစ်ပြီး မကြာသေးခင်က သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့်တွင်လည်း လစ်လျူရှု ခံထားရသူတဦး ဖြစ်သည်။ 

နံနက် ၈ နာရီမှစတင်ခဲ့သည့် မွေးနေ့ပွဲသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင် အပါအဝင် မကြာမီက ပြန်လည် လွတ်မြောက်လာသည့် လူရွှင်တော် ဇာဂနာနှင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးတို့လည်း တက်ရောက်ခဲ့သည်။  ပြင်သစ်၊ ဗြိတိန်၊ အမေရိကန် သံရုံးမှ သံအမတ်များလည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသား ခေါင်းဆောင်များ၊ ရွေးကောက်ပွဲဝင် ပါတီများ၊ မျိုးဆက်သစ်လူငယ်များ စုစုပေါင်း  လူဦးရေ ၂၀၀၀ ခန့် တက်ရောက်ခဲ့သည်။ 

“အမြဲတမ်း ဒီလိုမျိုး မွေးနေ့ရှင် မပါဘဲနဲ့ ကျင်းပနေရတဲ့ မွေးနေ့ပေါင်းများစွာ အတွက်တော့ ကျမတို့စိတ်ထဲမှာ ခံစားမှု ကတော့ ပြောမပြတတ်အောင် ဖြစ်နေရတာပေါ့ရှင်။ လာမယ့်နှစ်မှာတော့ သူနဲ့အတူတူ ကျင်းပချင်တာပေါ့နော်။ ဒါပေမဲ့ နှစ်တိုင်း နှစ်တိုင်းတော့ မျှော်ကြတာပေါ့။ မရှိတော့လဲ မရှိသလို ကျင်းပနေရတာပါပဲရှင်” ဟု မမီမီလွင်က ဆိုသည်။

“ကိုယ်တကိုယ်တည်း အတွက် လုပ်တဲ့ပွဲ မဖြစ်စေချင်ဘူး၊ အားလုံးအတွက် အမှတ်တရ ဖြစ်စေချင်တယ်” ဟုလည်း ကိုမင်းကိုနိုင်က မွေးနေ့စကားလက်ဆောင် ပါးလိုက်သေးကြောင်း သိရသည်။ 

ကိုမင်းကိုနိုင်မှာ ၁၉၈၈ လူထု အရေးတော်ပုံတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ - ဗကသ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရကာ ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် ၁၉၈၉ ခုနှစ် မတ်လအတွင်း ဖမ်းဆီးခံရကာ ၂၀၀၄ ခုနှစ်တွင်ပြန် လည် လွတ်မြောက် လာခဲ့သည်။ 

ယင်းနောက် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ထပ်မံ ထိန်းသိမ်းခံရကာ ၂ဝဝ၇ ခုနှစ် ဇန်နဝါရီ တွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီး လောင်စာဆီဈေးနှုန်း ကျဆင်းရေးလှုပ်ရှားမှုကြောင့် ထပ်မံ အဖမ်းခံ ခဲ့ရခြင်း ဖြစ်သည်။ 

အကျဉ်းကျခံ ကျောင်းသားခေါင်းဆောင်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် မိုးပျံပူပေါင်းနှင့် ချိုးငှက်များလွှတ်ကာ အကျဉ်းသားအားလုံး လွတ်မြောက်လာရေးအတွက် ဆုတောင်းခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ စွယ်စုံအနုပညာရှင် ကိုဇာဂနာနှင့် ၈၈ မျိုးဆက်ကျောင်းသူ မဖြိုးဖြိုးအောင်တို့က အမှတ်တရ စကားများ ပြောကြား ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒပြုကြောင်းနှင့် “အဂတိ လေးပါးကနေ ကင်းလွတ်ပြီးတော့မှ လုပ်ဆောင်ကြမယ်ဆိုရင် အကောင်းဆုံးဖြစ် မယ်”ဟု ပြော ဆိုခဲ့ကြောင်း မွေးနေ့ပွဲ ဖြစ်မြောက်ရေး တာဝန်ခံ ၈၈ မျိုးဆက်ကျောင်းသား ကိုမြတ်သူက ပြောသည်။ 

ယင်းအပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ၏ မိသားစုများက မကြာခင်က လွတ်မြောက်လာပြီး မွေးနေ့ပွဲ တက်ရောက်လာသူ နိုင်ငံရေးအကျဉ်းသား ၁ဝဝ ကျော်ကိုလည်း တယောက်လျှင် ၅,ဝဝဝ နှုန်း ဖြင့် ကူညီပေးခဲ့သည်။ ပွဲတွင် မွေးနေ့ဂုဏ်ပြု တေးသီချင်းသီဆိုခြင်းနှင့် ကဗျာရွတ်ပြိုင်ပွဲများလည်း ထည့်သွင်း ကျင်းပခဲ့သည်။ 

