Wednesday, November 16, 2011

မြန်မာ အနောက်ဘက် နယ်စပ် နတ်မြစ်မှ ရဟန်းတော် တစ်ပါး အလောင်းကို ဆယ်ယူ ရရှိ။

နတ်မြစ်အတွင်းမှ အမည်မသိ ရဟန်းတော် တစ်ပါး၏ အလောင်းတစ်လောင်းကို ဆယ်ယူရရှိပြီး ယခုအခါ အဆိုပါ အလောင်းကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ကော့ဘဇားဆေးရုံသို့ ပို့ဆောင် လိုက်ကြောင်း သတင်း ရရှိသည်။

ကော့ဘဇားမြို့မှ ကိုကျော်ငြိမ်းက " ဆရာတော် အလောင်းက အခု ကော့ဘဇားဆေးရုံကို ရောက်နေပါပြီ။ မြန်မာဘက်က ဆရာတော်လား၊ ဒီဘက်က ဆရာတော်လား ဆိုတာ သည်းကွဲစွာ မသိရသေးဘူး။ အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေတာကို တွေ့ရပါတယ်" ဟု ပြောသည်။

၎င်းပြင် သေဆုံးသူ ဆရာတော်၏ အလောင်းမှာ အနည်းငယ် ပုတ်ပွနေပြီ ဖြစ်ကြောင်း သူက ပြောသည်။

" သေဆုံးနေပေမယ့် သင်္ကန်းတွေပါ ပါလာတဲ့ အတွက် ဆရာတော် တစ်ပါး ဖြစ်တယ်ဆိုတာကို အသေအချာ သိရပါတယ်။ အခု အလောင်းကို ဆေးစစ်ဆေးချက် ယူဖို့ လုပ်နေပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ ဆရာတော် အလောင်းအား ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်း ခေါင်းတုံးဘက် နတ်မြစ်အဖျားတွင် မျောပါနေစဉ် ဒေသခံများက အကြောင်းကြားသဖြင့် ဘင်္ဂလာဒေခ်ျ့ရဲနှင့် နယ်ခြားစောင့်တပ်ဖွဲ့မှ ဆယ်ယူခဲ့ပြီး ကော့ဘဇား ဆေးရုံသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အခုအခါ ဒေသခံ ရခိုင် ဗုဒ္ဓဘာသာများမှ သတင်းမေးမြန်းရန် ဆေးရုံ အနီးတ၀ိုက်တွင် စုရုံး ရောက်ရှိနေကြောင်း သိရသည်။ ဆရာတော် သေဆုံးရခြင်း အကြောင်း အရင်းကို သဲကွဲစွာ မသိရှိရသေးကြောင်း တခြား ရခိုင်လူငယ် တစ်ဦးက ပြောသည်။

No comments:

Post a Comment