ထိုင်းအလုပ်သမား  ၀န်ကြီးဌာန ဒုဝန်ကြီး ဖဒွန်ချိုင် စစုမ်စပ်နှင့် မြန်မာသံရုံးမှ သံမှူး  ဦးနိုင်ထွန်းတို့ ဦးဆောင်ပြီး ရေဘေးသင့် ရွှေ့ပြောင်း မြန်မာ  အလုပ်သမားများအတွက် ယာယီ နေထိုင်ခွင့် စာရွက်စာတမ်းများကို ကယ်ဆယ်ရေး  စခန်းထဲတွင် လုပ်ပေးနေသည်ဟု သိရသည်။
 ထိုင်းနိုင်ငံ၊  ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ (၁၀၀)ခန့် အကွာတွင် ရှိသော Watrakhing  Phraarramluang ၀တ်ရိတ်ခင် ဘုန်းတော်ကြီးကျောင်း အတွင်း ဖွင့်လှစ်ထားသော  ယာယီကယ်ဆယ်ရေး စခန်းတွင် လာရောက် ခိုလှုံနေသည့် ရေဘေးသင့်   မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲနှင့် လူဝင်မှု ကြီးကြပ်ရေး  (လ၀က) အဖွဲ့များက ဖမ်းဆီးခြင်း မပြုနိုင်ရန် ထိုင်းအလုပ်သမား  ၀န်ကြီးဌာနနှင့် မြန်မာသံရုံးတို့က စီစဉ်ပေးကြခြင်း ဖြစ်သည်။
  မြန်မာသံမှူး ဦးနိုင်ထွန်းက “ရေဘေးကြောင့် ယာယီပတ်စ်ပို့ ပျောက်ဆုံးတာတွေ၊  နေထိုင်ခွင့် စာရွက် စာတမ်းနဲ့ ဘတ်ရှိသူတွေကို ဒီကယ်ဆယ်ရေး စခန်းထဲမှာပဲ  ယာယီပတ်စ်ပို့ လုပ်ပေးမယ်။ တပြိုင်တည်းမှာပဲ ထိုင်းအစိုးရက work permit ပါ  လုပ်ပေးမယ်။ ဘာစာရွက် စာတမ်းမှ မရှိတဲ့ အလုပ်သမားတွေကိုတော့ ယာယီ  ခရီးသွားလာခွင့် လုပ်ပေး ထားတယ်’’ဟု ပြောသည်။
 အဆိုပါ ကယ်ဆယ်ရေး  စခန်းတွင် ထိုင်းနိုင်ငံ အတွင်းရှိ ရေဘေးသင့် နေရာဒေသ ပေါင်းစုံမှ မြန်မာ  အလုပ်သမားပေါင်း (၃၆၄)ယောက် ရှိသည်ဟု သိရသည်။
 ထိုင်းအလုပ်သမား  ဒုဝန်ကြီး ဖဒွန်ချိုင် စစုမ်စပ်က “ဒီစခန်း အထဲကို ဘယ်နေရာကမဆို  လာနိုင်ပါတယ်။ ကောင်းကောင်း မွန်မွန် ကျွေးမွေး စောင့်ရှောက် ထားပါတယ်။  ဆေးခန်းလည်း ဖွင့်လှစ် ထားပါတယ်။ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီးတော့  အလုပ်သမားတွေအတွက် အကောင်းဆုံး ဖြစ်အောင် စီစဉ်ပေးနေပါတယ်”ဟု ပြောသည်။
  စခန်းတွင်း လာရောက် ခိုလှုံနေသည့် မြန်မာ အလုပ်သမားများ ကလည်း   နားခိုနေသည့် ဘုန်းတော်ကြီးကျောင်း  ခြံဝင်းနှင့် ၎င်းရပ်ကွက် အတွင်းရှိ  အနိမ့်ပိုင်း နေရာများတွင်  သဲအိတ်များဖြင့် တမံဆည် ဖို့ခြင်းများကို  နေ့စဉ် လုပ်အားပေးလျှက် ရှိကြသည်။     
 
No comments:
Post a Comment