အောက်တိုဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်က အိုးအိမ်ဦးစီးဌာနရှေ့မှာ ရှေ့နေ ကိုဖိုးဖြူနဲ့လယ်သမားတွေ ဆန္ဒပြတာကို သက်ဆိုင်ရာက လာရောက်တားမြစ်ပြီးတဲ့နောက် ကိုဖိုးဖြူနဲ့ လယ် သမား ငါးဦးတို့အဖမ်းခံခဲ့ကြရပါတယ်။
အဲ့ဒီနောက် ကိုဖိုးဖြူကို ရန်ကုန်မြို့ပြည်လမ်းပေါ်မှာရှိတဲ့ အရင်လွှတ်တော်အဆောက်အဦထဲက ရန်ကုန်တိုင်း ရဲသတင်းတပ်ဖွဲ့ ရုံးခန်းကိုခေါ်သွားပြီး စစ်ကြောရေးလုပ်ရင်း ရေဆာလို့ရေတောင်းသောက်တဲ့ အချိန်မှာ တိုက်ခဲ့တာဖြစ်တယ်လို့ ကာယကံရှင်ဖြစ်တဲ့ ကိုဖိုးဖြူက ပြောပါတယ်။
“ဖမ်းလာတဲ့အချိန်မှာ မျက်နှာကို အုပ်တယ်၊ အဝတ်နဲ့အုပ်တယ်။ ပြီးတော့ အသက်ရှူပေါက်ပေးထားတယ်၊ ပြီးတဲ့အခါမှာတာ့ အနံ့အရသာ ရှိနေတဲ့ ရေကိုတိုက်တယ်။ ရေဆိုတာ သဘာဝအားဖြင့် အနံ့အရသာ မရှိရဘူး။ ကျနော့်ကို စစ်ကြောရေးပြုလုပ်နေတဲ့ အချိန်မှာတော့ အနံ့လည်း ရှိနေတယ်၊ အရသာ တမျိုးလို့လည်း ခံစားနေရတယ် ပြီးတော့ မူးလာတယ်။ ဒီလို ပြုလုပ်တာကတော့ဖြင့် ရဲတပ်ဖွဲ့ဝင်များ စည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ညီညွတ်ခြင်း မရှိဘူး။ ဒါ တည်ဆဲ ဥပဒေအရဆိုရင် နိုင်ငံတကာ ဥပဒေအရ ပြောမယ်ဆိုရင် ကုလသမဂ္ဂက ချမှတ်ထားတဲ့ အထိန်းသိမ်းခံထားရသူတွေကို အခြေခံထားရှိရမယ့် အဆင့်အတန်း နှုန်းစံတွေနဲ့လည်း ညီညွတ်ခြင်း မရှိပါဘူး။ ဒါ စိတ်ပိုင်းဆိုင်ရာကို နာရီနဲ့အမျှ ကြာအောင် ညှဉ်းပန်းခဲ့ရာ ရောက်တယ်လို့ ကျနော် ပြောချင်ပါတယ်။”
ရေသောက်ပြီးတဲ့နောက် သူခံစားရပုံကိုလည်း ကိုဖိုးဖြူက “သောက်ပြီးပြီးချင်း မသိသာဘူး။ ၁ မိနစ်၊ ၂ မိနစ်အတွင်းမှာ နှလုံးတွေတုန်လာတယ်။ အသက်ရှူရတာ ကျပ်လာတယ်။ အရမ်းမောလာတယ်။ လူကနုံးခွေပြီး အရမ်းစိတ်ကျသွားတယ်။ ဒါမျိုးတွေခံစားရပါတယ်” လို့ပြောပါတယ်။
ဆန္ဒပြတဲ့ လယ်သမားတွေကို ကိုဖိုးဖြူက ခေါင်းဆောင်တယ်ဆိုပြီး ဖမ်းသွားတဲ့မနက်ကတည်းက ညပိုင်းအထိ အဆိုပါနေရာမှာ တနေကုန်စစ်ဆေးပြီး ညကျမှ ဗိုလ်တထောင်ရဲစခန်းကို ပြန်ပို့တယ်လို့ ဆိုပါတယ်။
လယ်သမားတွေကို သူခေါင်းဆောင်တာလည်း မဟုတ်ဘဲ လယ်သမားတွေက သူတို့ရဲ့ လယ်တွေ ပြန်ပေးဖို့ တောင်းဆိုကြတာ ဖြစ်တယ်လို့ကိုဖိုးဖြူက ပြောပါတယ်။
ဗိုလ်တထောင်ရဲစခန်းမှာတော့ စခန်းမှူးအပါအဝင် သက်ဆိုင်ရာရဲတွေက မိသားစုလို ဆက်ဆံတယ်လို့ သိရပါတယ်။
ကိုဖိုးဖြူပါ လယ်သမားခြောက်ဦးကို ပြစ်မှုဥပဒေ ပုဒ်မ၁၄၃ တရားမဝင်လူစုလူဝေးမှာပါဝင်မှုနဲ့ပုဒ်မ၁၄၅ တရားမဝင်လူစုလူဝေးကို ဖြိုခွဲတဲ့အခါဖီဆန်တယ်ဆိုတဲ့အမှု စတဲ့ နှစ်မှုနဲ့ ဗိုလ်တထောင်တရားရုံးက တရားစွဲဆိုထားပြီး စနေနေ့က အာမခံနဲ့ ပြန်လွှတ်ပေးထားတယ်လို့ သိရပါတယ်။
လာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့ ရုံးချိန်းရှိပြီး အစိုးရသစ်လက်ထက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပထမဆုံးအကြိမ် တရားစွဲဆိုတာလည်း ဖြစ်ပါတယ်။
No comments:
Post a Comment