ထိုင်းနိုင်ငံ၊ ရေကြီးမှုမှာ မြန်မာအလုပ်သမားသိန်းနဲ့ချီ အလုပ်အလုပ်နေကြတဲ့ မဟာချိုင်ဒေသမှာ ရေဘေး ဒုက္ခခံနေကြရပြီး မြန်မာ ဘုန်းကြီးကျောင်းတွေမှာ စခန်းဖွင့် ကူညီနေရတယ်လို့ ရွှေတွံတေးဆရာတော် အရှင်ဝါယမက ဒီဗီဘီကို မိန့်ပါတယ်။

မဟာ ချိုင် ရေး ဘေး သင့် မြန် မာ များ
ရေက (၀၅.၁၁.၂၀၁၁)နေ့မှာပိုတက်လာပြီး နာရီပိုင်းအတွင်း ရေလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။
မြန်မာအလုပ်သမားတွေ လုပ်ကိုင်တဲ့ စက်ရုံတွေပိတ်ထားပြီး နေအိမ် တိုက်ခန်းနဲ့ တန်းလျားတွေ ရေမြုပ်ကုန်တာကြောင့် ကားနဲ့ ကြိုပြီး ဘုန်တော်ကြီးကျောင်းမှာ စခန်းဖွင့်ပေးထားတာလို့ မဟာချိုင်မြို့နယ်၊ ၀တ်ခေါင် မေးဒေးယား ဘုန်းတော်ကြီးကျောင်းက ဆရာတော်အရှင်ဝါယမက မိန့်ပါတယ်။
“မနေ့ကပဲ စခန်းကို ဖွင့်လိုက်တာ။ အလုပ်သမား တရာလောက် ရောက်နေပြီ။ ရေက အကျမရှိဘဲ ဆက်တိုက် တက်လာတဲ့အခါကျတော့ အကုန်လုံး ပြေးရတာပေါ့။ တချို့ အလုပ်ရုံတွေကတော့ နည်းနည်း အဆင်ပြေတယ်။ အလုပ်ရှင်တွေက ထိုင်း အလုပ်သမားတွေကို လစာတွေ ချက်ချင်း ရှင်းပေးလိုက်တယ်။ နေရာတွေ ရွေ့ပေးလိုက်တယ်။ ကန်မောဒီးယားတွေကိုလည်း နေရာတွေ ရွေ့ပေးတယ်။ ဗမာတွေကျတော့ ခနနေဦး စဉ်းစားပေးမယ်ဆိုပြီးတော့ ဒီအတိုင်း ထားတယ်။ ရေက တက်လာတော့ အကုန်လုံး ဒုက္ခရောက်တာပေါ့။ အဲဒီလိုဟာတွေ သတင်းရရင် ချင်ချင်းသွားရတာပေါ့။”
အလုပ်သမားတချို့က စနစ်တကျနဲ့ရေလွတ်ရာကို ထွက်လာနိုင်ကြပေမယ့် အပြင်ပတ်ဝန်းကျင် မသိတဲ့တချို့က နေရာမှာပဲ ထိုင်နေကြပြီး ထွက်မလာတတ်ကြဘူးလို့လည်း ရှင်းပြပါတယ်။
မဟာချိုင်က ရေဘေးသင့် မြန်မာအလုပ်သမားတွေကို သံဃာတော်တွေ၊ မြန်မာတွေကပဲ ၀ိုင်းဝန်းကူညီပေးနေကြရပြီး မြန်မာသံရုံးကလည်း ကူညီပေးဖို့ အကျိုးအကြောင်း ဒီနေ့ လာလျှောက် သွားတယ်လို့ မိန့်ပါတယ်။
“မနက်ဖြန်ကို သံရုံးက လာမယ်ပြောတယ်။ ဒီနေ့ကတော့ သူတို့နဲ့ ဆက်နွယ်နေတဲ့ ထိုင်းအဖွဲ့ပေါ့။ အလှူရှင်တွေပေါ့ လာကြည့်သွားတယ်။ သူတို့ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ အကြောင်းပေါ့။ သံရုံးကလည်း ထိုင်းအစိုးရနဲ့ပေါင်းပြီး သူတို့ စောင်ရှောက်ပေးနေတယ် ပြောတယ်။ ဒီမှာလည်း လိုတာကြည့်ပြီး ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ သူတို့စီစဉ်နေတယ်လို့လည်း လာလျှောက်တယ်။”
အခုလက်ရှိ ဘုန်းတော်ကြီးကျောင်းမှာ ဒုက္ခသည် တထောင်ကျော်ကျော်ထိ လက်သင့်ခံထားနိုင်ပေမယ့် အစားအသောက်နဲ့ ရေကိုတော့ ပြည်တွင်းပြည်ပက မြန်မာတွေအနေနဲ့ ၀ိုင်းဝန်း ဆောင်ရွက်ပေးမှ ရမယ်လို့ မိန့်ကြားသွားပါတယ်။
“အတတ်နိုင်ဆုံး စိတ်ဓာတ်အင်အားရော၊ ငွေကြေးအင်အားရော တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးပါ။ ထောက်ပံ့ပေးကြပါလို့ ပြောချင်ပါတယ်။”
မဟာချိုင်ဒေသက မြန်မာအလုပ်သမားတွေ အနေနဲ့ မဟာချိုင် ကယ်ဆယ်ရေးစခန်း ဖုန်း ၀၈၀-၄၅၈၅-၁၂၈၊ ၀၈၉-၄၁၃၃-၁၇၉၊ ၀၈၉-၆၈၅- ၂၉၆၆၊ ၀၈၄-၆၇၀-၅၇၂၇ တို့ကို ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြသလို၊ ရေဘေးသင့်နေသူတွေကိုလည်း အဲ့ဒီဖုန်းတွေဆက်ပြီး ကူညီပေးနိုင်ကြပါတယ်။
No comments:
Post a Comment