အမျိုးသား လွှတ်တော်အမတ် ဦးခင်ရွှေ၏ မီဒီယာများအပေါ်ပြောကြားမှုကို ကန့်ကွက်ကြောင်း သတင်းစာဆရာ ၂၀၀ ကျော်က စုပေါင်း လက်မှတ်ရေးထိုး၍ ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့လိုက်ကြသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြည်တွင်းမီဒီယာများ၏ ရေးသားဖေါ်ပြချက်များ အပေါ် ဦးခင်ရွှေမှ ပြစ်တင် ပြောဆိုခဲ့သည့်အတွက် သတင်းစာဆရာများမှကန့်ကွက်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါကန့်ကွက်စာကို (၂၅.၁၁.၂၀၁၁)သောကြာနေ့ နေ့လယ်ပိုင်းက ပေးပို့ခဲ့ခြင်း ဖြစ်သည်။
“သတင်းမီဒီယာသမားတွေကို တော်တော်ကြီးကို အရည်အချင်း မရှိဘူး။ အောက်တန်းကျတယ်။ အဲဒီလို ဝေဖန်ပြီးတော့ ရှုတ်ချတဲ့ သဘောဖြစ်တဲ့ အခါကျတော့ ကျနော်တို့က ပြန်ပြီးတော့ ချေပဖို့တော့ လိုတယ်။ ပြန်ရှင်းဖို့တော့ လိုတယ်” ဟု လက်မှတ်ရေးထိုး ကန့်ကွက်ရာတွင် ပါဝင်သည့် ဝါရင့်သတင်းစာဆရာ မောင်ဝံသက မဇ္ဈိမကို ပြော သည်။

သတင်းစာ ရှင်းလင်းပွဲ၌ ပြည်တွင်းမီဒီယာများ၏ လုပ်ရပ်များ အပေါ် ဦးခင်ရွှေမှ ပြစ်တင် ပြောဆိုခဲ့သည့်အတွက် ကန့်ကွက်စာကို ပြည်ထောင်စု လွှတ်တော်နာယက ထံပေးပို့ (ဓါတ်ပုံ မဇ္ဈိမ)
“ပြည်ပမီဒီယာက မကောင်းမြင်တာရေးဖို့က သူ့တာဝန်။ သူ့အလုပ် သူလုပ်တာ။ အဲဒါကို ပြည်တွင်းက သတင်း အဖွဲ့ကပါ လိုက်ပြီးတော့ မကောင်းမြင်ရေးမှ ဂျာနယ် ရောင်းရမယ်ဆိုတဲ့ အိုင်ဒီယာ မျိုးရှိနေရင်တော့ အတွေးတွေ လွဲနေပြီ၊ မှားနေပြီ” ဟု ဦးခင်ရွှေ၏ ပြောဆိုခဲ့မှုကိုလည်း ကန့်ကွက်စာတွင် ကိုးကားဖော်ပြထားသည်။
လက်မှတ်များကို နိုဝင်ဘာလ ၂၂ ရက်နေ့မှ စတင် ကောက်ယူခဲ့ခြင်း ဖြစ်ကာ ရန်ကုန် အခြေစိုက် ဂျာနယ် ၃၉စောင်၊ မဂ္ဂဇင်း ၉ စောင်နှင့် မီဒီယာ အသီးသီးမှ ဝါရင့်သတင်းစာဆရာများ၊ အယ်ဒီတာများနှင့် သတင်းထောက် ၂၂၅ ဦးက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ကန့်ကွက်စာနှင့် အတူ သတင်းစာ ရှင်းလင်းပွဲအတွင်း ဦးခင်ရွှေ၏ ပြောကြားခဲ့မှု အသံဖိုင်အား စီဒီဖြင့် တွဲ၍ ပေးပို့ခဲ့ ကြသည်။ကန့်ကွက်စာ ပေးပို့မှုနှင့် ပတ်သက်၍ ကာယကံရှင်ဖြစ်သူ ဦးခင်ရွှေကို ဖုန်းဖြင့် ဆက်သွယ်ရာတွင် မရခဲ့ပေ။
ဦးခင်ရွှေက သတင်းသမားများအား လူကြီးမင်းဟု ခေါ်ဆိုကာ ဆီဒိုးနားဟိုတယ်သို့ခေါ်၍ ကျွေးမွေးသည့် အပြင် စာအုပ်များပင် ပေးခဲ့သော်လည်း အာဆီယံ-ဂျပန် စီးပွားရေးပွဲသတင်းကိုမူ မီဒီယာများက ဖော်ပြမပေးသည့် အတွက် အပြစ်တင် ပြောဆိုခဲ့သည်။
