Saturday, October 29, 2011

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စတုထ္ထအကြိမ်တွေ့ဆုံမည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် စတုထ္ထအကြိမ်မြောက် အဖြစ် အောက်တိုဘာလ ၃၀ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် တွေ့ဆုံ ဆွေး နွေးကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည် စက်တင်ဘာလ ၃၀ရက်နေ့က တတိယအကြိမ်မြောက် အဖြစ် နောက်ဆုံးတွေ့ဆုံထားခဲ့ပြီး အဆိုပါဆွေးနွေးမှုတွင် နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်း သာခွင့်ပေးရန် စဉ်းစား ဆောင်ရွက်နေသည့် ကိစ္စ၊ ဧရာဝတီ မြစ်ကြောင်း ထိန်းသိမ်းရေးအတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိစ္စ၊ ဥပဒေပြင်ပတွင် လက်နက်ကိုင်ဆောင် ဆန့်ကျင်နေကြသူများကို ဥပဒေဘောင်အတွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ပေးရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့် ကိစ္စများနှင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။

အစိုးရသစ်လက်ထက်၌  ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည်  ၂၀၁၁ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့က ပထမဆုံးတွေ့ဆုံခဲ့ပြီး ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၂ ရက်နှင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ တို့တွင် ထပ်မံတွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။ ယခင်အစိုးရလက်ထက် တွင်မူ ဦးအောင်ကြည်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ (၉)ကြိမ် တွေ့ဆုံထားခဲ့ပါသည်။

ယခုတွေ့ဆုံမှုသည် အောက်တိုဘာလ ၂၄ရက်နေ့က မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့သည့်  အမေရိကန် အထူးကိုယ်စားလှယ် စေ့စပ်ညှိနှိုင်းရေးမှူး ဒဲရက်မစ်ချယ်၏ ဒုတိယခရီးစဉ်အပြီး ရက်သတ္တပတ် အတွင်း တွေ့ဆုံခြင်းဖြစ်ပါသည်။

အချိန်နှစ်လအတွင်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ခဲ့သော ဒဲရက်မစ်ချယ်သည် နေပြည်တော်၌ အစိုးရအဖွဲ့ဝင်များနှင့်လည်းကောင်း၊ ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း သီခြားစီတွေ့ ဆုံထားခဲ့ပါသည်။ ဒဲရက်မစ်ချယ်၏ ဒုတိယခရီးစဉ်အတွင်း ဆွေးနွေးမှုများ ပတ်သက်ပြီး အမေရိကန်အစိုးရမှ သီးခြားသတင်းထုတ်ပြန်ချက် မထုတ်ပြန်ခဲ့သည့်နည်းတူ ဒေါ်အောင်ဆန်းစုကြည် ဘက်မှလည်း ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိကြောင်းသိရပါသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့မှုများ
၁။ ၂၀ဝ၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀ဝ၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀ဝ၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀ဝ၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်
၅။ ၂၀ဝ၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်
၆။ ၂၀ဝ၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀ဝ၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀ဝ၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁၅ ရက်
၁၀။  ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက် (အစိုးရသစ် လက်ထက်)
၁၁။ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၂ ရက်
(အစိုးရသစ် လက်ထက်)
၁၂။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
(အစိုးရသစ် လက်ထက်)

No comments:

Post a Comment