“အကျဉ်းထောင်တွေကို စာကြည့်တိုက် သဘောမျိုး လုပ်ဖို့ အတွက်ပေါ့နော်။ စာအုပ်တိုက် ၄၂ တိုက်ကနေပြီးတော့မှ လှူဒါန်းထားတဲ့ စာအုပ်တွေကို ထောင် ၄၂ ထောင်ကို ခွဲပြီးတော့မှ လှူဒါန်းပေးတဲ့ အစီအစဉ်လဲ ပါတယ်” ဟု ကိုမြတ်သူက ပြောသည်။ ယင်းစာအုပ်များမှာ တန်ဖိုးအားဖြင့် ၂၇ သိန်းကျော်ဖိုး ရှိသည်။ 

မွေးနေ့ပွဲတွင် ကိုမင်းကိုနိုင် ပုံတူ ပန်းချီကား ၂၀ ကျော်ကိုလည်း ပြသခဲ့ပြီး ပွဲပြီးချိန်တွင် ပွဲတက်ရောက် သူများ ယူဆောင်သွားမှုကြောင့် သုံးချပ်သာ ပြန်ရလိုက်သည်ဟု သိရသည်။ 

“အပြန်မှာ အဲဒီပန်ချီကား သုံးချပ်ပဲ ပြန်ရတော့တယ်။ ယူသွားကြတဲ့သူတွေက ကိုမင်းကိုနိုင်ကို ချစ်လို့ပါ ဆိုပြီးတော့ တောင်းယူသွားကြတာ။ ကျနော့်ကိုတော့ မဟုတ်ဘူး။ နီးစပ်ရာ တောင်းယူသွားကြတာပေါ့။ ကျနော် အတော်နှမြော တယ်ဗျာ” ဟု ပန်းချီဆွဲထားသူ ကိုမျိုးရန်နောင်သိန်းက ပြန်ပြောပြသည်။ 

၂ဝဝ၇ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်းခဲ့သည့် ဗကသများ အဖွဲ့ချုပ်မှလည်း မွေးနေ့ပွဲသို့  မွေးနေ့သဝဏ် လွှာ ပေးပို့ခဲ့ကာ “ယနေ့အချိန်ထိ ရှင်သန်လှုပ်ရှားနေသော ဗကသများ အဖွဲ့ချုပ်၏ သမိုင်းတခေ တ်ကို ပြန် လည် ဖွင့်လှစ်ပေးခဲ့သည့် ကိုမင်းကိုနိုင်အား မိမိတို့ ကျောင်း သူ၊ ကျောင်းသားများက လေးလေးနက်နက် ဂုဏ်ပြု ဦးညွတ်ပါသည်” ဟု သဝဏ်လွှာတွင် ပါရှိသည်။ 

အလားတူ မွေးနေ့ အထိမ်းအမှတ်ပွဲများကို ရန်ကုန်တွင် သာမက ကချင်နှင့် ကရင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်း ချောက်နှင့် ရေနံချောင်းမြို့နယ် တို့တွင်လည်း NLD ကွန်ယက် အဖွဲ့ဝင်များက ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။  

“ကျနော်တို့ ကြားတဲ့ သတင်းအရ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှုက သုံးကြိမ် ရှိမယ်ပေါ့။ ပထမဦးဆုံး အကြိမ် လွတ်မြောက်မှုမှာ ကိုမင်းကိုနိုင် ပါမလာဘူး၊ ကိုဇာဂနာတို့ ပါလာတယ်။ ကိုမင်းကိုနိုင် တို့ကိုတော့ နောက်ဆုံးအကြိမ်မှာ ပါလာမယ်လို့ ကျနော်ကြားထားတာ ရှိတယ်။ ဆိုတော့ လွတ်စေချင်တာပေါ့ဗျာ” ဟု ၈၈ မျိုးဆက် ကျောင်းသားတဦး ဖြစ်သူ ကိုမျိုးရန်နောင်သိန်းက ဆိုသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ဒီမိုကရေစီ အင်အားစုများ ကလည်း ကိုမင်းကိုနိုင် မွေးနေ့ အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့် အခွင့်အရေးများ ဆိုင်ရာအဖွဲ့ (WRWAB) ရုံး၌  ပြုလုပ်ရာတွင် သံဃာတော်များအား ဆွမ်းကပ်ခြင်းနှင့် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး အတွက် ဘာသာစုံ ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

ဇာဂနာ Facebook အသုံးပြု။

လူမှုကွန်ယက် အင်တာနက် စာမျက်နှာ ဖြစ်သည့် Facebook တွင် စွယ်စုံရ အနုပညာရှင်ကိုဇာဂနာက  “ဇာဂနာ” အမည်ဖြင့် စာမျက်နှာ ဖွင့်လိုက်ပြီ ဖြစ်သည်။

ယင်း Face Book စာမျက်နှာကို ယခုအပတ် အောက်တိုဘာ ၁၅ ရက်နေ့က စတင် ဖွင့်ခြင်း ဖြစ်ကာ ယခုအချိန်အထိ “မင်းကိုနိုင် မွေးနေ့ဆီသို့ ထွက်သွားပါသည်” နှင့် “ဘားကုတ် (Barcode) ပါ ပါတယ်” နှင့် ဟူ၍ ပို့စ်နှစ်ခုကိုသာ တင်ထားရသေးသည်။ ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့မှု ဓာတ်ပုံကိုလည်း တင်ထားသည်။

