
ဇေကမ္ဘာ  ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ကြီးပွားချမ်းသာလာခြင်းဟာ  စစ်အစိုးရက  သူကောင်းပြုတဲ့ စီမံကိန်းတွေနဲ့ ခေတ်ပျက်သူဌေးဖြစ်ပြီး  ချမ်းသာလာသူ  ဖြစ်ပါတယ်။
နအဖ န၀တ စစ်အစိုးရ အဆက်ဆက် ကျေးဇူးကြောင့် ချမ်းသာလာတဲ့ ဦးခင်ရွှေကို စစ်အစိုးရကလည်း ထိုက်ထိုက်တန်တန် အသုံးချခဲ့ပါတယ်။
၁၉၉၇  ခုနှစ် အမေရိကန်ဆန်ရှင်ခေါ် စီးပွားရေး ပိတ်ဆို့မှုကြောင့်   မြန်မာစစ်အစိုးရ အလူးအလဲ ခံနေရချိန်မှာ အမေရိကန်စီးပွားရေး   ပိတ်ဆို့မှုပြန်ဖွင့်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ   သိက္ခာပြန်တင်နိုင်ရေးအတွက် အမေရိကန် Public Relations ကုမ္ပဏီတွေကို   ဇေကမ္ဘာကုမ္ဗဏီပိုင်ရှင် ဦးခင်ရွှေကတဆင့် ငှားရမ်းခဲ့ပါတယ်။
၁၉၉၀  ပြည့်နှစ်အစောပိုင်းကစပြီး Jafferson Waterman International  ဆိုတဲ့  ကုမ္ပဏီကို တနှစ် အမေရိကန်ဒေါ်လာ ၄ သိန်းနဲ့ စစ်အစိုးရက ငှားပီး   လော်ဘီလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒီနောက်မတော့ Bain &   Associates ကုမ္ပဏီကို တနှစ် ဒေါ်လာ ၂ သိန်းခွဲကျော်ပေးပီး   ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ကတဆင့် ငှားခဲ့ပါတယ်။ ဒါလည်း   မအောင်မြင်ခဲ့ပါဘူး။
ဒီနောက် Atlantic Group ကုမ္ပဏီကို  ဒေါ်လာအမြောက်အများပေးငှားပေမဲ့လဲ  စစ်အစိုးရ သိက္ခာတက်မလာခဲ့ပါဘူး။ ဒိနောက်  ၂၀၀၂ ခုမှာ DCI Group ဆိုတဲ့  အမေရိကန် ကုမ္ဗဏီကို ရှစ်လတွက် ဒေါ်လာ ၃  သိန်းခွဲနဲ့ ငှားခဲ့ပေမဲ့  နောက်ဆုံး ဒီကုမ္ပဏီနဲ့လည်း စစ်အစိုးရ  ခွာပြဲခဲ့ပါတယ်။
ဒီအခြေအနေတွေကိုကြည့်ရင် ဦးခင်ရွှေဟာ စစ်အစိုးရလက်ထက်ကထဲက ဘယ်လောက် အတိုင်အတာထိ အရေးပါနေသလဲ သိသာပါတယ်။
အမေရိကန်  ဆန်ရှင်ပြန်ဖွင့်နိုင်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ  သိက္ခာတက်လာရေး  စီမံကိန်းကို တချိန်က OSS ထောက်လှမ်းရေး  စစ်ဗိုလ်တွေလုပ်ခဲ့တာမို့  ဦးခင်ရွှေဟာ ထောက်လှမ်းရေးအဖွဲ့က လက်ရင်းထား  အားကိုးခံခဲ့ရသူ  လုပ်ငန်းရှင်ကြီး တဦးဆိုလည်း မမှားပါဘူး။  ဒီစီမံကိန်းသာေ အာင်မြင်ခဲ့ရင်  ဦးခင်ရွှေဟာ ဒီထက်ပြိုပီး သူကောင်းပြုခံရမှာ  ဧကန်ဖြစ်ပါတယ်။ ဒါပေမဲ့  ဒီစီမံကိန်းကို အနောက်နိုင်ငံ စာနယ်ဇင်းတွေက  ဖော်ထုတ်ခဲ့တဲ့အတွက်  ဦးခင်ရွှေပါ စစ်အစိုးရနဲ့အတူ ရောပြီး  သိက္ခာကျခဲ့ပါတယ်။
ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က  ဦးခင်ရွှေကို သုံးပြီး အမေရိကန်ကို လိမ်ဖို့  ထောက်လှမ်းရေးအဖွဲ့က  ကြိုးစားခဲ့တာတွေကို အမေရိကန်မှာ နိုင်ငံရေး  ခိုလှုံခွင့်ရသွားတဲ့  ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်ကလည်း ခုထိ  ဖော်ထုတ်ခြင်း  မပြုဘဲ ငြိမ်နေပါတယ်။
ဦးခင်ရွှေ ဒေါက်တာဘွဲ့အတု ဘယ်လိုရသလဲ
စစ်အစိုးရဟာ  တဘက်က ဦးခင်ရွှေကို အသုံးချပီး အမေရိကန် PR ကုမ္ဗဏီတွေနဲ့  သိက္ခာတက်အောင်  ကြိုးစားနေချိန်မှာ တဘက်ကလည်း ဦးခင်ရွှေကို  ဒေါက်တာဘွဲ့တစ်ခု ရအောင်  ဖန်တီးပေးပီး PR ကမ်ပိန်း အရှိန်ရအောင်  ကြိုးစားခဲ့တာဖြစ်တယ်လို့  ဦးခင်ရွှေရတာ ဒေါက်တာဘွဲ့အတုဖြစ်ကြောင်း  ဖော်ထုတ်ခဲ့တဲ့ အမေရိကန်တွေဘက်က  မြင်ပါတယ်။
ဦးခင်ရွှေဟာ စစ်အစိုးရ သိက္ခာတက်ရေးအတွက် Bain &  Associates  ကုမ္ပဏီနဲ့ အလုပ်များနေတုံးမှာ ဦးခင်ရွှေကို  အမေရိကန်နိုင်ငံ  ၀ါရှင်တန်တက္ကသိုလ်က ပေးအပ်တဲ့ Business Administration  ဆိုင်ရာ  ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့  ချီးမြှင့်တဲ့အခမ်းအနားလုပ်တဲ့အကြောင်း  စစ်အစိုးရသတင်းကို ကိုးကားပြီး  အမေရိကန် Washington Post သတင်းစာက  ဖော်ထုတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံက  ကောလိပ် တက္ကသိုလ်တွေကို ပိတ်ထားတာ  တနှစ်ကျော်နေတဲ့အချိန်မှာ  စစ်အစိုးရက ဦးခင်ရွှေသတင်းကို  ထုတ်ပြန်လိုက်လို့ ပြည်ပရောက်  ဒီမိုကရေစီရေး မြန်မာအတိုက်အခံတွေလဲ  အံ့အားတသင့် ဖြစ်ကုန်ပါတယ်။
စစ်အစိုးရ  သတင်းစာတွေအရဆိုရင် ဦးခင်ရွှေကို  ဒေါက်တာဘွဲ့ပေးတဲ့အခမ်းအနားမှာ  အမေရိကန်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ရဲ့  ကမကထနဲ့ ၀ါရှင်တန် တက္ကသိုလ်  ပါမောက္ခ ဒေါက်တာ Carey Rosenthal နဲ့  ၀ါရှင်တန် တက္ကသိုလ် ဂုဏ်ထူးဆောင်  သုတေသန ကော်မီတီ ဥက္ကဌ ဒေါက်တာ Jom Lim  တို့ကနေ ပေးအပ်ခဲ့တာလို့  ဆိုပါတယ်။
တကယ်တော့ ဦးခင်ရွှေဟာ စစ်တပ်ကနေ တပ်ကြပ်ကြီးအဆင့်က   အငြိမ်းစားယူခဲ့သူဖြစ်ပီး အတန်းပညာ အထက်တန်းတောင် မအောင်ခဲ့ဘူးလို့   အမေရိကန် သတင်းစာတွေက ရေးပါတယ်။