ဂျပန်မှ လူ ၆၀ ကျော်နှင့် အာဆီယံမှ လူ ၁၀၀ ကျော် ပါဝင်ခဲ့သည့်အတွက် ရေးသားသင့်သည့် ကိစ္စဖြစ်သော်လည်း မရေးသားသည့်အတွက် ပြောဆိုရခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ယခုကဲ့သို့ ကန့်ကွက်ခြင်းမှာ အထက်အာဏာပိုင်များ သိစေရန်သာ ရည်ရွယ်ခြင်းဖြစ်ပြီး တစုံတရာ အရေးယူလိုစေခြင်း မဟုတ်ကြောင်း၊ သတင်းသမား အနေဖြင့် သတင်းအလုပ်ကို လုပ်ကိုင်ခြင်းသာ ဖြစ်၍ အပြန်အလှန် လေးစားမှု ဖြစ်သင့်ကြောင်း သတင်းသမားများက တောင်းဆိုထားသည်။
မိမိတို့အနေဖြင့် အပြုသဘော ဝေဖန်အကြံပြုမှုများကို ကြိုဆိုမည် ဖြစ်သော်လည်း ယခုကဲ့သို့ ကျင့်ဝတ်နှင့် အတတ် ပညာဆိုင်ရာကိုမူ တဦးတည်း အမြင်ဖြင့် လက်လွှတ်စပယ် ပြောဆိုမှုကိုမူ လက်မခံနိုင်ကြောင်း ကန့်ကွက်စာတွင်ဖော်ပြထားသည်။
“သတင်းအရင်းအမြစ်နဲ့ သတင်းမီဒီယာသမားနဲ့ ဆက်ဆံတာ ဒါ အပြန်အလှန် လေးစားသမှုနဲ့ ဆက်ဆံရတာပဲ။ ကျနော်တို့ကလည်း ပေးတာယူ၊ ကျွေးတာ စားပြီးတော့ ရေးခိုင်းတာ ရေးရတဲ့ အလုပ်မျိုးတော့ ဘယ် လုပ်ချင်ကြ ပါ့မလဲ။ အဲဒီလိုလည်း ခံယူချက် မရှိပါဘူး။ သူက အဲဒီလို ခံယူတယ် ထင်ပြီးတော့ ကလေးတွေကို ကျွေးသလို၊ပေးသလို သဘောမျိုး ရှိနေတယ်ဆိုရင်လည်း ဒါ ကျနော်တို့က ပြန်ပြီးတော့ မှန်မှန်ကန်ကန် မြင်အောင် ပြန်ကြိုးစား ရတာပေါ့” ဟု ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ဆိုသည်။
ဝေဖန်သူ အချို့ကတော့ မီဒီယာလောကတွင်း ကျင့်ဝတ်နှင့် မညီသူ တချို့လည်း ရှိနေသည်ဟုဆိုကာ “ မီဒီယာ သမား အချို့က ပေးတာ စားနေတာတွေ ရှိတယ်။ သူတို့ကိုလည်း အရေးယူသင့်တယ်။ ဂျာနယ်တိုက် အချို့မှာရှိတဲ့ ကျင့်ဝတ်မသိတဲ့ သတင်းထောက်တွေကိုပါ ပြောသင့်တယ်” ဟု အယ်ဒီတာတဦးက ပြောသည်။
ကန့်ကွက်မှုများ ထွက်ပေါ်လာပြီးနောက် မီဒီယာကျင့်ဝတ်ဆိုင်ရာ သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲ တခုကို ဒီဇင်ဘာ ၁ ရက်မှစ၍ ၃ ရက်ကြာ ကျင်းပရန် သတင်းသမားများက စီစဉ်နေကြသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်းရှိ သတင်းသမားများဖြင့် ဖွဲ့စည်းထားသည့် Myanmar Journalist Network မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကာ သင်တန်းဆရာအဖြစ် ဦးရဲနိုင်မိုးနှင့် ပြည်တွင်းမီဒီယာများမှ သုံးဦးက လာရောက်ဟောပြောမှာဖြစ်သည်။ တရက်လျှင် သင်တန်းသား ၂၅ ဦးသာ လက်ခံသွားမည်ဟု သိရသည်။

No comments:
Post a Comment