ထောင်တွင်း အကျဉ်းကျနေစဉ်အတွင်း Facebook နှင့် ပတ်သက်၍ ရိုက်ကူးထားသည့် Social Network ဇာတ်ကား ကြည့်စဉ်ကပင် စိတ်ဝင်စားခဲ့ကြောင်းနှင့်အသုံးပြုပုံကိုလည်း လေ့လာ မည်ဖြစ်ကြောင်း အောက် တိုဘာလ ၁၅ ရက်နေ့ မဇ္ဈိမနှင့် လူတွေ့ မေးမြန်းခန်းတွင် ကိုဇာဂနာက ပြောဆိုခဲ့သေးသည်။

အောက်တိုဘာလ ၁၈ ရက်နေ့အထိ ကိုဇာဂနာ၏ Facebook စာမျက်နှာတွင် Like လုပ်ထားသူပေါင်း ၇၀၀ ခန့် ရှိနေပြီ ဖြစ်သည်။ Like လုပ်သည် ဆိုသည်မှာ ကိုဇာဂနာ စာမျက်နှာတွင် မည်သည့် အကြောင်းအရာ တင်သည်ဖြစ်စေ အလိုအလျောက် မိမိထံ အကြောင်းကြားစေရန် ပြုလုပ်ခြင်း ဖြစ်သည်။

Monday, October 17, 2011

အိန္ဒိယ-မြန်မာ အပြန်အလှန် ငြင်းချက်ထုတ်။

အိန္ဒိယ ဆန့်ကျင်ရေး သူပုန်များ တည်နေရာအား ဂြိုလ်တုမြေပုံ ပေးပါက တိုက်ပေးနိုင် မည်ဖြစ်ကြောင်း မြန်မာဘက်က ပြောကြားလိုက်သကဲ့သို့ အိန္ဒိယဘက်မှလည်း ကချင်လွတ်မြောက်ရေးတပ် KIA နှင့် အဆက်အဆံ မရှိကြောင်း ပြောဆိုခဲ့သည်။

နှစ်နိုင်ငံ ဆက်ဆံရေး အရှိန်အဟုန် တိုးမြှင့်ရန် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် ဝန်ကြီး ၁၃ ဦးပါ ကိုယ်စား လှယ် အဖွဲ့ လေးရက်ကြာ လာရောက်စဉ် မြန်မာ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒု-ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ Shiv Shanker Menon တို့ နယူးဒေလီမြို့၌ တွေ့ဆုံ ပြောဆိုခဲ့ကြခြင်း ဖြစ်ကြောင်း တနင်္ဂနွေနေ့ထုတ် Hindustan Times သတင်းစာကြီးတွင် ရေးသားထားသည်။

စနေနေ့က အဆုံးသတ်ခဲ့သော ဦးသိန်းစိန် ခရီးစဉ်အတွင်း အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာ တခုဖြစ်သည့်နှစ်နိုင်ငံ နယ်စပ် လုံခြုံရေး ကိစ္စတွင် အပြန်အလှန် စွပ်စွဲချက်များအား အသီးသီး တုန့်ပြန်လိုက်ကြခြင်းလည်း ဖြစ်သည်။
The Red Corridor ver 1
KIA တပ်များသို့ နယူးဒေလီ အစိုးရမှ ရဟတ်ယာဉ်များဖြင့် ရိက္ခာများ ချပေးခဲ့သည် ဟူသော စွပ်စွဲချက်နှင့် အိန္ဒိယ ပိုင် Tirap-Changlang ဒေသတွင်း KIA တပ်များ တပ်စွဲထားသည် ဟူသော မြန်မာဘက်မှ စွပ်စွဲချက်ကို အိန္ဒိယ ဘက်မှ ငြင်းဆို လိုက်သည်။

အောက်တိုဘာလအတွင်း အိန္ဒိယ Naxelite နှင့် PLA သူပုန်များက မြန်မာ့ မြေပိုင်နက်အတွင်း စစ်သင်တန်း စခန်း များ ဖွင့်လှစ်ရန် စီစဉ်ထားရှိပြီး ဖြစ်ကြောင်း မြေပုံများနှင့်တကွ အိန္ဒိယ အထူးရဲတပ်ဖွဲ့က မကြာမီက ဖော်ထုတ် သိရှိ ခဲ့သည်။

မြန်မာဘက်မှ အဆိုပါ သူပုန်များအပေါ် အရေးယူ ဆောင်ရွက်မှုများ ရှိပါကြောင်း အိန္ဒိယဘက်မှ ယုံကြည် လက်ခံ လာရန် ကြိုးစားသော်လည်း အိန္ဒိယဘက်မှမူ အခိုင်အမာ သက်သေပြစေလိုသည်။

သို့သော် မြန်မာနိုင်ငံတွင် ဆည်မြောင်း လုပ်ငန်းများ အပါအဝင် စီမံကိန်း လုပ်ငန်းများစွာ အကောင်အ ထည် ဖော်နိုင် ရန်အတွက် နယူးဒေလီက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးယူခွင့် ပြုလိုက်သည်။

