နှစ်ပေါင်း ငါးဆယ်အတွင်း ထိုင်းနိုင်ငံ၏ အဆိုးဆုံး  ရေကြီးခြင်းကြောင့်  ကျောင်းတက်လျှက်ရှိသည့် မြန်မာကျောင်းသားများ မိခင်နိုင်ငံသို့  ယခုလဆန်းပိုင်းမှစ၍ ပြန်လာကြကြောင်း မြန်မာကျောင်းသူ တစ်ဦးကပြောသည်။ ၎င်း  ကျောင်းသားများမှာ ထိုင်းတက္ကသိုလ်များ၌ စကောလားရှစ် အစီအစဉ်ဖြင့်တက်ရောက်  သင်ယူနေကြသူများ ဖြစ်သည်ဟု သိရသည်။
ပထုံဌာနီရှိ Ransit  တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ယင်းကျောင်းသူက “ကျွန်မတို့ ပြန်လာတာ  ပထမဆုံး အသုတ်ပဲထင်တယ် Air Asia နဲ့ ၁၂ယောက် ပါလာတယ် ။ နောက်  မြန်မာကျောင်းသား အယောက်သုံးလေးဆယ်လောက် ပြန်လာဖို့ ရှိတယ် ” ဟု၎င်းက ဆိုသည်။  အများစုကမှာ ထိုင်းတက္ကသိုလ်များတွင် စကောလားရှစ် အစီအစဉ်ဖြင့်  ကျောင်းတက်နေသူမျာြး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
သူမ၏ပြောကြားချက်အရ  လွန်ခဲ့သည့်လ ရက် ၂၀ ကျော်ကတည်းက တက္ကသိုလ်ထဲသို့ ရေ၀င်လာပြီးနောက် ကျောင်းများ ပိတ်ထားလိုက်ရသည် ဟုသိရသည်။
ကျောင်းသားများ  အနေဖြင့် ကျောင်းပိတ်ပြီး  ပြန်မလာမီစပ်ကြား အခြား ရေမရောက်သည့်  နယ်မြေများသို့ ရှောင်နေခဲ့သော်လည်း အများစုမှာ မြန်မာပြည်သို့  ပြန်လာချင်သောကြောင့် ကျောင်းလခနှင့် နေထိုင်စရိတ် ထောက်ပံ့သည့်  အလှူရှင်များကို ပြန်လာခွင့်ရအောင် တောင်းဆိုခဲ့ရသည်ဟု ဆိုသည်။
အလှူရှင်တွေက  အလုပ်သင်အနေနဲ့ ထိုင်းမှာရှိတဲ့ အခြာဒေသတွေကို လွှတ်ချင်တယ်  ကျွန်မတို့ကတော့ မြန်မာပြည်ကို ပြန်ချင်တယ် ဒါနဲ့သူတို့ကို  တောင်းဆိုလိုက်တာ နောက်ဆုံးတော့ ပြန်လာခွင့်ရသွားတယ်။ တချို့ပြန်မလာဘဲ  ချင်းမိုင်ဘက် ရှောင်သွားတဲ့ လူတွေလည်းရှိတယ်” ဟုသူမ က ဖြည့်စွက်  ပြောပြသည်။
ပြန်လာရန်အတွက် လေယာဉ်လက်မှတ်များကိုလည်း အလှူရှင်များကသာ စီစဉ်ပေးသည်ဟုဆိုသည်။
 ဘန်ကောက်မြို့ လမ်းပေါ် တနေရာတွင် ခရီးသွား ဘတ်စကား တစီး (ဓါတ်ပုံ ဘန်ကောက်ပို့စ်)
ပြန်လာမည့်ကျောင်းသားများမှာ  Rangsit  ၊  မဟီဒေါ နှင့် AIT Asia Institute of Technology  တက္ကသိုလ်များတွင်  ပညာသင်ကြားနေသည့် ကျောင်းသားများဖြစ်ပြီး အများစုမှာ  လာမည့်ဒီဇင်ဘာအတွင်း စာသင်နှစ် ကုန်ဆုံးမည့် သူများဖြစ်သည်။  လာမည့်  ဒီဇင်ဘာလတွင် ကျောင်းပြန်ဖွင့်ရန် ကြေညာထားသော်လည်း ယခုစာသင်နှစ်ကို  အတည်ပြုရန် သို့မဟုတ် ဖျက်သိမ်းရန် မသေချာသေးဟု သိရသည်။
လွန်ခဲ့သည့်  လလယ် ကတည်းက နိုင်ငံမြောက်ပိုင်းမှ ဆည်ရေနှင့် တောင်ကျချောင်းရေများ  မြို့တော်ဘန်ကောက်ဆီသို့ အရှိန်ဖြင့် စီးဆင်းလာခဲ့ရာ အယုဒ္ဓယ၊ ပထုံဌာနီ  စသည့် ဒေသများ၌ အကြီး အကျယ် ရေလွှမ်းခဲ့သည်။
ယခု  ရက်ပိုင်းတွင် မြို့တော် ဘန်ကောက်၏ ၅ ပုံ ၁ ပုံမှာ ရေ၀င်ရောက်လျှက်ရှိသည်။  တက္ကသိုလ် ကျောင်းသားများကဲ့သို့ပင်  ဘန်ကောက်ရှိ မြန်မာအလုပ်သမားများလည်း  ၎င်းတို့၏ နေရပ်များသို့ ပြန်လျက်ရှိကြကြောင်း ဘန်ကောက်မြိ့  စားသောက်ဆိုင်တစ်ဆိုင်တွင် လုပ်ကိုင်နေသူ ကိုကျော်ဇေယျာလင်းက ပြောသည်။
ထိုင်းအစိုးရမှ  အရေးပေါ် အခြေအနေ ထုတ်ပြန်ကာ တရားဝင် ရုံးပိတ်ရက် ငါးရက် သတ်မှတ်လိုက်ရသည်။  ဘန်ကောက်တွင် လတ်တလော သောက်သုံးရေနှင့် စားသောက်ကုန်များ ဈေးကြီးနေသည့်  ဒဏ်ကိုခံနေကြရပြီးဘန်ကောက်မြို့တွင်းမှ လူအများကလည်း မြို့  တွင်းသို့ ရေ၀င်လာမည် ဖြစ်သဖြင့် ထိုင်းတောင်ပိုင်းရှိ အပမ်းဖြေ  ကမ်းခြေများသို့ တိမ်းရှောင်သွားကြသည်။ မြို့တွင်းရှိ ကုန်တိုက်များ  စတိုးဆိုင်များတွင်လည်း စားသောက်ကုန်များ၊ ရေများလည်း လုံးဝနီးပါး  ပြတ်တောက်သွားခဲ့ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေး  ဆောင်ရွက်နေသူ ဦးမြတ်ညိုက ပြောသည်။
No comments:
Post a Comment