Monday, November 7, 2011

လယ်သမားသူပုန်ထမှု့သမိုင်းကို လူငယ်များ ပြန်ဖော်ထုတ်မည်။

တိမ်မြုပ်လုမတတ်ဖြစ်နေတဲ့ မြန်မာ့သမိုင်းထဲက ဆရာစံဦးဆောင်တဲ့ လယ်သမား သူပုန်ထမှုကို ပြန်လည်ဖော်ထုတ်ဖို့ လူငယ်တွေက စီစဉ်နေကြပါတယ်။
 အင်္ဂလိပ်နယ်ချဲ့တွေကို ရရာလက်နက်နဲ့ တော်လှန်ပြီးနောက် သေဒဏ်ပေးခံခဲ့ရတဲ့ ဆရာစံနဲ့ လယ်သမားသူပုန်တွေအတွက် အောက်မေ့ဖွယ် အခမ်းအနားကို သာယာဝတီမြို့မှာ ပထမဆုံးအကြိမ် ကျင်းပဖို့ စီစဉ်နေတယ်လို့လူငယ်တွေက ပြောပါတယ်။
ဆရာစံနှင့် လယ်သမားသူပုန်တွေ ကွပ်မျက်ခံရတာ နှစ် ၈၀ ပြည့်မြောက်တဲ့ ဒီလ ၂၈ ရက်နေ့မှာ သာယာဝတီမြို့က သီရိမင်္ဂလာဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်လှူပွဲနဲ့အောက်မေ့ဖွယ် အစီအစဉ်တွေ ပြုလုပ်မှာဖြစ်တယ်လို့ပွဲစီစဉ်တဲ့ သာယာဝတီနယ်ခံ ကိုဇော်နိုင်ဦးက ပြောပါတယ်။
“နှစ် ၈၀ မှာ ပထမဆုံးဖြစ်တော့ အဲဒီ သူတို့ရဲ့ မိသားစုတွေပါ လိုက်တွေ့ပြီးတော့ ဖိတ်တာတို့ဘာတို့လုပ်ကြည့်တယ်။ သမိုင်းကို ပြန်မေးကြည့်တဲ့အခါမှာ သမိုင်းမှာမပါတဲ့ အထောက်အထားတွေ အများကြီးတွေ့လာရတယ်။ ဒီနေ့မှာပဲ ဆရာစံအမှတ်တရလုပ်ထားတဲ့ အောင်မြေကုန်းဆိုတာရှိတယ်။ သာယာဝတီနဲ့၁၀ မိုင်လောက်အကွာမှာ။ အဲဒီကို သွားလိုက်တဲ့အခါမှာလည်း အဲဒီမှာ စောင့်ရှောက်နေကြတဲ့ သူတို့နဲ့နီးစပ်တဲ့ မိသားစုနဲ့တွေ့တော့ သူတို့လည်း မျက်ရည်ကျပြီးတော့ လာတက်မယ်ဆိုတဲ့အကြောင်း ပြောကြတယ်။ ကျနော်တို့တွေ့ခဲ့တဲ့သူ စာရင်းရှိတဲ့သူကိုပဲ ၄၀၊ ၅၀၊ ၁ဝဝလောက်ရှိတယ်။”
ဆရာစံသူပုန်တပ်ဖွဲ့ဝင်တွေရဲ့ သားသမီးတွေတောင် အခုအချိန်မှာ အသက် ၈၀ ကျော် ကုန်ကြပြီလို့ သိရပါတယ်။ အောက်မေ့ဖွယ်အခမ်းအနား စီစဉ်သူလူငယ်တွေက နယ်ပယ်စုံက လူသိ ထင်ရှားပုဂ္ဂိုလ်တွေကို ဖိတ်ကြားဖို့လည်း စီစဉ်နေကြပါတယ်။
“ဖိတ်ကြားသင့်တဲ့သူတွေကို ဖိတ်ကြားတယ်ဆိုတာ ကိုယ့်သက်ဆိုင်ရာ ပါတီနဲ့ လူမှုရေးအဖွဲ့အစည်း ခေါင်းဆောင်တွေ အကုန်လုံးကို ဖိတ်ကြားမယ်ဆိုပြီး လက်ခံတဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ကို ချတယ်။ အန်အယ်လ်ဒီက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်လို့လာနိုင်ရင်လည်း ကျနော်တို့ ကြိုဆိုပြီးမယ်။ ကြံ့ခိုင်ရေးပါတီက သမ္မတကြီး ဦးသိန်းစိန်ကို ဖိတ်ကြားပေးမယ်ဆိုရင်လည်း ကျနော်တို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမယ်ဆိုပြီး အစည်းအဝေးမှာ ဆုံးဖြတ်တယ်။ နာရေးကူညီမှုအသင်းကလည်း ကိုကျော်သူကိုဖိတ်မယ်။ သီတဂူတို့ဘာတို့ကို ဖိတ်မယ်လို့ပြောတယ်။ ဖိတ်လို့ရရင်လည်း အကောင်းဆုံးဆိုပြီး အစည်းအဝေး ဆုံးဖြတ်ချက်နဲ့လုပ်လိုက်တယ်။”
ဝံသာနုခေတ်နိုင်ငံရေးသမား ဆရာစံဟာ စစ်ကိုင်းတိုင်း ဒီပဲယင်းဇာတိဖြစ်ပြီး ၁၉၃၀ မှာ ဆင်းရဲချို့တဲ့တဲ့ သာယာဝတီနယ်က လယ်သမား သူပုန်တွေကို ဦးဆောင်ပြီး အင်္ဂလိပ် နယ်ချဲ့စနစ်ကို လက်နက်စွဲကိုင်တော်လှန်ခဲ့ပါတယ်
တနှစ်အကြာမှာ သူ့ကို ရှမ်းပြည်နယ်မှာ ဖမ်းမိပြီး တပည့်တပန်းများစွာနဲ့အတူ သေဒဏ်ပေးခံခဲ့ရပါတယ်။ သမိုင်းမှာ ဆရာစံဦးဆောင်တဲ့ လယ်သမား တော်လှန်ရေး ကျဆုံးသွားပေမယ့် နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားစိတ်ဓာတ်ကို နှိုးဆွပေးနိုင်ခဲ့တယ်လို့ သမိုင်းဆရာတွေက ဆိုပါတယ်။
ဆရာစံ။

No comments:

Post a Comment