စက်တင်္ဘာ လဆန်းပိုင်းက မြန်မာတပ် စစ်ဆင်ရေး တခုအတွင်း အိန္ဒိယ အာသံသူပုန် ULFA စစ်ဦးစီးချုပ် Paresh Buruah သေနတ် ဒဏ်ရာ ရရှိသွားကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြု ပြောဆိုခဲ့သည်။

သို့သော် အိန္ဒိယ လုံခြုံရေး သတင်းရပ်ကွက်ကမူ မြန်မာစစ်တပ် အနေဖြင့် အိန္ဒိယ သူပုန်များနှင့် စည်းဝါးရိုက် ပူးပေါင်း ကြံစည်မှုများ ရှိနေနိုင်သည်ဟု သံသယရှိနေကြသည်။ မြန်မာတပ် စစ်ဆင်ရေးများ မဝင်နိုင်မီ တရက် အလိုတိုင်း အိန္ဒိယသူပုန်များက ရှောင်တိမ်းသွားနိုင်ကာ ဗလာ စခန်းများအား ပစ်ခတ်နေလေ့ ရှိသည်ဟု ဆိုသည်။
နှစ်နိုင်ငံ လေးလပါတ် အစည်းအဝေးများ မကျင်းမမီ မြန်မာဘက်မှ လုပ်ကြံ စစ်ဆင်ရေးများ ခင်းပြလေ့ ရှိကြောင်း လည်း အဆိုပါ စစ်ဘက်သတင်းရပ်ကွက်က ဆိုသည်။

အိန္ဒိယ အစိုးရ အဆိုအရ မြန်မာပိုင် ဒကာ Taga ဒေသတွင် အိန္ဒိယ အရှေ့မြောက် သူပုန်များဖြစ်ကြသည့် NSCN (K) , PLA နှင့် ULFA စခန်းများ ကီလိုမီတာ ၂၀-၃၀ ကျော် တည်ရှိနေပြီး PLA နှင့် UNLF တို့ မဏိပူရပြည်နယ် မိုးရေးနယ်စပ်တွင် တောင်မြောက် တပ်စွဲထားသည်ဟု ဆိုသည်။

နှစ်နိုင်ငံ တာဝန်ကျ တပ်မှူးများ လစဉ် တွေ့ဆုံလေ့ရှိပြီး တပ်ရင်း တပ်မမှူးများကလည်း သုံးလတ ကြိမ် တွေ့ ဆုံလေ့ ရှိကာ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိများက လည်း ခြောက်လ တကြိမ် တွေ့ ဆုံလေ့ ရှိကြသည်။

အိန္ဒိယအနေနှင့် နယ်စပ်တလျှောက် တပ်မတော်ချင်း ဆက်သွယ်ရေးများ တိုးမြှင့်စေလိုပြီး နှစ်နိုင်ငံ တပ်မကြီးမှူးများ နှစ်နှစ်တကြိမ် တွေ့ဆုံလိုကြောင်း တင်ပြခဲ့သည်။

နှစ်ဖက် နယ်စပ် တလျှောက် ထိရောက်သော ပူးတွဲစစ်ဆင်ရေးများ မြှင့်တင်ရန်အတွက် ယမန်နှစ်က နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လာရောက်ခဲ့စဉ်က ရရှိခဲ့သည့် သဘောတူချက်များ အပေါ်တွင် အခြေခံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဇာဂနာကို တားမြစ်ထားမှုများ ရုပ်သိမ်းရန် PEN တောင်းဆို။

ထောင်မှ လွတ်မြောက်လာသူ ဟာသပညာရှင်လည်းဖြစ် ကဗျာဆရာလည်း ဖြစ်သူ ဇာဂနာအပေါ် အစိုးရမှ တားမြစ် ပိတ်ပင်ထားမှုများအားလုံး ရုပ်သိမ်းပေးရန် နိုင်ငံတကာရှိ စာပေနှင့် သတင်းသမား များ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားသည့် လန်ဒန်အခြေစိုက် PEN International က
တောင်းဆိုလိုက်သည်။

“ဇာဂနာ အပေါ် ချုပ်ချယ်မှုများသည် လူ့အခွင့်အရေး ပုဒ်မ ၁၉ ပါ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ချိုးဖောက်ခြင်း ဖြစ်၍ တားမြစ်မှုများအားလုံး ရုပ်သိမ်းပေးရန် တောင်းဆိုသည်” ဟု လန်ဒန်အခြေစိုက် PEN International ၏ အောက်တိုဘာ ၁၂ ရက်နေ့စွဲပါ ထုတ်ပြန်ချက်က ဆိုသည်။
Zaganar3
ထောင်မှ လွတ်မြောက်လာပြီး ဖုန်းတလုံး ဖြင့်အလုပ်ရှုပ်နေသော ကိုဇာဂနာကို တွေ့ရစဉ် (ဓါတ်ပုံမဇ္ဈိမ)
ဇာဂနာမှာ စစ်အစိုးရ လုပ်ရပ်များကို ထိထိမိမိ သရော်သည့် နိုင်ငံရေး ပြက်လုံးများကြောင့် အနုပညာ လှုပ်ရှားမှုများ ကို ထုတ်လွှင့်၊ ဖော်ပြခြင်း မပြုရန် ပြန်ကြားရေး ဝန်ကြီးဌာနက ၂၀၀၆ ခုနှစ်တွင် တရားဝင် စာထုတ်ကာ ပိတ်ပင်ခဲ့ သည်။ ယင်းအပြင် နာဂစ်မုန်တိုင်း ဒုက္ခသည်များကို ကူညီနေစဉ် ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃၅နှစ် ချခံခဲ့ရသည်။

