ပြည်တော် မပြန်သေးသည့် သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့ဝင်များဖြစ်သည့် လူရွှင်တော် ကြယ်သီး၊ ပန်းသီးနှင့် မင်းသမီး မြစံပယ်ငုံတို့ နိုဝင်ဘာလ ၂၇ ရက်နေ့၌ ပြန်တော်ပြန်မည် ဖြစ်ကြောင်း သိရသည်။
“သံရုံးကို သွားတွေ့လို့ရှိရင် ရက်တွေဘာတွေ ပြောင်းသွားဖို့တွေ ဖြစ်လာနိုင်လား၊ ဘာလား စိတ်ပူ တယ်လေ။ အဲဒါကြောင့် ကျနော်တို့က ဆုံးဖြတ်ထားတာကတော့ အဲဒါ ဆုံးဖြတ်ထားတယ်။ ပြေတယ်ဆိုရင် ပြန်ဖြစ်မယ်” ဟု လူရွှင်တော် ကြယ်သီးက မဇ္ဈိမကို ပြောသည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲ့ဆောက်မြို့၌ နှုတ်ဆက်ပွဲအနေဖြင့် နောက်ဆုံးကပြမည်ဖြစ်ကာ ယင်းပွဲပြီးပါက သံရုံးသို့ တရားဝင်ဆက်သွယ်သွားမည် ဖြစ်ကာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း မျှော်လင့်နေသည်။
ပြန်ရန်အတွက် စီစဉ်ရခြင်းမှာ အောက်တိုဘာလ ၁၂ ရက်နေ့က ပြန်လည်လွတ်မြောက်လာသည့် ကိုသူရ (ခ) ဇာဂနာ၏ ပြန်လည်ခေါ်ယူမှုကြောင့်ဖြစ်ကာ အနုပညာလုပ်ငန်းများ ဆက်လက်လုပ်ကိုင်သွားမည် ဖြစ်သည်။
“ကိုသူရ ပြန်ခေါ်လို့ပါ။ ကိုသူရ ပြန်လွတ်လာပြီးနောက် လုပ်စရာပွဲတွေ ရှိတယ်လေ။ နောက်တခုက ကိုသူရက သူလုပ်တဲ့ အလုပ်တွေက ကျနော်တို့ထက် ကြီးမားတဲ့ဟာတွေ ရှိမယ်ဗျ။ အဲဒါတွေ ကျနော်တို့ ပါဝင်ပြီးတော့ လုပ်မယ်” ဟု လူရွှင်တော်ကြယ်သီးက ဆိုသည်။
ဇာဂနာမှာ အကျဉ်းထောင်မှ လွတ်မြောက်ပြီးပြီးချင်း နိုင်ငံရေး အကျဉ်းသားများအတွက် ထောင်ဝင်စာတွေ့ ကူညီပေးမှုများ ပြုလုပ်လျက် ရှိသည်။
ပြန်သွားမည် ဆိုပါက အနုပညာ လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်မည် ဖြစ်သော်လည်း လွတ်လပ်ခွင့် ရ၊ မရ ကိုမူ စောင့်ကြည့်ရဦးမည်ဟု ကိုကြယ်သီးက ပြောဆိုသည်။
သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့မှာ လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးနှင့် မင်းသမီး ချောစုမျိုးတို့မှာ စက်တင်ဘာလ ၁၁ ရက်နေ့က မြန်မာပြည်သို့ ပြန်သွားပြီ ဖြစ်သည်။
No comments:
Post a Comment