မှောင်ခို ဒေါက်တာဘွဲ့အတုဆိုတာ ဖော်ထုတ်နိုင်ပြီ
ဦးခင်ရွှေရဲ့ ဒေါက်တာဘွဲနောက်ကြောင်းကို အမေရိကန် တက်ကြွလှုပ်ရှားသူတွေက စုံစမ်းဖော်ထုတ်ရာမှာ-
၁။  ဦးခင်ရွှေကို ဒေါက်တာဘွဲ့ပေးတဲ့ အမေရိကန်နိုင်ငံ   ၀ါရှင်တန်တက္ကသိုလ်ဆိုတာ အသိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်မဟုတ်ဘဲ   ဟာဝိုင်အီကျွန်းမှာ မှတ်ပုံတင်ထားပီး ပင်ဆယ်ဗေးနီးယားပြည်နယ် Bryn Mawr   မှာ စာတိုက်သေတ္တာနံပတ်တခုနဲ့ ဘွဲ့တွေ ရောင်းစားနေတဲ့ တက္ကသိုလ်အတု   ဖြစ်နေတာ တွေ့ရပါတယ်။ ဒေါက်တာဘွဲ့တခုကို အမေရိကန်ဒေါ်လာ ၃၆၀၀ ကနေ ဒေါ်လာ   ၆၀၀၀ ကြားဈေးနဲ့ မှောင်ခိုရောင်းနေတဲ့ တက္ကသိုလ်အမည်ခံ   မှောင်ခိုလုပ်ငန်းတခုသာ ဖြစ်ပါတယ်။
၂။ ဒါပေမဲ့ ဦးခင်ရွှေကို  မှောင်ခို ဒေါက်တာဘွဲ့အတုရောင်းတဲ့  တကယ်မရှိတဲ့ နာမယ်တူ  ၀ါရှင်တန်တက္ကသိုလ်ရဲ့ သတင်းကြောင့် အမေရိကန်နိုင်ငံ  St. Louis  မှာတကယ်ရှိတဲ့ ၀ါရှင်တန်တက္ကသိုလ်က ကြားကနေ အချောင်  နာမယ်ပျက်သွားပါတယ်။  ဒီမှာတင် အမှန်တကယ် တည်ရှိတဲ့ St. Louis  ၀ါရှင်တန်တက္ကသိုလ်က ဦးခင်ရွှေ  ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရတယ်ဆိုတဲ့  စစ်အစိုးရသတင်းဟာ  မှားယွင်းကြောင်းနဲ့ အထင်လွဲစရာတွေ   ဖြစ်ကုန်ကြောင်းကြေငြာချက်ထုတ်ပြန်ြပီး တရားစွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။
(ပင်ဆယ်ဗေးနီးယား  အခြေစိုက် စီးပွားဖြစ်လုပ်စားနေတဲ့  ၀ါရှင်တန်တက္ကသိုလ်အတုကို St. Louis  ၀ါရှင်တန်တက္ကသိုလ် အစစ်ကနေ ဦးခင်ရွှေကို  ပေးတဲ့ဘွဲ့ကိစ္စနဲ့ ပတ်သက်ပြီး  Federal District တရားရုံးကနေ  တရားစွဲခဲ့ရာမှာ နောက်ဆုံး တရားရုံးပြင်ပမှာ  ကျေအေးခဲ့ပါတယ်။ ဒါပေမဲ့  စာတိုက်ပုံးတစ်လုံးနဲ့ မှောင်ခို ဒေါက်တာဘွဲ့တွေ  ရောင်းစားနေသူတွေအနေနဲ့  တရားရုံးဆုံးဖြတ်ချက်အရ နောက်နောင်  ၀ါရှင်တန်တက္ကသိုလ်အစစ်နဲ့  တခြားအမေရိကန်တက္ကသိုလ်တွေရဲ့ အမည်သုံးပြီ်း  စီးပွားမလုပ်နိုင်အောင်  ဟန့်တားနိုင်ခဲ့ပါတယ်)။
၃။ ဦးခင်ရွှေကို  မှောင်ခိုဒေါက်တာဘွဲအတုပေးတဲ့ အမေရိကန်ပညာရေး  ဖောင်ဒေးရှင်းအဖွဲ့ဆိုတာ  စင်္ကာပူနိုင်ငံမှာသာ အခြေစိုက်တဲ့အဖွဲ့ဖြစ်နေတာ  တွေ့ရပါတယ်။