မြစ်ကြီးနားထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ကိုဇာဂနာက ပြည်တွင်းထုတ် ဂျာနယ်များတွင် မိမိ၏ ဓာတ်ပုံ အား ပြန်လည် ဖော်ပြလာသော်လည်း အနုပညာ ဆက်လုပ်ခွင့် ရ၊ မရနှင့် ပတ်သက်၍ မသိရသေးကြောင်း ပြောဆို သည်။

“ ကျနော့်ပုံကို ဘယ်ဂျာနယ် ဘယ်စာစောင်မှ မထည့်ရဘူး၊ အသံတောင် မသုံးရဘူးဆိုပြီး အမိန့် ထုတ်ထားတယ်။ထောင်က ထွက်လာတဲ့ အခါကျတော့ ကျနော့်ပုံကို ဂျာနယ်တွေမှာ မျက်နှာဖုံးတွေနဲ့ ထွက်လာကော၊ အဲဒါတွေက ပြီးသွားလား၊ မပြီးသေးဘူးလားဆိုတာ ကျနော်မသိဘူး” ဟု ဇာဂနာက မဇ္ဈိမကို ပြောသည်။

ကဗျာဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင် လုပ်ငန်းများတွင် နာမည်ကျော်သည့်  စွယ်စုံရ ဟာသပညာရှင် ဇာဂနာ (ခေါ်) ကိုသူရမှာ အနုပညာ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့် ရ၊ မရ မသိရသေးသော်လည်း လွတ်လာပြီး ရက်ပိုင်းအတွင်း စီးပွားရေး ကြော်ငြာများ ရိုက်ကူး၊ သရုပ်ဆောင်ရန် ကမ်းလှမ်းမှုများ ရှိနေသည်ဟု သိရသည်။

ဇာဂနာ အနေဖြင့် ရုပ်ရှင်၊ ဗီဒီယိုနှင့် စီးပွားရေး ကြော်ငြာများ ရိုက်ကူးပါက  ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်လွှင့်ခွင့်ပေး၊မပေးကိုမူ မသိရသေးကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ပြောသည်။

“ အခုထိတော့ ခွင့်ပြုတယ် ဆိုတာမျိုး ဆက်သွယ် မလာသေးဘူး၊ ရုပ်ရှင် ဆင်ဆာအဖွဲ့ကို တင်တော့မှ ဇာတ်လမ်း စိစစ်ရေးက ပယ်မလား၊ ပိတ်မလား အဲဒါကိုပဲ ကြည့်ပြီးမှပဲ လုပ်ခွင့်ရ၊ မရ သိရမယ်" ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဒုဥက္ကဋ္ဌ တဦးက ဆိုသည်။

ပြန်ကြားဝန်ကြီးဌာနက ရုပ်ရှင်လောကရှိ အနုပညာရှင်များနှင့် ပတ်သက်သည့် အမိန့်ထုတ်ပြန်ချက်များကို ရုပ်ရှင် အစည်းအရုံးမှ တဆင့် ပေးပို့ အကြောင်းကြားလေ့ရှိရာ ဇာဂနာ၏ အနုပညာ အလုပ်များ ခွင့်ပြုရေးမှာ “ဝန်ကြီးပေါ် မူတည်တယ်၊ ပေါ်လစီကိုး” ဟု သူက ဆိုသည်။

မြန်မာ့ရုပ်ရှင် ဆင်ဆာအဖွဲ့ကို  ပြန်ကြားရေး ဝန်ကြီးဌာနမှ အာဏာပိုင်များ ဦးစီးသည့် မြန်မာ့ ရုပ်ရှင်လုပ်ငန်းနှင့် ရုပ်ရှင် အစည်းအရုံးမှ တတ်သိ ပညာရှင်တို့ဖြင့်  ပါဝင် ဖွဲ့စည်းထားပြီး အစိုးရကို ထိခိုက်မည်ဟု ယူဆသည့် စကား လုံးများ (ဒိုင်ယာလော့ခ်)၊ ဇာတ်လမ်း ဇာတ်ကွက်များကို ဖြတ်တောက် ပြင်ဆင်ခိုင်းသလို ဇာတ်ကား ထုတ်ခွင့် မပြုခြင်း၊ အနုပညာရှင်များကို ဇာတ်ကား ရိုက်ခွင့်ပိတ်ပင်ခြင်းများဖြင့် အရေးယူလေ့ရှိသည်။

ဟာသ အနုပညာရှင် ဇာဂနာ အပါအဝင် ပိတ်ပင်ခံထားရသည့် အနုပညာရှင်များမှာ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ကျော်သူ၊ လူရွှင်တော် ဦးပါပါလေး၊ ဦးလူမော်၊ ဦးလူဇော်တို့လည်း ပါဝင်သည်။

