အခရာကျသော မြန်မာအတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် အမျိုးသားနိုင်ငံရေးတွင် ပြန်လည်ပါဝင်နိုင်စေမည့် ဥပဒေပြင်ဆင်ချက်တစ်ရပ်ကို သမ္မတဦးသိန်းစိန်က အတည်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း မီဒီယာ သတင်းပေးပို့ချက်များအရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲတွင် NLD ဝင်ရောက်ယှဉ်ပြိုင်မှုပြုနိုင်အောင် တားဆီးထားသည့် ဥပဒေ အပိုဒ်ငယ်တစ်ခုကို ဖယ်ရှား ပေးသည့် ပြင်ဆင်ချက်အား သမ္မတကြီးက အတည်ပြုပေးခြင်း ဖြစ်သည်။ ဖယ်ရှားလိုက်သော အဆိုပါ ဥပဒေအပိုဒ်ငယ်အရ ဖမ်းဆီးအကျဉ်းချ ခံထားရသူများအနေဖြင့် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများတွင် ပါတီဝင်ဖြစ်ခွင့် မရှိပေ။ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ ပြီးခဲ့သည့် ရွေးကောက်ပွဲကာလအတွင်း နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရပြီး ရွေးကောက်ပွဲကျင်းပပြီး မကြာမီရက်ပိုင်းတွင် လွတ်မြောက် ခဲ့သည်။
သို့အတွက်ကြောင့် NLD ပါတီက ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ခြင်း မပြုတော့ဘဲ ရွေးကောက်ပွဲကိုသာ သပိတ်မှောက်ခဲ့သည်။ ယင်းရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) က အနိုင်ရရှိခဲ့သည်။
NLD သတင်းရင်းမြစ်များအဆိုအရ ပါတီအနေဖြင့် တရားဝင်ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်သင့်၊ မသင့်ကိစ္စကို မကြာမီ ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ ယခုနှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၁၂ ခုနှစ်ဆန်းပိုင်းကာလတွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အလားအလာ ရှိကြောင်း သိရသည်။
နှစ်ပေါင်း ၂၁ နှစ်တာကာလတွင် ၁၅ နှစ်တာကြာမျှ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ယင်း ကြားဖြတ် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားမည်ဟူသည့်သဘောမျိုးကို အရိပ်အမြွက် ပြောဆိုထားသည်။ အဆိုပါ ပါတီရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်သတ်မှတ်ခြင်းသည် ကုလသမဂ္ဂ အထူးသံတမန် ဗီဂျေနမ်ဘီးယား မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့်ခရီးစဉ်အတွက် ဦးစားပေး သဘောဖြင့် လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။
"ဒီလိုအနေအထားမျိုးမှာ ဒီလိုကိစ္စမျိုးထွက်ပေါ်လာတာဟာ မြန်မာနိုင်ငံရဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ရပ်တည်ချက်အတွက် အင်မတန် အရေးကြီးတဲ့ ကိစ္စပါ။ ဒီလို အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်ထိန်းသိမ်းထားဖို့လည်း အရေးကြီးပါတယ်" ဟု မြန်မာနိုင်ငံသို့ ငါးရက်တာမျှ လာရောက်ခဲ့သူ မစ္စတာ ဗီဂျေနမ်ဘီးယားက ပြောကြားသည်။
သမ္မတဦးသိန်းစိန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ပြန်လည်သင့်မြတ်မှုများ ရရှိအောင် လုပ်ဆောင်မှုများကိုလည်း ၎င်းက အားပေး အားမြှောက်ပြုသလို ရာစုနှစ်ဝက်မျှ စစ်အုပ်ချုပ်ရေး လက်အောက်သို့ ရောက်ရှိခဲ့သော မြန်မာနိုင်ငံတွင်း သက်ဆိုင်သူအားလုံးပါဝင်နိုင်မည့် နိုင်ငံရေးဖြစ်စဉ် တစ်ရပ် ပေါ်ထွန်းလာရေးအတွက် နောက်ထပ်ကနဦး လုပ်ဆောင်ချက်များ လုပ်ကိုင်သွားရန်လည်း တိုက်တွန်းပြောဆိုသည်။
မြန်မာနိုင်ငံ အစိုးရသစ်သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ခန့်ကို လွှတ်ပေးခဲ့သည်။ သို့သော် နိုင်ငံရေး အကျဉ်းသား ၁၉၀၀ ခန့်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲပင် ဖြစ်သည်။ (Yangon Chronicle)
(Monster and Critics မှ၊ 5 Nov 2011 ရက်စွဲပါ Myanmar paves way for opposition to rejoin politics ကို ဘာသာ ပြန်ဆိုသည်)
No comments:
Post a Comment