အထက်မြန်မာ နိုင်ငံတွင် ဆန်၊ ပဲ၊ ကောက်ပဲသီးနှံနှင့် ချည်ထည်များ  အထူးပြု ရောင်းဝယ် ဖောက်ကားမှုဖြင့် နာမည်ကျော်သည့် ပခုက္ကူမြို့အဝင် ဧရာဝတီ  မြစ်လက်တက် ရွှေတစ်ချောင်း ချောင်းကို ဖြတ်ကျော် တည်ဆောက်ထားပြီး မုံရွာ၊  မန္တလေးမြို့များနှင့် ကုန်သွယ်ရေးတွင် အရေးပါသော  ရွှေတစ်ချောင်း တံတားသည်  ယနေ့ နံနက် ၆ နာရီခန့်က မိုးများ အဆက်မပြတ် ရွာသွန်းနေစဉ် ရေလယ်တိုင် ၃  တိုင် ကျိုးသွားခဲ့ပြီး တံတားအနီး တည်ဆောက်ထားသည့်  ဘုန်းတော်ကြီးကျောင်းနှင့် အိမ်အချို့ ရေတွင်မျောပါကာ လူ ၂၀ ထက်မနည်း  သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူ ပခုက္ကူ ဒေသခံ လုပ်ငန်းရှင် တစ်ဦးက The  Voice Weekly သို့ပြောကြားသည်။ 
ယနေ့ နံနက်လင်းအားကြီး  အချိန်တွင် ဧရာဝတီမြစ် လက်တက် ရွှေတစ်ချောင်း မြစ်ရေ မြင့်တက်လာခဲ့ပြီး  နံနက် ၆ နာရီခန့်တွင် ကမ်းပြိုကာ တံတားအနီးရှိ RC နှစ်ထပ် ဆောက်လုပ်ထားသည့်  ဖျောက်ဆိပ်ပင် ဘုန်းကြီးကျောင်း မျောပါသွားကြောင်းနှင့် အခြား  လူနေအိမ်များလည်း မျောပါခဲ့သောကြောင့် လူ ၂၀ ဦး ထက်မနည်း သေဆုံးသည်ဟု  ယူဆရကြောင်း ၎င်းက The Voice Weekly သို့ ဆက်လက် ပြောကြားသည်။
"  တံတားက နှစ်ပိုင်းပြတ် ပါသွားတာ။ သွားရေးလာရေး ခက်ခဲသွားတာပေါ့။ မန္တလေးကို  သွားချင်ရင်လည်း ဒီတံတားကို ဖြတ်ပြီးမှ သွားရတာလေ။ တံတားဟိုဘက်မှာက  ရုံးတွေ၊ စက်ရုံတွေလည်း ရှိတယ်။ မြို့ပေါ်မှာကတော့ ပုံမှန်ပါပဲ " ဟု  ပခုက္ကူမြို့ ဒေသခံ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးရဲအောင်က ဆိုသည်။
အဆိုပါ  ရွှေတစ်ချောင်း ပခုက္ကူတံတားသည် ပေတစ်ထောင်ခန့် အရှည်ရှိသည့် သံကူ ကွန်ကရစ်  တံတားကြီး တစ်စင်းဖြစ်ပြီး ယင်းတံတား ကျိုးမှုကြောင့် မုံရွာ -  မန္တလေးမြို့များနှင့် ဆက်သွယ် ရောင်းဝယ်နေသည့် ပဲမျိုးစုံနှင့်  ကောက်ပဲသီးနှံ ရောင်းဝယ်မှုမှာ ရပ်ဆိုင်းသွားဖွယ် ရှိကြောင်း  ဒေသခံ လုပ်ငန်းရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။
မုံရွာမြို့တွင်  သလ္လာရပ်ကွက် အတွင်းရှိ တက္ကသိုလ် အပြင်ကျောင်းဆောင်များတွင် ရေဝင်လျက်  ရှိပြီး မုံရွာရဲစခန်းဝင်း အတွင်း၌လည်း ရေသုံးပေခန့် တက်နေကြောင်း၊ ဂန့်ဂေါ  - ကလေး ကားလမ်းတွင်လည်း အနည်းဆုံး တံတား သုံးစင်းခန့် ရေတိုက်စားမှုကြောင့်  ကျိုးသွားသည်ဟု မုံရွာဒေသခံများထံမှ သတင်းများ ရရှိသည်။
အဆိုပါ  တံတားမကျိုးမှီ ပခုက္ကူ ဒေသတဝိုက်တွင် မိုးများ ၃ရက်ခန့် အဆက်မပြတ်  ရွာသွန်းနေပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဝင်ရောက်ခဲ့သည်  မုန်တိုင်းနှင့် ဆက်စပ်၍ စစ်ကိုင်းရွှေဘို ဒေသများတွင်ပါ ရေကြီး  ရေလျှံမှုများ ဖြစ်ပွားနေကြောင်းလည်း ဒေသခံများထံမှ သတင်းများ ရရှိသည်။
မကွေးတိုင်း  ဒေသကြီး ဆင်ဖြူကျွန်းတွင် နေထိုင်သူ ဦးသိန်းအောင်ထံမှ နောက်ဆုံး  ထပ်မံရရှိသော သတင်းများအရ ဆင်ဖြူကျွန်း မြို့ပေါ်တွင် ရပ်ကွက်  ခြောက်ရပ်ကွက်ခန့် ရေမြုပ်နေပြီး ဆင်ဖြူကျွန်းတံတား ချဉ်းကပ်လမ်းမှာ  ကျိုးသွားကြောင်း၊ မန္တလေး၊ ချောက် မြို့နယ်များမှ လာသော ကုန်စည်များ  မြို့တွင်းသို့ မဝင်နိုင် ဖြစ်နေကြောင်း၊ ဆင်ဖြူကျွန်း ဒေသတစ်ဝိုက်  ကျေးရွာအချို့တွင် မြေပြို၍ လူ သုံးလေးဦးခန့် သေဆုံးသည့် သတင်းများ  ထွက်ပေါ်နေသော်လည်း အပျက်အစီး ဆုံးရှုံးမှုကို အတိအကျ မသိသေးကြောင်း  သိရှိရသည်။
No comments:
Post a Comment