“ဗိုလ်ချုပ်ကျော်ဆန်းတို့ ဘယ်လို ဆုံးဖြတ်မလဲ မသိသေးဘူး။ ကိုသူရကိုတော့ ထောင်ထဲ ထည့်ပြီးတော့ အပြစ်ပေး လိုက်တယ်။ ကျနော့်ကို ကျတော့ အပြင်လွှတ်ထားပြီး အနုပညာ လုပ်ခွင့်မပေးဘူး။” ဟု နာရေး ကူညီမှုများ လုပ်ကိုင်နေသည့် ရုပ်ရှင်မင်းသား ကျော်သူက ပြောသည်။

ကျော်သူမှာ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှုတွင် လမ်းလျှောက် ဆန္ဒပြသည့် သံဃာတော်များ အား ဆွမ်းကပ်ရာတွင် ဇာဂနာနှင့်အတူ လှုပ်ရှားခဲ့သူ ဖြစ်သည်။

Sunday, October 16, 2011

တပ်တွင်း အရာရှိနှစ်ဦး ထိုးကြိတ်မှု စစ်ခုံရုံးဖွဲ့စစ်ဆေး ။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံ ( ၁၇) ၌ အရာရှိငယ်နှစ်ဦးက တပ်သား တဦးကို ပြင်းထန်စွာ ကိုယ်ထိလက်ရောက်ကျူးလွန်သည်ဟု စွပ်စွဲထားသည့် အမှုနှင့် ပတ်သက်၍ ပင်မ စစ်လက်နက် ပစ္စည်းတပ် နတ်မောက် (ပပန) မှ ဗိုလ်မှူးချုပ် ဗိုလ်လွင် က ဦးဆောင်ကာ ခုံရုံးဖွဲ့ စစ်ဆေး လျက်ရှိသည်။

မကွေးတိုင်း၊ မြို့သစ်မြို့နယ်အခြေစိုက် ကပစ (၁၇) တွင် တာဝန်ထမ်းဆောင်နေသော ကိုယ်ပိုင်အမှတ် - ကြည်း- ၅၇၄ဝ၃ ဗိုလ်ခင်ဇော်အောင်နှင့် ကိုယ်ပိုင်အမှတ် ကြည်း - ၅၇၃၈၃ ဗိုလ်ဟိန်းဝင်းအောင် တို့က စက်တင်ဘာလ ၁၄ ရက်နေ့က ကိုယ်ပိုင်အမှတ် - ကြည်း ၃၄၃၈၄၁ တပ်သား အောင်ငြိမ်းချမ်းကို ထိုးကြိတ်၊ ကန်ကျောက်ကာ ဝါးစိမ်းတုတ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ တနာရီက ခုံရုံးစတင်ဖွင့်လှစ်ပြီး တရားလိုဖြစ်သူ တပ်သား အောင်ငြိမ်းချမ်းနှင့် မိခင်ဖြစ်သူ ဒေါ်မြင့်ဇူတို့ကို သီးခြားစီစစ်ဆေးခဲ့ကြောင်း ဒေါ်မြင့်ဇူက မဇ္ဈိမကိုပြောသည်။

ခုံရုံးကို အောက်တိုဘာ ၁ဝ ရက်နေ့တွင် ဖွဲ့စည်းကာ နတ်မောက်မြို့နယ် ပင်မ စစ်လက်နက်ပစ္စည်းတပ်မှ ကြည်း - ၁၄၃ဝဝ ဗိုလ်မှူးချုပ် ဗိုလ်လွင် က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ကာ၊ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဋ္ဌာနချုပ် အမှတ် - ၁၈ဝ၉ မှ ဗိုလ်မှူး ကိုကိုနိုင်တို့က အတွင်းရေးမှူး၊ ပင်မစစ်လက်နက်ပစ္စည်းတပ်မှ ဗိုလ်ကြီးမြတ်နိုးက အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။

“အဲဒီအရာရှိ သုံး ဦးက ဘေးမှာ စစ်သား ငါး ယောက်ခြံရံပြီးတော့ ကျမကိုစစ်တယ်။ တိုင်ရင် ထောင်ကျမယ်
ဆိုတာ ခင်ဗျားကို ဘယ်သူပြောသလဲတို့။ တိုင်စာကို ရေးပေးတဲ့လူကို အဓိကထားမေးတယ်။ စာစီပေးတဲ့
လူတို့ ဘယ်ကွန်ပြူတာမှာရိုတ်တာလဲတို့၊ ကပစ (၁၇) ကို မတိုင်ဘဲနဲ့ သမ္မတကို တိုင်တယ်ဆိုတာ အရာရှိ
တွေ နစ်နာတယ်ဆိုတဲ့အကြောင်း၊ စက်ရုံကိုမတိုင်ဘဲ ကျော်တိုင်တယ်တို့ မေးတယ်” ဟု ဒေါ်မြင့်ဇူက မဇ္ဈိမ
ကို ပြောသည်။