၎။  စစ်အစိုးရသတင်းစာပါ ဦးခင်ရွှေကို ဒေါက်တာဘွဲ့အတုပေးတဲ့ ၀ါရှင်တန်   တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal ဆိုတာလဲ အမေရိကန်နိုင်ငံ   Philadelphia မှာရှိတဲ့ Drexell တက္ကသိုလ်က ဓါတုဗေဒ ပါမောက္ခဖြစ်နေတာ   တွေ့ရပြီး ဦးခင်ရွှေဘွဲ့ပေးဖို့ သူမြန်မာနိုင်ငံသွားတဲ့စရိတ်ကို   ဦးခင်ရွှေကပဲ စိုက်ထုတ်ကျခံတယ်လို့ သိရပါတယ်။
၅။ တကယ်တော့  ဦးခင်ရွှေရတယ်ဆိုတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဆိုတာ ဘွဲ  ဒီဂရီ  ပေးခွင့်မရှိတဲ့ အဖွဲ့အစည်းတခုက ပေးတဲ့   မှောင်ခိုဒေါက်တာဘွဲ့အတုသာဖြစ်ပီး ဒေါက်တာဘွဲပေးတဲ့ ဖြစ်စဉ်တခုလုံးရဲ့   ကုန်ကျစရိတ်တွေကို ဦးခင်ရွှေကဘဲ အကုန်အကျခံတာ ပေါ်လွင်နေတယ်လို့   ကိုလံဘီယာတက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Tom Lansner ကပြောပါတယ်။
ခုလို  ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့ အတုရအောင် စစ်အစိုးရက  ဘာကြောင့်  လုပ်ပေးရသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက  ဂုဏ်ထူးဆောင်  ဒေါက်တာဘွဲ့တွေပေးတာ မနာလိုတဲ့အတွက် ဖြစ်နိုင်တယ်လို့   ဦးခင်ရွှေရတယ်ဆိုတဲ့ ဒေါက်တာဘွဲ့ နောက်ကြောင်းကို ဖော်ထုတ်သူ အမေရိကန်   တက်ကြွလှုပ်ရှားသူတွေက မှတ်ချက်ချပါတယ်။
နိဂုံး
ဦးခင်ရွှေဟာ  စစ်အစိုးရအကျိုးစီးပွားကို နာမယ်ပျက်ခံ  ဆောင်ကျဉ်းပေးခဲ့သူဖြစ်တဲ့အတွက်  ကနေ့ အမျိုးသားလွှတ်တော်မှာ  ကြံ့ဖွံ့အမတ်အနေနဲ့ နိုင်ငံရေးနယ်ပယ်ထိ  ဦးသိန်းစိန်အစိုးရက  ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အစိုးရ  ဒါမှမဟုတ်  ဦးသိန်းစိန်အစိုးရဟာ ဦးခင်ရွှေနဲ့ အကျိုးတူဖြစ်နေတာမို့  ဒီလို  သိက္ခာမဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျိုးကို အခြေခံဥပဒေ  ၂၀၀၈ အရ  လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းပေးပါရန် (recall)  မဲဆန္ဒရှင်တွေက  စုပေါင်းလက်မှတ်ထိုးပြီး ရွေးကောက်ပွဲကော်မရှင်ထံ   တောင်းဆိုခွင့်ရှိပါတယ်။
ဂျက်ဖရီ ဆန်းမောင် စုဆောင်းတင်ပြသည်။
ဝါရှင်တန်တက္ကသိုလ်မှ ဦးခင်ရွှေအား မည်သည့်အခါကမျှ မည်သည့်ဘွဲ့မျိုး မပေးအပ်ခဲ့ကြောင်း ထုတ်ပြန်လိုက်သည့်စာ
No comments:
Post a Comment