Thursday, October 13, 2011

တရုတ်နှင့် တင်းမာနေစဉ် မြန်မာနှင့် အိန္ဒိယ ပိုမိုဆက်ဆံရန် ပြင်ဆင်။

မြန်မာသမ္မတဦးသိန်းစိန်သည် သူ၏ ပထမဆုံး အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ဗုဒ္ဓဟူးနေ့တွင် စတင်လိုက်ပြီဖြစ်ရာ ဘီဂျင်းနှင့် နေပြည်တော်အကြား မြောက်ပိုင်းမြစ်ဆုံတမံကိစ္စကြောင့် တင်းမာနေသဖြင့် အိန္ဒိယ- မြန်မာ နိုင်ငံရေး ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပို၍ အရှိန်မြှင့်လိမ့် မည်ဟု မျှော်လင့်ရသည်။

ပြီးခဲ့သောမတ်လက အာဏာရလာခဲ့သည့် သမ္မတဦးသိန်းစိန်သည် လတ်တလော အိန္ဒိယခရီးစဉ်ကို ဗုဒ္ဓဂါယာမှ စတင်လျက်ရှိပြီး ကြာသပတေးနေ့ ညနေ နယူးဒေလီမြေကို မနင်းမှီ ကုသိနာရုံ အပါအဝင် အနီးအနား ဘုရာဖူးနေရာများကို လှည့်လည်ဦးမည်ဖြစ်သည်။
သောကြာနေ့တွင် မြန်မာသမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့အကြားကျင်းပမည့် ဆွေးနွေး ပွဲများတွင် နှစ်နိုင်ငံအကြား စီးပွားရေး၊ စွမ်းအင်နှင့် မဟာဗျူဟာမြောက် သဘောတူညီမှုများ ပိုမိုခိုင်မာရေးကိစ္စကို ဦးစားပေး အဓိကထားကြမည်ဟု ဆိုသည်။ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးကိစ္စများကိုလည်း ဆွေးနွေးရန် စီစဉ်ထားသည်ဟု သိရှိရသည်။
မြန်မာသမ္မတ၏ အိန္ဒိယခရီးစဉ်တွင် သဘောတူညီချက်များစွာကိုလည်း လက်မှတ်ရေးထိုးကြမည် ဟု မျှော်လင့်ရသည်။
ထို့အပြင် အိန္ဒိယအရှေ့မြောက်ဒေသနှင့် မြန်မာနိုင်ငံအကြား ဆက်သွယ်ချိတ်ဆက်မှုကို မြှင့်တင်မည့် အဓိက သယ်ယူပို့ဆောင်ရေး စီမံကိန်းများ ကိုလည်း ဆွေးနွေးကြဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အလွန်ကျယ်ပြန့်သော စိုက်ပျိုးမြေများကို ပိုင်ဆိုင်ထားသည့် အားလျော်စွာ နှစ်နိုင် ငံဆွေးနွေးကြရာတွင် ရေနံနှင့် ဓါတ်ငွေ့ကဏ္ဍ သာမကဘဲ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ကြီးကြီးမားမား ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိုပါ လေ့လာကြလိမ့် မည်။ မြန်မာသမ္မတသည် ရန်ကုန်သို့ မပြန်မီ စနေနေ့ နံနက်တွင် အိန္ဒိယလယ်ယာစိုက်ပျိုးရေး သုတေသနဌာနသို့လည်း သွားရောက်လေ့လာမည်ဟု သိရှိရသည်။

မြန်မာ့တပ်မတော် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သူ သမ္မတ ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေး လက္ခဏာများကို ထင်ရှားစေသော လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ်အရ နိုင်ငံရေးအကျဉ်းသား အတော်များများကို ဗုဒ္ဓဟူးနေ့တွင် လွှတ်ပေးခဲ့ပြီးနောက် အိန္ဒိယသို့ ခြေချခဲ့ခြင်းဖြစ်သည်။

အမှန်စင်စစ် ဦးသိန်းစိန်သည် မတ်လက အာဏာရလာပြီးနောက်ပိုင်း နိုင်ငံတကာနှင့် ပြည်တွင်းကပါ လိုလားမှုနှင့် တစ်ထပ်ထဲကျသည့်ကိစ္စအဖြစ်ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံဆွေးနွေးခြင်း အပါအဝင် အရေးပါသော ဆောင်ရွက်မှု အတော်များများကို ပြုလုပ်ခဲ့သူဖြစ်သည်။
ယခင်က တပ်မတော်အစိုးရဟောင်းနှင့် စစ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ခြင်းသည် စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းလုပ်ကိုင်မှု တိုးတက်ရန် ကြိုးစားခဲ့မှုနှင့် ပတ်သက်၍ အစောပိုင်းက ပြစ်တင်ခံခဲ့ရသော အိန္ဒိယနိုင်ငံအနေဖြင့် ယခုအခါ မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကြောင့် အစီအစဉ်များ ပိုမိုလွယ်ကူ ချောမွေ့လာစေသည်။

မှတ်ချက်။  ။( i News One မှ 12Oct 2011 ရက်စွဲပါ “ Amid China kension,India, Myanmar to expand ties” သတင်းကို ဘာသာပြန်သည်)

No comments:

Post a Comment