“တိုင်တာကတော့ သတင်းစာတွေ၊ ရေဒီယိုတွေ ထဲကကြားတဲ့သိတဲ့အတိုင်း ကြည့်ပြီးတိုင်တယ်။ စာစီတာက
တော့ ကိုယ်ကပြော ပြတာကို နောက်က ကွန်ပြူတာ သမားက စာရိုက်ပေးတယ်လို့ ကျမကပြန်ဖြေခဲ့တယ်”
ဟု သူက ဆက်ပြောသည်။

တရားခံဖြစ်သူ ဗိုလ်ခင်ဇော်အောင် နှင့် ဗိုလ်ဟိန်းဝင်းအောင်တို့ကို စစ်ဆေးခြင်း ရှိမရှိ မသိခဲ့ရ ဟုဆိုသည်။ ဗိုလ်ဟိန်းဝင်းအောင်မှာ လာမည့် နှစ်ဆန်းတွင် တရုတ်နိုင်ငံသို့ ပညာတော်သင် သွားရန် ရွေးချယ် ခံရထားသူ ဖြစ်သည်။

ထိုးကြိတ်ခံရမှုနှင့် ပတ်သက်ပြီး ကပစ (၁၇) မှ အရေးယူပေးလိမ့်မည်အထင်ဖြင့် စောင့်ကြည့်ခဲ့သော်လည်း မဖြစ်လာသဖြင့် မိခင် ဒေါ်မြင့်ဇူ က စက်တင်ဘာ ၂ဝ ရက်နေ့တွင် သမ္မ တဦးသိန်းစိန်အပါအဝင်၊ ကာကွယ်ရေး ဝန်ကြီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် မကွေးတိုင်း ဝန်ကြီးချုပ်တို့အား တိုင်ကြားခဲ့သည်။

စက်တင်ဘာ ၁၄ ရက်နေ့ က တာဝန်ပြီး အနားယူ ရေချိုးနေသည့် အောင်ငြိမ်းချမ်း ကို ဗိုလ်ခင်ဇော်အောင် ကအပြင်မှ ခေါ်သဖြင့် ထွက်တွေ့သည့် အခါတွင် အင်္ကျီ ကြယ်သီးတလုံး ပြုတ်နေပြီး သတိဆွဲရန် မေ့လျော့ခဲ့ခြင်းကြောင့် ဗိုလ်ခင်ဇော်အောင်နှင့် ဗိုလ်ဟိန်းဝင်းအောင်တို့က အချက် (၄ဝ) ထက်မက ထိုးကြိတ် ကန်ကြောက်ပြီး ဝါးစိမ်းဒုတ်ဖြင့်ပါ ရိုက်နှက်ခဲ့ကြောင်း ဒေါ်မြင့်ဇူက ပြောသည်။

ဒါဏ်ရာများပြင်းထန်သဖြင့် တပ်တွင်းဆေးခန်းတွင်ပြသသော်လည်း မသက်သာသဖြင့် တောင်တွင်းကြီးမြို့ မဏိမေခလာ ဆေးခန်းသို့ တပ်အစီအစဉ်ဖြင့် သယ်ဆောင်ကာ သွားရောက် ကုသခဲ့ရသည်။ ယခုအခါ တပ်တွင်းဆေးခန်းတွင် ကုသမှု ခံယူနေရသည်။

မြစ်ဆုံဆည် စီမံကိန်းတွင် တရုတ်ဝန်ထမ်းများ ရှိနေဆဲ ။

မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းထားသည်ဟု သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ပြောကြားခဲ့သော် လည်း စီမံကိန်းတွင် တရုတ်ဝန်ထမ်းများ ဆက်လက်ရှိနေသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက် KDNG က သောကြာနေ့က ထုတ်ပြန်လိုက်သည်။

“အခုထိ သွားလာရေး၊ မြစ်ဆုံတဝိုက်မှာဆိုရင် စစ်တပ်လည်း မရုပ်သေးဘူး။ အလုပ်သမားတွေလည်း ရှိသေးတယ်။ တချို့အလုပ်သမားတွေက မိုးရာသီဖြစ်လို့ သမ္မတ မပြန်ခင် ကတည်းကနေ ပြန်သွားတာ။ ဒါပေမဲ့ သွားရေးလာရေး လုံခြုံရေးကအစ တင်းကြပ်မှုတွေရှိတယ်”ဟု KDNG ၏ ပြောခွင့်ရသူ မအနန်က ပြောသည်။

ဦးသိန်းစိန်က မြစ်ဆုံရေကာတာ စီမံကိန်းကို ပြည်သူ့သဘောထားအတိုင်း မိမိအစိုးရလက်ထက်တွင် ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၃ဝ ရက်နေ့က လွှတ်တော်နှစ်ရပ်လုံးသို့ အကြောင်းကြားခဲ့သည်။

“လတ်တလော ကျမတို့သိရသလောက်ဆိုရင် တံတားဆောက်တာတော့ ရပ်ထားတယ်။ တရုတ်ကုမ္မဏီက မြေယာ လာတိုင်းထွာတဲ့ လူတွေရှိတယ်။ နောက်လမ်းဆောက်နေတာတွေ ရှိသေးတယ်။ နောက်တခုက သူတို့ ပစ္စည်းတွေကို စောင့်ဖို့ ဆိုပြီး ရှိနေတဲ့ အလုပ်သမားတွေလည်း ရှိသေးတယ်”ဟု မအနန်က ပြောသည်။ KDNG အဖွဲ့သည် ၂ဝဝ၄ ခုနှစ်မှစတင်၍ မြစ်ဆုံစီမံကိန်းဆောက်လုပ်မှုကို အစဉ်စောင့်ကြည့်နေသော အဖွဲ့ဖြစ်သည်။

တရုတ်နိုင်ငံသား အလုပ်သမား ဝန်ထမ်းအချို့က ဧရာဝတီမြစ် အနောက်ဘက် ကမ်း မြစ်ဆုံစီ မံကိန်းနေရာ ဂွေဒူကျေးရွာမှ ဝိုင်းမော်မြို့နယ် ဝါးရှောင် ကျေးရွာ၏ မြောက်ဘက်မှ ကံပိုင်တီအထိ လမ်းဖောက်လုပ်မှု ဆက်လက် ရှိနေကြောင်းကို ညွှန်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ လမ်းသည် တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေး ပစ္စည်းများကို သယ်ယူရန် အရေးကြီးသည့် ကားလမ်း ဖြစ်သည်ဟု KDNG က မအားနန်က ပြောသည်။

ထို့ပြင် စီမံကိန်းရပ်ဆိုင်းထားသော်လည်း အမှတ် (၂) သတ္တုဝန်ကြီးဌာနနှင့် ဟာခါဘို သတ္တုတူးဖော်ရေး ကုမ္ပဏီ လီမိတက်တို့က သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးစေသော ရွှေတူးဖော်ရေးနှင့် သစ်ထုတ်လုပ်မှုများ ဆက်လက် ပြုလုပ်ဆောင်နေသဖြင့် ရပ်ဆိုင်းရန် အစိုးရထံ တောင်းဆိုလိုက်သည်။

“ဒေသခံတွေကိုတော့ ခွင့်မပေးဘဲ ဒီကုမ္ပဏီတွေဘဲ မေခ မလိခကြား တြိဂံနယ်မြေထဲမှာ မြစ်အထက်ပိုင်းမှ သစ် ထုတ်လုပ်နေတာတွေ လုပ်နေတာတွေ ရပ်ဖို့ ပြောချင်တယ်။ ညဘက်ပိုင်း တရုတ်တွေ ကားနဲ့ တရုတ်နိုင်ငံဘက် သယ်ဆောင်သွားတယ် ဆိုတာကို ဒေသခံတွေ ပြောပြချက်အရ သိတာပါ။ ကျမတို့ လူတွေက မျက်မြင် သက်သေ ဖြစ်နေတယ်”ဟု မအနန်က ပြောသည်။

သို့သော် မြန်မာကုမ္ပဏီ တခုဖြစ်သော Asia World ကုမဏီမှ လုပ်သားများကတော့ စီမံကိန်းကို ရပ်ဆိုင်းပြီး
ပြန်သွားကြပြီဟု ဒေသခံတဦးက ပြောသည်။

မြစ်ဆုံဆည်စီမံကိန်းနှင့် ကီလိုမီတာ ၅ဝ ခန့်ကွာသောဒေသတွင် ဗဟိုအစိုးရကို လက်နက်ကိုင် တော်လှန်နေ
သော ကချင်လွတ်မြောက်ရေးအဖွဲ့၏ တပ်မဟာ ၁ တပ်ရင်း ၃ ၏ လဖိုင်ဂိတ် တပ်စခန်းတခုရှိသည်။ စီမံကိန်းမှ ကီလိုမီတာ ၄ဝ ခန့် ဝးကွာသော မြစ်ကြီးနားမြို့ရပ်ကွက်အချို့တွင်စစ်တပ်အသုံးပြုရန် ပေါ်တင် ဆင့်ခေါ်မှုများ လုပ်နေသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ငြင်းဆန်ထားသည်။

စီတာပူ၊ တပ်ကုန်း၊ ဒူကထောင် ရပ်ကွက်များမှ တရပ်ကွက်လျှင် လူ ၅ဝ စီ ပေးပို့ရမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်က တောင်းဆိုထားရာ " ဒါပေမဲ့ ကျနော်တို့က တာဝန်မယူနိုင်ဘူး။" ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမသို့ ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်းအနီးတဝိုက်မှ ကျေးရွာသား ဒေသခံများကို မူလ မိမိအိမ် နေအိမ် များသို့ ပြန်လည်နေထိုင်ခွင့်ပေးရန်နှင့် မေခ-မလိခမြစ်အထက်ပိုင်းရှိ ရေကာတာစီမံကိန်းများကိုလည်း ရပ်ဆိုင်းရန် KDNG တောင်းဆို လိုက်သည်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်သည့်အပေါ် ဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမည်ဟု CPI က အတိအလင်းပြောဆိုခဲ့ပြီး ဖြစ်သည်။ အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ၎င်းတို့ ကုမ္ပဏီများ၏ အကျိုးစီးပွားအတွက် ထည့်သွင်းစဉ်းစားပေးရန် ထုတ်ပြန်ခဲ့သေးသည်။